Wednesday, May 25, 2011

အိမ်နီးချင်းနိုင်ငံလေးတွေရဲ့ အစာပြေမုန့်လေးတွေ

ဗီယက်နမ်မုန့်ဖတ်သုပ်

Bun Chit Heo Nuong လို့အမည်ရတဲ့ ဗီယက်နမ်စတိုင်လ် မုန့်ဖတ်သုပ်ဖြစ်ပါတယ်။ ဆီမပါ၊ ဆားမပါဘဲ အရသာတွေ့စေမယ့် မုန့်ဖတ်သုပ်စတိုင်လ်ကို လေ့လာကြည့်ပါ။

လိုအပ်သောပစ္စည်းများ

မုန့်ဖတ် (နန်းသေး) - ၁၀ကျပ်သား

ဆလပ်ရွက် - ၁၀ရွက်

မုန်လာဥနီ - အနည်းငယ် (အမျှင်လေးများလှီးထားပါ)

သခွားသီး - အနည်းငယ် (အမျှင်လေးများလှီးထားပါ)

မြေပဲ - ၂ဇွန်း ( လေးစိတ်ကွဲထောင်းထားပါ)

ဝက်သား - ၁၀ကျပ်သား

ကြက်သားမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

ငံပြာရည် - ၂ဇွန်း

ရှာလကာရည် - ၄ဇွန်း

သကြားရည် - ၃ဇွန်း

ငရုတ်သီး(အနီ) - အနည်းငယ်

ကြက်သွန်ဖြူ - အနည်းငယ်

ပြုလုပ်ပုံ

ဗီယက်နမ်စတိုင်လ် မုန့်ဖတ်သုပ်ဟာ ၀က်သားကင်နဲ့ တွဲစားလေ့ရှိတာဖြစ်တဲ့အတွက် ပထမဆုံးဝက်သားကင်ဖို့ပြင်ဆင်ရပါမယ်။

ဝက်သားကို သန့်စင်ပြီး အတုံးလေးများလှီးကာ ကြက်သားမှုန့်နဲ့ ငရုတ်ကောင်းမှုန့်နယ်ပါတယ်။ ပြီးတဲ့အခါ တုတ်တံလေးတွေနဲ့သီပြီး အသားကျက်တဲ့အထိ မီးကင်လိုက်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ အသုပ်တစ်ပွဲလုံးအတွက် အဓိကကျတဲ့ဆော့စ်(Fish Sauce) ကိုခုလိုပြင်ဆင်ပါတယ်။ ငံပြာရည် (၂)ဇွန်း၊ ရှာလကာရည် (၄)ဇွန်း၊ သကြားရည် (၃) ဇွန်းကို ဆူပွက်လာတဲ့အထိရောကြိုပြီး အအေးခံကာ ငရုတ်သီး(အနီ)နဲ့ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းကိုထည့်မွှေလိုက်ပါတယ်။

အဲဒီ့နောက် မုန့်ဖတ်ကို မုန်လာဥနီ၊ သခွားသီးနဲ့ မြေပဲအားလုံးရောထည့်ပြီး ဆော့စ်(၃)ဇွန်းခန့်ထည့်နယ်လိုက်ပါတယ်။ ရရှိလာတဲ့ ဗီယက်နမ်စတိုင်လ်မုန့်ဖတ်သုပ်ကို ၀က်သားကင်၊ ဆလပ်ရွက်တို့နဲ့တွဲဖက်ပြင်ဆင်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

(ပန်းကန်ခပ်ပြန့်ပြန့်တစ်ချပ်ထဲမှာ ဆလပ်ရွက်အနည်းငယ်ကို ဘေးမကျတကျမှာခင်း၊ သူ့အရိုးနေရာနားမှာ မုန့်ဖတ်သုပ်နယ်ထား တာကိုပုံ၊ သူ့အပေါ်က သခွားသီးနဲ့ ဥနီလှီးထားတာကိုဖြူး၊ ၀က်သားကင်အတံကိုလည်း ဘေးနားမှာတင်၊ ဆော့စ်အရည်ပန်းကန် လေးကိုလည်းဘေးမှာထပ်တင်ထားပြီး ပြင်ဆင်နိုင်ပါတယ်။)

