Monday, May 9, 2011

မြန်မာ့ပထမဆုံး မီဒီယာကော်နာများ စတင်ဖွင့်လှစ်

မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့် တွင် ဖွင့်လှစ်ထားသည့် မီဒီယာကော်နာအတွင်း ရောင်းချသည့် စာအုပ်များကို ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ လှည့်လည်ကြည့်ရှု နေကြ စဉ်

မြို့တော်ခန်းမရှေ့တွင် ဖွင့်လှစ်လိုက် သည့် မီဒီယာကော်နာ(Media Corner)

မြန်မာ့ပထမဆုံး မီဒီယာကော်နာ(Media Corner) များကို မေ၂ရက်ကစတင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

မီဒီယာကော်နာ ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ၃၇လမ်း ထောင့်ရှိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာန အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

"အခုလို မီဒီယာကော်နာတွေကို ဖွင့်လှစ်နိုင်ခဲ့လို့ ပြည်သူတွေအနေနဲ့ လူမှုကိစ္စတွေနဲ့ နေ့စဉ် သွားလာနေရင်းနဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ မီဒီယာကော်နာဆိုင်တွေကို စာအုပ် ဆိုင်အဖြစ် ဆက်လက်ရှိစေချင်ပါတယ်။ တခြားဆိုင်အဖြစ် ပြောင်းသွားတာမျိုး မဖြစ်စေ ချင်ပါဘူး။ ကျောင်းတွေနားမှာဖွင့်လှစ်မယ့်ဆိုင် တွေအနေနဲ့ကလဲ ကျောင်းသူ၊ ကျောင်းသား တွေနဲ့ သင့်မြတ်တဲ့ စာအုပ်တွေဖြစ်ဖို့လိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

နေရောင်ခြည်စွမ်းအင်သုံးဆိုလာမီးများကို အသုံးပြုထားသည့် မီဒီယာ ကော်နာများကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး ပထမအဆင့်အနေဖြင့် မီဒီယာ ကော်နာ ၂၉လုံးကို မြို့တွင်းခြောက်မြို့နယ်တွင် ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့ ကြောင်းသိရသည်။

"မီဒီယာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို အဓိကထားရောင်းတဲ့ဆိုင်ကို မီဒီယာကော်နာလို့ ခေါ်ပါတယ်။ စာအုပ်စာပေအပါအဝင် မီဒီယာနဲ့ ဆက်စပ်နေတဲ့ပစ္စည်းတွေကို ပြည်သူတွေ က ဈေးနှုန်းသက်သက်သာသာနဲ့ အလွယ်တကူဝယ်ယူ ရရှိနိုင်ဖို့အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်" ဟု မီဒီယာကော်နာစီမံကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)က ပြောသည်။

အဆိုပါ Media Comer များကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအနှံ့မှ မြို့ ကြီးများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ရာ ယင်းလုပ်ငန်းကို လုပ်ကိုင်လိုသော လုပ်ငန်းရှင်များအနေဖြင့် စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မီဒီယာ ကော်နာဆိုင်များကို နံနက် ၆နာရီ ည ၉နာရီအထိ ဖွင့်လှစ်ခွင့်ပေးသွားမည် ဖြစ်ပြီး ယင်းဆိုင်များတွင် တယ်လီဖုန်းများကို တပ်ဆင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Ref : The Yangon Times

No comments: