"မောင်ဝက်မဲရေ။ မင်းဆရာရှိလားကွာ။ တစ်ဆိတ်လောက် သွားကြည့်ပေးပါလား။"
ဒီလူနဲ့ ဒီလူကိုများ ဒီလောက်တောင် ယဉ်ကျေးနေရင်တော့ သူပဲဖြစ်မည်။
"မင်းဆရာတော့ မရှိဘူးခင်ဗျ။ ဆရာမင်းပဲ ရှိတယ်။" သက်မတူ ရွယ်မမျှ
ဝက်မဲတစ်ယောက်၏ မခန့်မငြား ပြန်ကြားချက်ကို ခံစားရက်နိုင်တာလည်း
သူတစ်ယောက်ပဲ ရှိမည်။ "အေးပါကွယ်။ ရှိရင်လည်း ခေါ်လိုက်စမ်းပါ။
ဆရာတို့နှစ်ယောက် ပြောစရာရှိလို့။" ငယ်ပေါင်းငတိမို့ တကယ် အကြောင်းသိသည်။
အပြင်သံအေးပေမင့် ရင်အခံနွေးနေလို့သာ ဆေးခန်းသို့ သူရောက်လာခြင်း
ဖြစ်မည်။ ကိုကြာရိုး။ ကျူရှင်ဆရာ။ တစ်သက်လုံး ရိုးလာပြီးမှ
ကျောင်းသူဟောင်းနှင့် အိမ်ထောင်ကျတဲ့သူ။ "ဟေ့ရောင်။ ငါရှိပါတယ်ကွ။
မင်းမလာစဖူး။ ထူးလှချည်လား။" "အေး။ ထူးလို့ လာတာ။ ဒီလိုကွ။ မင်း ငါ့ဟာကို
မှတ်မိလား။"
"ဟာကွာ။ မင်းကလဲ မဦးမချွတ်။ ရှက်စရာကွာ။ တို့ငယ်ငယ် ကျောင်းပြေးတုန်းက
မင်းနဲ့ငါ တစ်ခါတည်းပဲ ရေအတူတူ ကူးဖူးတာလေကွာ။ သေသေချာချာ
ဘယ်မှတ်မိပါ့မလဲ။" "ငါက အဲဒီ့ဟာကို ပြောတာ မဟုတ်ဘူးကွ။" "ဒါဆို
ဘာကိုပြောတာလဲ။" "အင်း ဟင်းဟင်း။ အဲဒီ့ဟာတော့ မဟုတ်ဘူး။ အဲဒီ့ကိစ္စတော့
ဟုတ်တယ်ကွ။" "မင်းကလည်း ရှုပ်နေတာပဲကွာ။ နေဦးကွ။ မသက်ကို
ခေါ်လိုက်ဦးမယ်။" "အမလေးလေး။ မခေါ်နဲ့မောင်။ တောင်းပန်ပါတယ်။
မခေါ်လိုက်ပါနဲ့။ အခု ငါပြောမှာက ဒူးတင်ပေါင်တင် ကိစ္စပါကွဲ့။" ရော်။
စောစောပြောရင် စောစောပြီးမည့်ကိစ္စ သင်းတော်တော်ကို ရှည်လျားထွေပြားသည်။
ကြာလေလေ လူများလေလေ ဖြစ်တတ်သည်က သဘာဝ။
"အလို။ ဆေးဆရာနဲ့ ကျူရှင်ဆရာ။ ကိုကိုဆရာ နှစ်ယောက် ဘယ်သူ့တွေကိုများ
ပေါင်ပေါ်တင်နေကြတာလဲ။ မဟုတ်မှလွဲရော။ ဆရာတို့ ဟိုကိုသွားကြတယ် မဟုတ်လား။
ဟင်းဟင်း။ ဘာအခုမှ ရှက်နေကြတာလဲ။" တောင်းထဲမှာ မောင်းကွဲထုတဲ့အသံ။
ဒေါ်ပန်းပွင့် တစ်ယောက် ပေါက်ပေါက်မြောက်မြောက် ရောက်လာပါရော့လား။ "အဲ။
ဒေါ်ပန်းပွင့်။ နေဦးနေဦး။ အထဲကို ဝင်မလာနဲ့ဦး။ ဒီဆရာကိစ္စက
မပြီးသေးဘူး။" "ရပါတယ်ရှင် ရပါတယ်။ အလိုတူ အလိုပါတွေ။
ကြည့်ပေးလိုက်ပါဦး။" အပြောအဆိုတွေက အထင်လွဲစရာ ဖြစ်နေသော်လည်း ကိစ္စက
ရိုးရှင်းပါသည်။ ကျူရှင်ဆရာပီပီ ကလေးများကို လေ့ကျင့်ခန်းပေးရသည်။
ကွန်ပျူတာ စာစီရသည်။
သူများကို ခိုင်းရတာကို သူအားမရ။ စာလုံးပေါင်း မှားသည်။ ကြာသည်။
အမျိုးမျိုး ဂျီကျသည်။ "မောင်မင်း။ ငါ့ကို လက်တော့တစ်လုံး
လိုက်ဝယ်ပေးကွာ။" ခရီးဆောင် ကွန်ပျူတာကလေးများကို ပေါင်ခွင်မှာတင်ပြီး
ရိုက်၍ရသောကြောင့် လက်တော့ဟု ခေါ်သည်။ ထိုကွန်ပျူတာမျိုး တစ်လုံးဝယ်ရန်
သူအကြံရသည်။ လိုက်ဝယ်ခိုင်းသည်။ "မင်းအိမ်မှာ သုံးမှာပဲကွာ။
စားပွဲတင်ကွန်ပျူတာပဲ ဝယ်ပါလား။ ဈေးလည်း သက်သာတာပေါ့။" "အေး။ အိမ်မှာ
ထားတော့ငါ့မှာ ကွန်ပျူတာရှိတာကို ဘယ်သူသိမှာလဲ။ ပြီးတော့ ဈေးကြီးတာကိုမှ
ဝယ်ချင်တာ။ လက်တော့နဲ့ဆိုတော့ ကျုရှင်ဆရာကို လူရှိန်တာပေါ့။"
လူရှိန်မရှိန်တော့ မသိပါ။ ပေါင်တော်တော် ရှိန်ပါလိမ့်မည်။ ကွန်ပျူတာသည်
ပူပါသည်။ ဖွင့်တဲ့ အချိန်ကြာလေလေ ပူလေလေဖြစ်ပါသည်။ ဒါကြောင့်မို့လည်း
ခရီးဆောင်ကွန်ပျူတာများကို စားပွဲပေါ်မှာ တင်သုံးပါက ကွန်ပျူတာအောက်တွင်
လည်နေသော လျှပ်စစ်ပန်ကာ အအေးခံပြားကလေးများကို ထားပြီးမှ
သုံးလေ့ရှိကြသည်။ ထိုအပြားမှာ လျှပ်စစ်နှင့် ပလပ်တတ်သုံးရသည့်အတွက်
ခရီးဆောင်လို့မရ။ သွားလေရာ သယ်လို့မရ။ "အဲဒီ့အပြားတွေက အပိုပါကွာ။ ငါ့လို
ရောက်လေရာမှာ ကွန်ပြူတာသုံးချင်တဲ့ လူကျတော့ နေရာတကာ ပေါင်ပေါ်မှာ
ဒီအတိုင်း တင်ရိုက်ရတာပဲ။ ဟဲဟဲ။ ဟိုလူကကြည့် ဒီလူကကြည့်။ တကယ်မိတယ်ကွ။"
"ကြာကြာရိုက်တော့ မင့်ပေါင်တွေ မပူဘူးလား။" "ပူတာပေါ့ကွ။ ပေါင်တင်မကဘူး။
ရှုးတိုးတိုး။ ချိုးကော ငုံးဥတွေကော တော်တော်ပူတယ်ကွ။ ဒီလိုပဲ အိုက်တင်နဲ့
ကြိတ်ခံရတာပေါ့ကွာ။ ဟီးဟီး။" ပူသာပူ လူကဣန္ဒေမပျက်။ လက်ဖက်ရည်ဆိုင်မှာ
လမ်းထိပ်မှာ ဈေးထောင့်မှာ ကားမှတ်တိုင်မှာ တကုပ်ကုပ်နှင့်
အလုပ်ရှုပ်နေသလို ကွန်ပျူတာကို ပေါင်ပေါ်မှာတင်ပြီး ရိုက်နေမြဲ။ အလုပ်ကနား
အားနေပါကလည်း ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး ရုပ်ရှင်ကြည့်မြဲ။
သီချင်းဖွင့်မြဲ။ "ကိုယ့်ဘာသာ ကိုယ်တင်တာ ဘာဖြစ်လဲ။ ဘာဖြစ်လဲ။"
ဘာဖြစ်လဲဆိုတာ သူ့ကိုသေသေချာချာ ရှင်းပြခဲ့ဘူးပါသည်။
အမျိုးသား မျိုးပွားအင်္ဂါစုသည် အပူကိုကြောက်ပါသည်။ ခန္ဓာကိုယ်တွင်း၏ သာမန်
အပူချိန်ကိုပင် ခံနိုင်ရည် မရှိပါ။ ထိုအပူချိန်တွင်သူတို့ ကောင်းကောင်း
အလုပ်မလုပ်နိုင်ကြပါ။ ထို့ကြောင့်လည်း ထိုအင်္ဂါတစ်ပြုံလုံးကို အပြင်နားမှာ
ထင်ရှားစွာ ထုတ်ထားရသည် မဟုတ်ပါလား။ သူတို့ ကောင်းကောင်း အလုပ်မလုပ်လျှင်
ဘာဖြစ်ပါသလဲ။ ရှင်းပါသည်။ ကလေးမရနိုင်ပါ။ "ဒီလင်မယား ကလေးမရနိုင်လို့
ဆေးသွားစစ်တာကွ။ ရှက်လိုက်တာကွာ။ ဆရာဝန်က ငါ့ကြောင့် ကလေးမရတာလို့
ပြောလိုက်တယ်ကွ။"
"ဟေ။ အစက ငါမပြောဘူးလား။ ပေါင်ပေါ်တင်ရင် မြုံတတ်ပါတယ်ဆိုတာကို။ မင်းက
နားမ မထောင်တာ။ တစ်ချိန်လုံး တင်မယ်တင်မယ် ဆိုတာချည်းပဲ။"
စိတ်ပေါက်ပေါက်နဲ့ ပိတ်ငေါက်နေပေမယ့် မငယ်စဖူး တကယ်ထူးစွာ သေးသေးတာတာ
ဖြစ်နေသော သင်းမျက်နှာကို မြင်ရတော့ သနားချင်စရာ။ "ဟေ့ကောင်။ တအား
အော်မနေနဲ့။ ဒေါ်ပန်းပွင့်ကြီး ကြားသွားဦးမယ်။ စဉ်းစားကြည့်ပါဦး။
မင်းပြောတုန်းကလည်း နားထောင်ချင်စရာမှ မကောင်းတာ။ စက်ကပေါင်ပေါ်တင်ဖို့
လုပ်ထားတာလေကွာ။ ပြီးတော့ ဒီလောက်တောင် ပိုက်ဆံတွေ အကုန်ခံထားရပြီးမတော့
ပေါင်ပေါ်တော့ တင်မိတာပေါ့။ ကြွားလည်း ကြွားချင်တာကိုး။"
"တင်ပါဗျာတင်ပါ။ မင်းဘာသာ တင်တုန်းကတင်ပြီး ခုမှ ဘာလာပြောနေတာလဲ။" "စက်က
မင်းလိုက်ဝယ် ပေးတာလေကွာ။ အခု ဒီလိုဖြစ်လာတာ မင်းအပြစ်မကင်းဘူးလေ။
တစ်ခုခုတော့ လုပ်ပေးဦးမှပေါ့။" သူဘယ်လို အပြစ်တင်တင် သူဘာတွေပြောပြော
ဘာမှလုပ်ပေး၍ မရပါ။ အေးတာသာ ဆေးအရာဝင်ပါသည်။ အေးမည့်အချိန်ကိုသာ
အေးအေးဆေးဆေး စောင့်ရပါတော့မည်။ လူစွာလုပ်ပြီး ပူတာကို ပေါင်ပေါ်
ဆက်မတင်မိဖို့ကိုသာ တင်းတင်းကြပ်ကြပ် အကြံပေး ကန့်သတ်ရပါတော့သည်။
ရေးသူ - နွယ်မင်းလတ်
No comments:
Post a Comment