Sunday, May 22, 2011

အရှေ့တောင်အာရှ ဆေးလိပ်ဈေးကွက်

အရှေ့တောင်အာရှဒေသသည် ဆေးလိပ်ကုမ္ပဏီကြီးများအတွက် နောက်ဆုံးနယ်နိမိတ်ဖြစ်နေသည်ကို တွေ့ရသည်။ ဆေးလိပ်နှင့်ပတ်သက်သော စည်းကမ်းများတင်းကြပ်လာခြင်း၊ ဆေးလိပ်သောက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုများ အောင်မြင်မှုရလာခြင်းတို့ကြောင့် ချမ်းသာသည့်နိုင်ငံများတွင် စီးကရက်လုပ်ငန်းကြီးများ၏ ၀င်ငွေကို ထိခိုက်စေသည်။ ဆက်လက်၍လည်း ထိခိုက်နေသည်။ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံကြီးဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ အစိုးရသည် ပြည်တွင်းလုပ်ငန်းများကို အနောက်နိုင်ငံစီးကရက်ကုမ္ပဏီကြီးများ၏ ပြိုင်ဆိုင်မှုမှ သက်သာရာရအောင် ကာကွယ်စောင့်ရှောက်ပေးထားသည်။


ထို့ကြောင့် စီးကရက်ကုမ္ပဏီကြီးများအနေဖြင့် တိုးတက်မှုအလားအလာကောင်းပြီး စည်းကမ်းထိန်းချုပ်မှုနည်းသော ဈေးကွက်ကြီးအနည်းငယ်မျှသာ ကျန်ခဲ့သည်။ ထိုဈေးကွက်ကြီးများထဲ၌ အရှေ့တောင်အာရှသည် လာမည့် ၁၀နှစ်အတွင်း အလားအလာအကောင်းဆုံးဒေသဖြစ်နေသည်ကို တွေ့ရသည်။ ဤဒေသအတွင်း၌ လူဦးရေ ၂၃၈ သန်းရှိသော အင်ဒိုနီးရှား၊ ၉၆သန်းရှိသော ဖိလစ်ပိုင်နိုင်ငံတို့သည် အလားအလာအကောင်းဆုံး ရွှေဥထွက်သည့်ငန်းများဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌ စည်းကမ်းထိန်းချုပ်မှုအနည်းဆုံးဈေးကွက်ဖြစ်ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်သောက်မှုထိန်းချုပ်ရေးစာချုပ်ကို လက်မှတ်မထိုးခဲ့သည့် အာရှနိုင်ငံအချို့ထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်သည်။ ထိုနိုင်ငံတွင် စီးကရက်ကြော်ငြာများအလွန်များသည်။ အသက် ၁၃နှစ်မှ ၁၅နှစ်အကြားရှိ ကလေး လေးယောက်တွင် တစ်ယောက်သည် စီးကရက်သောက်သည်။ ယခင်နှစ်က ၂နှစ်အရွယ် အင်ဒိုနီးရှား ကလေးငယ်တစ်ဦး ဆေးလိပ်သောက်သည်ကို ရိုက်ပြထားသောဗွီဒီယိုကြောင့် အနောက်နိုင်ငံများရှိ ကျန်းမာရေးကို ဂရုစိုက်ကြသောအုပ်စုများ စိတ်ဆိုးမာန်ဆိုး ဖြစ်စေခဲ့သည်။

ဆေးရွက်ခင်းများစိုက်ခြင်း၊ ဆေးလိပ်ရောင်းခြင်းသည် အင်ဒိုနီးရှားအစိုးရ၏ ၀င်ငွေကို ၁၀ရာခိုင်နှုန်းခန့်ဖြည့်ဆည်းပေးကာ၊ အလုပ်အကိုင်သန်းပေါင်းများစွာ ရရှိစေသည်။ အစိုးရ၏ အဓိကရည်ရွယ်ချက်ထဲမှ တစ်ခုမှာ ပညာအဆင့်အတန်း နိမ့်ပင်နိမ့်သော်လည်း အလုပ်အကိုင်ဆက်လက်ရရှိရေးပင်ဖြစ်သည်။ ဤနည်းအားဖြင့် အများပြည်သူ မကျေမနပ်ဖြစ်မှုကို သက်သာရာရစေမည်ဟု တွက်ဆရသည်။ သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံအတွက် စီးကရက်လုပ်ငန်းကို နှိမ်နင်းရန်မှာ အလားအလာအလွန်နည်းသည်ဟု တွက်ဆကြသည်။ သို့ဖြစ်ရာ အကြီးဆုံးအနောက်နိုင်ငံကုမ္ပဏီကြီးများက ၀င်ရောက်လာခဲ့ကြသည်။

ဖိလစ်မောရစ်အင်တာနေရှင်နယ်(PMI) သည် အင်ဒိုနီးရှား၏ ဆမ်ပိုးနားကို ၂၀၀၅ခုနှစ်က ဒေါ်လာသန်း ငါးထောင်ပေး၍၀ယ်ခဲ့သည်။ ယခုအခါ ဈေးကွက်ဝေစု၏ ၃၀ရာခိုင်နှုန်းကို ရရှိထားသည်။ ကုမ္ပဏီကြီးက ဒေသတွင်းတွင် ၄င်း၏အလားအလာနှင့်ပတ်သက်၍ အကောင်းမြင်သည်ဟု ဆိုသည်။ ဗြိတိသျှ-အမေရိကန် ဆေးလိပ်ကုမ္ပဏီက Bentoel တွင် ၂၀၀၉ခုနှစ်က စတော့ရှယ်ယာ ၈၅ရာခိုင်နှုန်းကို ဒေါ်လာသန်း ၅၀၀ပေး၍ ၀ယ်ခဲ့သည်။ ကုမ္ပဏီနှစ်ခုစလုံးယခင်နှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အရောင်းပမာဏတက်ခဲ့သည်။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဈေးကွက် ၉၀ရာခိုင်နှုန်းခန့် ရရှိထားသော လေးညှင်းစီးကရက်ကြောင့် ဖြစ်သည်။ ဂျာကာတာမှ သုတေသနလုပ်ငန်းတစ်ခု၏အဆိုအရ စီးကရက်ကုမ္ပဏီကြီးများက ဆက်သွယ်ရေးကွန်ယက်များဖြစ်သည့် ဖေ့စ်ဘွတ်၊ တွစ်တာနှင့် အခြားသော ကွန်ယက်များတွင် နာမည်ကြီးထင်ရှားသူများကို ၄င်းတို့၏ ဆေးလိပ်ကြော်ငြာများထည့်သွင်းခွင့်ပြုရန် ချည်းကပ်ငှားရမ်းထားသည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၌လည်း စည်းကမ်းထိန်းချုပ်မှုလျော့နည်းကာ တိုးတက်မှုများရရှိနေသည်။ ယခင်နှစ်က နိုင်ငံတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သော ပီအမ်အိုင်သည် Fortune Tobacco နှင့် ဖက်စပ်တည်ထောင်ကာ ၀င်ငွေအနိမ့်စားနှင့် အလတ်တန်းစားဖိလစ်ပိုင်လူမျိုးများအတွက် စီးကရက်များကို ထုတ်လုပ်ခဲ့သည်။ ယခုအခါ ထိုကုမ္ပဏီများသည် ဒေါ်လာ သန်း ၁၇၀၀ရှိသည့် ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ရရှိထားသည်။ ထိုဈေးကွက်သည် ဒုက္ခရောက်ကြမည့် ဖိလစ်ပိုင်များ၏ ဈေးကွက်ဖြစ်သည်ဟု ဒေသခံစာနယ်ဇင်းများက ကင်ပွန်းတပ်ကြသည်။ အမျိုးသမီးဆေးလိပ်သောက်သုံးမှုနည်းသော ဒေသတွင်းတွင် စီးကရက်လုပ်ငန်းများအနေဖြင့် တိုးတက်မှု၏အလားအလာများ မြင်တွေ့နေရသည်။

အရှေ့တောင်အာရှလွှား၌ အမျိုးသမီး ၁၀ယောက်တွင် ၁ယောက်သာ ဆေးလိပ်သောက်ကြသည်။ အမျိုးသားများ၏ ၄၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်း ဆေးလိပ်သောက်ကြသည်။ ဤကွာခြားချက်သည် အာဖရိကနှင့် လက်တင်အမေရိကတို့တွင် ပို၍ကြီးမားသည်။ ၂၀၀၉ခုနှစ်က နိုင်ငံ ၇နိုင်ငံကို လေ့လာသည့် လေ့လာချက်တစ်ရပ်၌ အသက် ၁၆နှစ်အောက် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် အမျိုးသမီးငယ်များ၏ ဆေးလိပ်သောက်သုံးမှုနှုန်းမြင့်မားလာသည်ဟု ဆိုသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ စီးကရက်ကို အဆင့်မြင့်အလှကုန် ပစ္စည်းသဖွယ် ထင်မှားစေရန် နှုတ်ခမ်းဆိုးဆေးတောင့်များသဖွယ် ပြုပြင်၍ ရောင်းချသည်ကိုတွေ့ရသည်။

ဆင်းရဲမှုနှင့် အလုပ်လက်မဲ့မှု ပျံ့နှံ့နေသည့် နိုင်ငံများအနေဖြင့် ၀င်ငွေနှင့် အလုပ်အကိုင်အများအပြားကို ရရှိစေနိုင်သည့် လုပ်ငန်းကို နှိမ်နင်းရန် ၀န်လေးနေကြသည်။ သို့သော်လည်း ဆေးလိပ်သောက်ခြင်းကြောင့် ကုန်ကျသည့် ကျန်းမာရေးဆိုင်ရာစရိတ်များ၊ ဆေးလိပ်နှင့်ဆက်နွယ်၍ ခံစားရသည့်ရောဂါများကို သဘောပေါက်နားလည်မှုလည်း တဖြေးဖြေးတိုးပွားလာနေသည်ကို တွေ့ရသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဒေသအတော်များများ၌ ဆေးလိပ်သောက်မှုဆန့်ကျင်ရေးကို ၀ိုင်းဝန်းထောက်ပံ့နေကြသည်။ အရှေ့တောင်အာရှ၌ ယခုအချိန်ထိ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေးလုပ်ငန်းများ အားနည်းနေဆဲပင်ဖြစ်သည်။ ထိုဒေသများတွင် စီးကရက်ကုမ္ပဏီကြီးများ၌ မိတ်ဆွေပေါင်းများစွာ ရှိနေသေးသည်။

(အီကောနောမစ်)

No comments: