ဦးမျိုး (ဥပဒေ) | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်
နိုင်ငံသားတို့၏ ထင်မြင်ယူဆချက် သဘောထားများကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပြုခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟရေးသား ဖော်ပြနိုင်ခွင့် ရှိသည်။
အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိ ဘဲ၊ လွတ်လပ်စွာ ထင်မြင်နိုင်ခွင့် ပါဝင်သည့်အပြင်
နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ၊ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဖြန့်ချိနိုင်ခွင့်တို့လည်း ပါဝင်ပါသည်။
လူတိုင်း ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့် နှင့် အသင်းအဖွဲ့များ ထူထောင်ဖွဲ့စည်းပိုင်ခွင့် ရှိသည်။ မည်သူ့ကိုမျှ ၎င်း၏ ဆန္ဒ သဘောထား မပါဘဲ၊ အဖွဲ့အစည်း တခုသို့ဝင်စေရန် အတင်းအကျပ် မပြုရ။ |
ခေတ်သမိုင်းအဆက်ဆက်၌ မိမိတို့ ထင်မြင်ယူဆချက် သဘောထား ဆန္ဒများကို ရဲဝံ့ပြတ်သား ပြောင်မြောက်စွာ
ဖော်ထုတ်ခဲ့သည့် အတွေးအခေါ် ပညာရှင် များစွာ ပေါ်ထွန်းခဲ့သည်။ ထိုပုဂ္ဂိုလ်တို့သည် မိမိကိုယ်တိုင် ဆန္ဒကို ဖော်ထုတ်ရုံသာမက ပြည်သူများသို့လည်း မိမိတို့၏ အခြေခံ အခွင့်အရေးများ ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိကြရန် ဆော်သြခဲ့ပေသည်။အချို့ ပညာရှင်များသည် အသက်နှင့်ရင်းပြီး အမှန်တရားအတွက် မိမိဆန္ဒကို ဖော်ထုတ်ခဲ့ကြသည်။ ဤသည်ကို တရားဝင် အသိအမှတ် ပြုကြရပါမည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု အခွင့်အရေး ဆိုရာတွင် လွတ်လပ်စွာ စုဝေးနိုင်ခွင့်နှင့် လွတ်လပ်စွာ အသင်းအပင်းများ ထူထောင်နိုင်ခွင့်ရှိခြင်းများ ပါဝင်ပါသည်။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၏ ပင်မကျောရိုးလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုလျှင် ပြည်သူလူထု၏ လွတ်လပ်သော ဆန္ဒများကို စုဝေးရာ၊ ကြောင်းကျိုးညီညွတ်စွာ စုစည်းနိုင်ခြင်း၏ အမှတ်လက္ခဏာ တရပ်လည်း ဖြစ်ပါသည်။ လူထု၊ လူတန်းစား အဖွဲ့အစည်းများ ရှင်သန်ကြီးထွားရန် ဥပဒေနှင့်ညီသော အခြေခံလိုအပ်ချက်လည်း ဖြစ်ပေသည်။ ဤအခွင့်အရေး အောက်၌ အလုပ်သမား သမဂ္ဂများ၊ လယ်သမား သမဂ္ဂများ၊ ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းများ ထူထောင်နိုင်ခွင့်သည်လည်း အပါအဝင် ဖြစ်သည်။ တကယ်တမ်း ဖွဲ့စည်းရမည်လည်း ဖြစ်သည်။
လွတ်လပ်စွာ အသင်းအဖွဲ့များ ထူထောင်နိုင်ခွင့်နှင့် ပတ်သက်၍ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂ဝ) တွင် ပါရှိသကဲ့သို့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ( ILO) ၏ ပြဋ္ဌာန်းချက်နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စာချုပ် အပိုဒ် (၂၂) တွင်လည်း ပါရှိပြီး ဖြစ်ပါသည်။ နိုင်ငံတခုသည် ဒီမိုကရေစီ စနစ်ကျင့်သုံးလျှင် နိုင်ငံသားတို့အား မိမိဆန္ဒအလျှောက် အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးရမည်ဖြစ်သည်။ ထိုသို့ဖွဲ့စည်းခွင့်ရှိကြောင်း၊ ဖွဲ့စည်းနိုင်ကြောင်းကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ပေးရမည် ဖြစ်ပါသည်။ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိရပါမည်။
ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည်မှာ အာဏာလက်ဝယ် ရှိနေသူများ အပေါ်၌သာ တည်မှီနေခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့တွင် မပါဝင်သူ အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အတိုက်အခံ |
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂ဝ) တွင် "လူတိုင်း ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့် နှင့် အသင်းအဖွဲ့များ ထူထောင်ဖွဲ့စည်းပိုင်ခွင့် ရှိသည်။ မည်သူ့ကိုမျှ ၎င်း၏ ဆန္ဒ သဘောထား မပါဘဲ၊ အဖွဲ့အစည်း တခုသို့ဝင်စေရန် အတင်းအကျပ် မပြုရ။"
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စာချုပ် အပိုဒ် (၂၂) တွင်လည်း-
"(၁) လူသားတိုင်းတွင် မိမိ၏ အကျိုးစီးပွားကို ကာကွယ်ရေးအတွက် အလုပ်သမား သမဂ္ဂများ တည်ထောင်ပိုင်ခွင့်နှင့် ပေါင်းစည်းပိုင်ခွင့်တို့အပါအဝင် အခြားပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် ရှိသည်။
(၂) ဒီမိုကရေစီ နိုင်ငံတွင် နိုင်ငံတော် လုံခြုံရေး သို့မဟုတ် လူထု လုံခြုံမှု အန္တရာယ်ကင်းရေး ၊ လူထု အတွင်း သဟဇာတရှိရေး၊ လူထုကျန်းမာရေး၊ လူထုအကျင့်စာရိတ္တ ထိန်းသိမ်းရေး နှင့် အခြားပုဂ္ဂိုလ် တို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များတို့အား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်နှင့် အညီ ဥပဒေအရ ချမှတ်ရန် လိုအပ်သော ကန့်သတ်ချက်မျိုးမှလွဲ၍ မည်သည့်ကန့်သတ်ချက်မှ ဤအခွင့်အရေးအား ကျင့်သုံးခြင်းအပေါ် မချမှတ်ရ။ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များတို့မှ ဤအခွင့်အရေးခံစားကျင့်သုံးခြင်းအပေါ် တရားဥပဒေအရ ကန့်သတ်ခြင်းတို့ကို ဤပုဒ်မက မတားမြစ်။
(၃) ဤပုဒ်မသည် ၁၉၄၈ ခုနှစ် လွတ်လပ်စွာ အသင်းအဖွဲ့ ထူထောင်ခွင့်နှင့် အသင်းအဖွဲ့ ထူထောင်ခွင့်အား ကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ သဘောတူ ညီချက်ကို ပါဝင် လက်မှတ်ရေးထိုးကြသော နိုင်ငံများက ဤသဘောတူညီချက်ကပေးသော အာမခံချက်၏ အာနိသင်ကို ထိခိုက်စေရန် သို့မဟုတ် လျှော့ပေါ့စေရန် ရည်ရွယ်ပြီး ဥပဒေအရ ရေးဆွဲခြင်း၊ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးခြင်းတို့အား ခွင့်မပြု။" ဟုအတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
အသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဝေဖန်နိုင်ခြင်း မရှိပါက လွတ်လပ်သော ရွေးကောက်ပွဲများ ဖြစ်ထွန်းရန် လမ်းကြောင်းမရှိပေ။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ မရှိပါက ပါလီမန် သို့မဟုတ် ပြည်သူ့လွှတ်တော်၌ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရန်အတွက် ပြည်သူတို့၏ ဆန္ဒနှင့် လိုလားချက်များကို ကိုယ်စားပြုမည့် စစ်မှန်သော ကိုယ်စားလှယ်များ ပါဝင်နိုင်ကြမည် မဟုတ်ပေ။ ထိုကဲ့သို့သော အနေအထားမျိုး ဖြင့် ရေးဆွဲပြဋ္ဌာန်းလိုက်သော ဥပဒေများသည်လည်း ၎င်းဥပဒေကို လက်တွေ့မကျင့်သုံးသေးသည့် တိုင်အောင် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားအတွက် ကျိုးကြောင်း ဆင်ခြင်မှုပြည့်စုံစွာဖြင့် ပြဋ္ဌာန်းခြင်းမျိုး
ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် အသင်းအဖွဲ့များ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်မှုကို မုချခွင့်ပြုရပါမည်။
ရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ အစိုးရဖွဲ့ပြီး အုပ်ချုပ်ရသော်လည်း အတိုက်အခံ ပါတီမှ အစိုးရ၏ လုပ်နည်းကိုင်နည်းကို အမြဲတမ်း လေ့လာသုံးသပ်ရမည်။ အစိုးရ၏ ပျော့ကွက် ဟာကွက် အပေါ်
ဝေဖန်ထောက်ပြနိုင်သည့် အခွင့်အရေးရှိခြင်းဖြင့် အစိုးရ၏မူဝါဒကို ကြပ်မတ်ထိန်းကျောင်းခွင့်
ပြုရမည်ဖြစ်သည်။ အင်္ဂလန်၌ အတိုက်အခံအင်အားစုများအား အစိုးရက လခပေးကာ တရားဝင် တည်ရှိခွင့်ပြုပြီး အစိုးရအုပ်ချုပ်မှုလုပ်ငန်းအား အမြဲလေ့လာသုံးသပ်စေပါသည်။ ပါတီစုံ စနစ်ကို လက်ခံပါသည်ဟု စာဖြင့်ဖော်ပြရုံဖြင့် လက်တွေ့ဖြစ်မလာပါ။ လက်တွေ့ကျင့်သုံးပြမှသာ အတိုက်အခံ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၏ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။
မိမိအာဏာတည်မြဲရေး အတွက် မိမိကိုယ်ပိုင် ယန္တရားများကို အထူးအခွင့်အရေးပေးလျက် ကျားကန်ပေးနေခြင်းသည် မတရား မမျှတမှုကြီးများ ကိုသာ ကြီးထွားလာစေပြီး |
ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည်မှာ အာဏာလက်ဝယ် ရှိနေသူများ အပေါ်၌သာ တည်မှီနေခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့တွင် မပါဝင်သူ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အတိုက်အခံ နိုင်ငံရေးပါတီများ အပေါ်၌လည်း ထပ်တူထပ်မျှ တည်မှီနေပါသည်။ ဒီမိုကရေစီ နိုင်ငံတွင် လူများစု အကျိုးအတွက် လူနည်းစု၏ အခွင့်အရေးကို ပိတ်ပင်၍ မရပါ။ လူနည်းစု၏ အကျိုးစီးပွားကိုလည်း တနည်းနည်းဖြင့် အကာအကွယ်
ပေးရမည်ဖြစ်သည်။ လူနည်းစု အကျိုးစီးပွားအတွက် ပြောဆိုပိုင်ခွင့်၊ အတိုက်အခံပြုပိုင်ခွင့်ကို ခွင့်ပြုရမည် ဖြစ်သည်။ ဒီမိုကရေစီ၏ သဘောအနှစ်သာရအရပင် လူများစု၏ ဆန္ဒကို လိုက်လျောရုံမျှသာမက လူနည်းစု၏ ဆန္ဒကိုလည်း အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။
လူအဖွဲ့အစည်းသည် လောကပါလတရားနှင့် ပြည့်စုံရန် အထူးလိုအပ်လျှက် ရှိပါသည်။ သို့မှသာလျှင် လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုရှိခြင်းကြောင့် လူမှုရေး ပဋိပက္ခများမှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။ ပြည်တွင်းစစ်နှင့် လွတ်လပ်ရေး အမြွာညီအကိုလို တချိန်တည်း ထွက်ပေါ်လာခဲ့သော မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးခြင်း၏ အချက်မှာ အခွင့်အရေးမညီမျှခြင်းကြောင့်ဟု ဆိုရပါမည်။ လူမျိုးစု လက်နက်ကိုင် အင်အားစုပေါင်း အများအပြားတည်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆို တိုက်ပွဲဝင်နေကြသည်။
လူ့အဖွဲ့အစည်းအတွင်း အုပ်စု တစုစုသို့ ဘက်လိုက်ခြင်း၊ အထူးအခွင့်အရေးပေးခြင်းဖြင့် မညီမျှမှုကို ဖြစ်ပေါ်စေပြီး မကျေနပ်ချက်များမှ တဆင့် ထပ်ဆင့်ပေါက်ကွဲလျှင် တိုင်းပြည်တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေပါသည်။ မိမိအာဏာတည်မြဲရေး အတွက် မိမိကိုယ်ပိုင် ယန္တရားများကို အထူးအခွင့်အရေးပေးလျက် ကျားကန်ပေးနေခြင်းသည် မတရား မမျှတမှုကြီးများကိုသာ ကြီးထွားလာစေပြီး ပြည်သူ့အကျိုးစီးပွားအားလုံးကို ထိခိုက်ပျက်စီးစေပါသည်။ နိုင်ငံသားတိုင်းသည် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ခွင့် ရှိကိုရှိရပါမည်။ သို့မှသာ တရားဥပဒေစိုးမိုးမှုကို ရရှိခံစားလာနိုင်မည်ဖြစ်သည်။
Credit: http://www.mizzimaburmese.com/edop/songpa/7493-2011-05-05-09-04-24.html
No comments:
Post a Comment