ကမ္ဘောဒီးယားငါးပေါင်းထုပ်

Amoke လို့အမည်ရတဲ့ ကမ္ဘောဒီးယားစတိုင်လ်ငါးပေါင်းထုပ်ဖြစ်ပါတယ်။ ငှက်ပျောရွက်ကိုအသုံးပြုတဲ့ရိုးရာစားစရာတစ်မျိုးပါ။ ဖက်ရနံ့သင်းတဲ့ဟင်းပွဲရဲ့ အရသာကိုခံစားမိစေမှာ ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ငါးရံ့အသား - ၁၀ကျပ်သား

ငါးဖယ်ခြစ် - ၂ဇွန်း

Red Curry Paste - ၁ဇွန်း

ပင်စိမ်း - အနည်းငယ်

ငံပြာရည် - အနည်းငယ်

သကြား - အနည်းငယ်

အုန်းနို့ - ၅ဇွန်း

ကြက်ဥ(အကာ) - ၁လုံး

ဆီ - ၁ဇွန်း

ကြက်သွန်နီ - အနည်းငယ်

ပြုလုပ်ပုံ

ပထမဆုံး ငါးရံ့အသားများနဲ့ ငါးဖယ်ခြစ်ကို နုပ်နုပ်စဉ်းပြီး Red Curry Paste (၁)ဇွန်း၊ အုန်းနို့(၁)ဇွန်း၊ ကြက်ဥအကာရည်၊သကြား၊ ငံပြာရည်အနည်းငယ်နဲ့ပင်စိမ်းနုပ်နုပ်စဉ်းများထည့်ကာ ရောမွှေနယ်လိုက်ပါတယ်။ နယ်တဲ့နေရာမှာ စေးပိုင်လာအောင် လက်နဲ့ ရိုက် ပြီးနယ်ပေးရပါတယ်။

ငါးအသားနယ်ရလာတဲ့အခါ ငှက်ပျောရွက်ကတော့ထဲထည့်ထုပ်ပြီး ရေဆူအောင်တည်ထားတဲ့ပေါင်းအိုးမှာ (၇)မိနစ်ခန့်ထည့်ပေါင်းပေး ပါတယ်။

ငါးပေါင်းထားတဲ့အချိန်မှာ အုန်းနို့ဆော့စ်ကိုပြင်ဆင်ပါတယ်။ ကြက်သွန်နီကိုပါးပါးလှီး ဆီသတ်ပြီး အုန်းနို့ရည် (၄)ဇွန်းထည့်ချက်ပါတယ်။ အုန်းနို့ဆူလာတဲ့အခါ ငံပြာရည်နဲ့သကြား၊ အနည်းငယ်စီထည့်မွှေပြီး အနည်းငယ်ပျစ်လာတဲ့အထိ တည်ပေးရပါတယ်။

ငါးပေါင်းထားတာကျက်ပြီဆိုရင်တော့ ငါးပေါင်းထုပ်ပေါ်မှာ အုန်းနို့ဆော့စ်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။ အရာသဆိမ့်ဆိမ့်နဲ့ ရနံ့မွှေးတဲ့ ကမ္ဘောဒီးယားစတိုင်လ်ငါးပေါင်းထုပ်ပဲဖြစ်ပါတယ်။

(ငါးအသားနယ်ကိုထည့်ဖို့အတွက် လုပ်ထားတာက ငှက်ပျောရွက်ကို ပန်းကန်လုံးပုံစံ ခွက်ကလေးရအောင် ပုံစံချိုးပြီး ၀ါးတံလေးတွေ ထိုးထားတာဖြစ်ပါတယ်။ Red Curry Paste ကတော့ CityMart Super Market ဆိုင်မှာရနိုင်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ အသားဟင်းချက်တဲ့အခါ အနှစ်အဖြစ်ထည့်ချက်နိုင်အောင် အသင့်လုပ်ထားတဲ့အရာပါပဲ။)

လာအိုထမင်းဆုပ်

Nem Tadieu လို့ခေါ်တဲ့ လာအိုစတိုင်လ် ထမင်းသုပ် ထမင်းဆုပ်ကြော်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စတိုင်လ်က ထမင်းကိုသုပ်တယ်။ ပြီးတော့အလုံးအဆုပ်လေးတွေလုပ်တယ်။ ပြီးတော့ကြော်တယ်။ ထူးခြားတာက အုန်းသီးအမျှင်ကြော်လေးတွေကိုလည်း ထည့်စားတာဖြစ်ပါတယ်။ ဖန်တီးပုံလေးကိုကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ

ထမင်း - ပန်းကန်လုံး(၁)လုံး

ဝက်မိုးခိုသား - ၅ကျပ်သား

ဝက်နားရွက် - အနည်းငယ်

ဝက်ခေါက် - အနည်းငယ်

ဝက်အသည်း - အနည်းငယ်

Red Curry Paste - ဇွန်းသေး (၁)ဇွန်း

ငံပြာရည် - အနည်းငယ်

ကြက်သားမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

အုန်းသီးအမျှင်ကြော် - ၁ဇွန်း

ပြုလုပ်ပုံ

ပထမဆုံး ၀က်သား၊ ၀က်နားရွက်၊ ၀က်ခေါက်၊ ၀က်အသည်းအစုံကို နူးအိနေအောင်ပြုတ်ပြီး ပါးပါးလှီးလိုက်ပါတယ်။

ထမင်းကို ကြက်သားမှုန့်၊ ငံပြာရည်၊ Red Curry Paste ၊ အုန်းသီးကြော်နဲ့ ပါးပါးလှီးထားတဲ့ ၀က်သားအစုံထည့်သုပ်ပြီး ထမင်းဆုပ် အလုံးလေးတွေပြုလုပ်ပါတယ်။

အဲဒီ့ထမင်းဆုပ်အလုံးလေးတွေကို ဆီပူမှာထည့်ကြော်ပြီး ပြန်ဆယ်ယူကာ ဆီစစ်ထားလိုက်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ထမင်းဆုပ်ပေါ်မှာ ပူစီနံနဲ့ပင်စိမ်းရွက်လေးတွေခြွေထည့်ပြီး ဆလပ်ရွက်နဲ့ထုပ်ကာ မြိန်မြိန်ယှက်ယှက် စားသောက်ကြတာဖြစ်ပါတယ်။

အသားရောပြွမ်းထားပြီး အရသာရှိလှတဲ့ လာအိုစတိုင်လ်ထမင်းသုပ်ဖြစ်ပါတယ်။

(ထမင်းဆုပ်လေးတွေကိုကြော်ပြီးတဲ့အခါ ပန်းကန်ပြားထဲဆလပ်ရွက်တစ်ရွက်စီခင်းပြီးထည့် အပေါ်က အုန်းသီးမျှင်ကြော်လေးတွေ ပူစီနံ ရွက် ပင်စိမ်းရွက်လေးတွေခြွေထည့်ထားပြီး ပြင်ဆင်နိုင်ပါတယ်။)

ကော်ပြန့်စိမ်းမြေပဲဆော့စ်

ကော်ပြန့်စိမ်းလို့ဆိုရမယ့် Spring Roll ဟာ ဒီအိမ်နီးချင်းနိုင်ငံတွေအားလုံးရဲ့လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ ထိုင်း၊ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံအားလုံးမှာ ထင်ရှားပါတယ်။ Goi Cuon လို့အမည်ရပါတယ်။

လိုအပ်သောပစ္စည်းများ

ကော်ပြန့်ရွက် (Rice paper) - ၄ခု

ပုစွန်ကျော့ - ၈ကောင်

မုန်ညင်းဖြူ - အနည်းငယ်

ပဲပင်ပေါက် - အနည်းငယ်

ကြက်သွန်မြိတ် - အနည်းငယ်

ရှမ်းနံနံ - အနည်းငယ်

မုန့်ဖတ် - အနည်းငယ်

ဆလပ်ရွက် - ၄ရွက်

ဆီ - အနည်းငယ်

Red curry paste - ၁ဇွန်း

မြေပဲ(ထောင်းထားပါ) - ၂ဇွန်း

အုန်းနို့ - ၄ဇွန်း

ပြုလုပ်ပုံ

မုန်ညင်းဖြူ၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊နံနံပင်၊ဆလပ်ရွက်စတဲ့ အရွက်များကိုသန့်စင်ပြီးလှီးဖြတ်ထားပါတယ်။ ပုစွန်ကျော့ကို ကျောခွဲအခွံချွတ်သန့်စင်ပြီး ပြုတ်ထားပါတယ်။

ကော်ပြန့်ရွက်ကို ရေခဏစိမ်ပြီး အ၀တ်သန့်သန့်ပေါ်မှာ ဆယ်ယူကာရေပြန်စစ်စေပါတယ်။

ရေစစ်သွားတဲ့ကော်ပြန့်ရွက်မှာ လှီးထားတဲ့ အသီးအရွက်များနဲ့ပြုတ်ထားတဲ့ ပုစွန်ကိုထည့်ပြီးလိပ်လိုက်ပါတယ်။

ကော်ပြန့်စိမ်းအလိပ်တွေရလာတဲ့အခါ မြေပဲဆော့စ်ကို ခုလိုပြင်ဆင်ပါတယ်။

ပထမဆုံးဒယ်အိုးမှာ ဆီထည့်ပြီး Red curry paste ကိုဆီသတ်ပါတယ်။ အနံ့မွှေးလာတဲ့အခါ ထောင်းထားတဲ့ မြေပဲ (၂)ဇွန်း၊ အုန်းနို့ (၄)ဇွန်းနဲ့ ရေသန့် (၂)ဇွန်းထည့်မွှေပါတယ်။ ရေဆူလာတဲ့အခါ ငံပြာရည်နဲ့ သကြားအနည်းငယ်စီထည့်ပြီး မြေပဲကျက်လာပြီဆိုရင် ဆော့စ်ကိုရရှိပြီဖြစ်ပါတယ်။

ကော်ပြန့်စိမ်းကို မြေပဲဆော့စ်နဲ့တွဲဖက်သုံးဆောင်နိုင်သလို ဗီယက်နမ်မုန့်ဖတ်သုပ်မှာ အသုံးပြုတဲ့ Fish Sauce နဲ့တွဲစားမယ်ဆိုရင် လည်း အဆင် ပြေစေမှာဖြစ်ပါတယ်။

( ကော်ပြန့်လိပ်သုံးလေးလိပ်ကို ပန်းကန်ပြန့်ပြန့်မှာ လှတပတစီထည့်၊ မြေပဲဆော့်စ်ထဲ့ထားတဲ့ ပန်းကန်းလုံးရယ်၊ Fish Sauce ထည့်ထားတဲ့ ပန်းကန်လုံးရယ် တစ်ခုစီထည့်ပေးပြီး တည်ခင်းနိုင်ပါတယ်။)

*အထက်မှာရေးသားခဲ့တဲ့အစားအစာများကို  Monsoon Restaurant & Bar (၈၅-၈၇၊ သိမ်ဖြူလမ်း၊ရန်ကုန်မြို့) မှာလက်တွေ့သွားရောက် စားသောက်နိုင်ပါကြောင်းသတင်းပေးလိုက်ပါတယ်။

No comments: