Wednesday, February 9, 2011

Website Reviews

တံဆိပ်ခေါင်းစုတာ?

လူတစ်ကိုယ် ၀ါသနာတစ်မျိုးတဲ့။ ကျွန်တော့်ညီလေးကဆို တံဆိပ်ခေါင်းအသစ်အဆန်းဟူသမျှကို ရသလိုစုဆောင်းတတ်တယ်။ သူစုထားတာတွေကို သူငယ်ချင်းတွေကို ပြပြီးကြွားရတာအမော။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကလည်း သီချင်းဆိုရတာ၊ အလှ အပအကြောင်း၊ အ၀တ်အစားဖက်ရှင် ဒီဇိုင်းစတာတွေအပေါ် စိတ်ဝင်တစားဝါသနာပါကြ တီထွင်ချုပ်လုပ်ကြနဲ့ အတော် အလုပ် များကြပါရဲ့။ ဒါပေမဲ့ ကိုယ်ဝါသနာပါရာ အကြောင်းအရာအပေါ် အာရုံစူးစိုက်နေရတာနဲ့ပဲ မောပန်းရမှန်း ပင်ပန်းရမှန်းသတိမထား ဖြစ်ကြဘူးလေ။

အခု ကျွန်တော့်ညီလေးလို ပြီးတော့ ရပ်ဝေးမြေခြား ချစ်သူငယ်ချင်းတွေဆီက ရောက်လာတဲ့ စာတွေထည့်တဲ့ စာအိတ်လှလှတွေ ပေါ်က တံဆိပ်ခေါင်းထူးထူးခြားခြားလေးတွေအကြောင်း စိတ်ဝင်တစားလေ့လာချင်သူတွေ၊ တံဆိပ်ခေါင်းကို ဘယ်လိုစုပြီး ကြာရှည် ခံဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာလေးတွေကို လေ့လာဝေငှဖို့အတွက် Website လေးတစ်ခုပြောပြချင်ပါတယ်။ http://worldstampnews.com ဖြစ်ပါတယ်။


ဆေးလိပ်ဖြတ်ချင်နေသလား?

ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်လိုက်ရင် ခံတွင်းချဉ်ပြေတယ်၊ စီးကရက်တစ်လိပ်ကို စတိုင်လ်ပါပါ ခဲထားရင်ပဲ ယောက်ျားပီသတယ်၊ ယောက်ျားဆိုတာ အကုန်လုပ်တတ်မှ ၊ စီးကရက်လေးသောက် တာလောက်တော့ဘာမှမဖြစ်ဘူး စတာတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကြားကြားနေရတာ။ မိမိယောက်ျားပီသတာ မပီသတာအသာထား လူရာဝင်ဖို့ အပေါင်းအသင်းဆံ့ဖို့ ဆေးလိပ်ခဲ မိကြရာကနေ ဆေးလိပ်ကြိုက်ကာ ဆေးလိပ်သမားဖြစ်သွားတတ်ကြတာ အမှန်ပါပဲ။

ဆေးပြင်းလိပ်၊ဆေးပေါ့လိပ်၊စီးကရက် ပုံစံမျိုးစုံထုတ်လုပ်ကြ ဖြန့်ချိကြတာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေမှာ ပိုများသလိုပါပဲနော်။ တိုးတက်ပြီး နိုင်ငံကြီးများမှာတော့ လူထုစုဝေးရာနေရာများမှာ ဆေးလိပ်သောက်ခွင့်မရှိ၊ ဆေးလိပ်သောက်သူများအတွက် နေရာသီးသန့်ထားပေးကြတယ်။ နေရာမရှိရင် အိမ်သာထဲမှာသွားသောက်ရတယ်။

ကိုယ်တိုင်သောက်သူရော မသောက်ဘဲ ဘေးကထိုင်ပြီး ဆေးလိပ်ငွေ့ရှူရသူပါ အဆုတ်ရောဂါ၊လေပြွန်ဆိုင်ရာရောဂါတွေရတတ် တာလည်း အမှန်တရားပါပဲ။ ဒါကြောင့်...

ကျန်းမာရေးအရပဲဖြစ်ဖြစ် ၊ ဆေးလိပ်မကောင်းကြောင်းသိသွားလို့ပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်ချင်နေပါသလား? တစ်ယောက်ယောက် ကို ဆေးလိပ်ဖြတ်ဖို့ အကြံဥာဏ်ရချင်နေတာလား?ဆေးလိပ်ဖြတ်နေဆဲ အခြေအနေ၊ ဆေးလိပ်ဖြတ်ဖို့အောင်မြင်ကာနီးအခြေအနေ စတာတွေပေါ်မူတည်ပြီး အကောင်းဆုံးကူညီအကြံဥာဏ်ပေးမဲ့ Website အကြောင်းပြောပြချင်ပါတယ်။ www.smokefree.gov တဲ့ သွားရောက်လေ့လာကြည့်ပါနော်။


ကိုယ်ဘာစားနေလဲ?

ကျွန်တော့်သူငယ်ချင်း ဆံသပညာရှင်တစ်ယောက်ကပြောတယ် အမြန်ရအစားအစာလေးတွေ ပေါများလာတာ သူ့အတွက်ကောင်း တယ်တဲ့။ ဆိုင်မှာ လူတွေအရမ်းကျလာတဲ့အခါ နေ့လည်စာ မနက်စာတွေကို ခပ်မြန်မြန်စားနိုင်တော့ အလုပ်ပိုတွင်ကျယ် တာပေါ့ ဆိုပဲ။ နောက်တစ်ယောက် မီဒီယာသမားသူငယ်ချင်းတစ်ယောက်က ကျန်းမာရေးနဲ့ညီညွတ်တယ်ဘာညာမတွေးနိုင်အားပါ ဘူးကွာ ဗိုက်မြန်မြန်ပြည့်ပြီး ကိုယ်တင်ဆက်မည့်အစီအစဉ်ကောင်းမွန်ဖို့ပဲ အာရုံဆိုက်မိပါတယ် တဲ့လေ။ ကျွန်တော့်ဆရာသမားက အင်္ဂလိပ် စာသင်ပြသူဆိုတော့ အတန်းချိန်တွေဆက်တိုက်ဖြစ်နေရင် ထမင်းသွားမစားဖြစ်ဘဲ အိတ်ထဲပါတဲ့ ပေါင်မုန့်တို့၊ တစ်ခါတလေ ဘာဂါ တို့ကို စားဖြစ်နေတာပါပဲဆိုတယ်ဗျ။

အခုပြောပြမယ့်ဆိုက်ကတော့ ကိုယ်စားသောက်နေတဲ့အစားအစာတွေထဲမှာ အမြန်ရအစားအစာတွေထဲမှာ ဘာဂါထဲမှာ ဟော့ဒေါ့ တွေထဲမှာ အဆီ ဘယ်လောက်ပါတာမျိုး အဟာရဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပေးနိုင်ပြီး အစားအသောက်တွေမှာပါတဲ့ အဟာရဓာတ်ပမာဏ ကိန်းဂဏန်းတွေကိုသိရှိနိုင်ပါတယ်။ http://www.nutritriondata.com ပါတဲ့နော်။


ကြိုက်နှစ်သက်ရာသတင်းလေးတွေပုံမှန်ဖတ်မယ်

ဟဲ့...ဟိုဖက်ရှင်ဒီဇိုင်နာက ဘယ်လိုဒီဇိုင်းတွေကို ရှိုးတစ်ခုအဖြစ် တင်ဆက်လိုက်ပြန်ပြီတဲ့၊ CK ကလေ ရေမွှေးအသစ် ကိုမိတ်ဆက် လိုက်ပြန်ပြီဆိုပဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခု ဒို့နိုင်ငံကိုလာရောက်လေ့လာမတဲ့၊ တင်းနစ်စတား ရာဖေးနာဒယ် လ် က ပွဲစဉ်တလျှောက်လုံး အနိုင်ရဗိုလ်စွဲသွားသတဲ့၊ ကင်ဆာရောဂါအတွက် ကုထုံးတစ်ရပ်ကို ဖော်ထုတ်နိုင်ပြီလေ....စတဲ့ စတဲ့ ကိုယ်သိချင်တဲ့ သတင်းအစုံအလင်ကို အခုပြောပြမယ့်ဆိုက်ကိုဝင်လိုက်တာနဲ့ နေ့စဉ်ပုံမှန်ဖတ်ရှုနိုင်မယ်။ တခြားဆိုက်ပေါင်းစုံ ကိုထပ်မံဖွင့်ပြီး  ကိုယ်ဖတ်ချင်တဲ့သတင်းမျိုးတွေရှာနေစရာမလိုတော့ဘူး။

ကြိုက်ရာ ကိုယ်နှစ်သက်ရာ စိတ်ဝင်စားရာ သတင်းလေးတွေကို စုစည်းပြီး မနက်ခင်းတိုင်း ဖတ်နိုင်ဖို့ဆို ဒီဆိုက်က အကူအညီပေး  နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ သတင်းလေးတွေကို သွားပြီးအမျိုးအစားစုစည်းကြည့်ပါဆို့နော်။ http://www.topicfire.com ပါတဲ့။

No comments: