ကြော်ငြာရှင်တွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ကြော်ငြာကြတာလဲလို့ ကျွန်တော်ကမေးရင် ကြော်ငြာရှင်များက "ဖြေစရာမလိုတဲ့ မေးခွန်းကြီး" လို့ပြောကြမှာပါ။ ဟုတ်ပါတယ်။ ကြော်ငြာတယ်ဆိုတာ ကိုယ့်ပစ္စည်းကို လူတွေသတိပြုမိဖို့ ဖြစ်ပြီး စမ်းသပ်သုံးစွဲမိဖို့(Trial) နဲ့ အခါခါထပ်ပြီးဝယ်ယူ (Repeat Purchase) ကြတဲ့အတွက် မိမိရဲ့ ကုန်ပစ္စည်းတွေရောင်းအားပိုပြီးတက်လာဖို့အဓိကဖြစ်ပါတယ်။
ဒါဆိုရင် ကြော်ငြာလို့အကျိုးသက်ရောက်မှုရှိသလို၊ အကျိုးမရှိဖြစ်သွားနိုင်တယ်၊ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိသွားနိုင်တယ်လို့ဆိုရင် ခင်ဗျားလက်ခံပါ့မလား။ ခင်ဗျားကကြော်ငြာလောကသားဆိုရင် မဖြစ်နိုင်ဘူးလို့ပြောမှာပါ။ ဒါဆိုရင်လက်တွေ့ဖြစ်ရပ်တစ်ခု ကျွန်တော် တင်ပြပါ့မယ်။ ၂၀၁၀ အနှောင်းပိုင်းမှာ Marketing Research Journal ထဲမှာ ဒီဖြစ်ရပ်အကြောင်းကို ဖတ်ရပါလိမ့်မယ်။
Northwestern University's Kellog School of Management ဟာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ဦးရေ (၁၂၀၀)ကို အင်တာဗျူးလုပ်ပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီကျောင်းသူ/ ကျောင်းသားတွေကို အရက်ဆန့်ကျင်ရေးပိုစတာနမူနာတွေကို ပြပြီးတော့ ဒီကြော်ငြာတွေအပေါ် တုန့်ပြန်ချက်တွေကို မှတ်တမ်းတင် ခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ အသုံးပြုခဲ့တဲ့ အရက်ဆန့်ကျင်ရေး ကြော်ငြာတွေကို အခြေခံပြီး နမူနာပိုစတာများကို ဖန်တီး(create) ခဲ့တာပါ။
ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အရက်ကိုအလွန်အကျွံသောက်လိုက်မိလို့ လူမှန်းမသိဖြစ်သွားရင် အန္တရာယ်ရှိတယ်။ ရှက်စရာကောင်း တယ်၊ ဒါကြောင့် အပြစ်ရှိတယ်ဆိုတာပါပဲ။
(၁) ခင်ဗျားမျက်စိထဲမြင်လာအောင် ကနေဒါနိုင်ငံအရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့က ထုတ်လုပ်တဲ့ပိုစတာအကြောင်းကို ပထမဆုံး ပြောပြာပါမယ်။ အဲဒီပိုစတာကတော့ အမူးလွန်နေတဲ့ လူငယ်တစ်ယောက်ဟာ အိမ်သာအိုး(commode)ထဲကို အန်ချနေတာကို အပေါ်စီးကရိုက်ပြ ထားတဲ့ပိုစတာပါ။ "ကျွန်တော့်ဘ၀တစ်လျှောက်လုံးရဲ့ အကောင်းဆုံးညပါပဲ" ဆိုတဲ့စာတမ်းကို သူ့ခေါင်းနဲ့ တစ်ပြေးညီမှာ ပုံနှိပ်ထားပါ တယ်။
(၂) ဒုတိယပိုစတာကတော့ ကနေဒါနိုင်ငံ Sashatchewan ပြည်နယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ပိုစတာပါ။ အမျိုးသမီး ငယ်တစ်ဦးဟာ ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေရင်း ညာဘက်လက်က အရက်ပုလင်းကို ကိုင်ထားပါတယ်။ ပိုစတာဓာတ်ပုံရဲ့ အောက်တည့်တည့် မှာတော့ "ဒီနေရာဟာ သူနေတဲ့ ကောလိပ်ကျောင်းအဆောင်လို့ မဆိုနိုင်ပါဘူး" လို့ပုံနှိပ်ထားပါတယ်။
ကြော်ငြာဖန်တီးသူတွေကတော့ အရက်အလွန်အကျွံသောက်လိုက်မိလို့လူမှန်းမသိအောင်ဖြစ်သွားရင် အန္တရာယ်ရှိတယ်၊ ရှက်စရာ ကောင်းတယ်၊ ဒါကြောင့် အပြစ်ရှိတဲ့လုပ်ရပ်ဆိုတာကို လူငယ်တွေသိစေချင်၊ နားလည်စေချင်တာပါ။ ဒါပေမဲ့ နမူနာပိုစတာတွေ ကြည့်ပြီး နောက် လူငယ်အများစုရဲ့တုံ့ပြန်ချက်ကတော့ ကြော်ငြာဖန်တီးသူတွေ မျှော်မှန်းထားတာမျိုးမဟုတ်ပါဘူး။ အချို့လူငယ်တွေဟာ ဒီ ကြော်ငြာတွေကို မြင်မြင်ချင်းပဲ လက်မခံတဲ့တုန့်ပြန်မှုတွေပြသကြပါတယ်။ တချို့ဆိုရင် ဒီပိုစတာကို ကြည့်ပြီးတာနဲ့ အရက်သွားသောက် ဖို့တောင် ဖြစ်နိုင်ချေရှိပါတယ်။ ဘာကြောင့် ဒီလိုတုန့်ပြန်ကြတာပါလဲ။
ဒီလေ့လာချက်ပြုလုပ်တဲ့ ကောလိပ်က မားကတ်တင်းပါမောက္ခ ရဲ့မှတ်ချက်က "မိမိမှာ အပြစ်ရှိတယ်၊ ဒါမှမဟုတ် ရှက်စရာကောင်းတယ် ဆိုတာမျိုး ခံစားနေရတဲ့လူတွေဟာ နောက်ထပ် ဒီလိုခံစားချက်မျိုးနဲ့ ထိပ်တိုက်တွေ့ရရင် 'ဒါဟာငါနဲ့မဆိုင်ဘူး' လို့မိမိကိုယ်ကိုမိမိ ကာကွယ်တွေးတောပြီး မိမိကိုပြတဲ့ ပိုစတာမှာ ပါတဲ့အကြောင်းအရာကို ခေါင်းထဲအ၀င်မခံပါဘူး။ ဒါမှသာ သူတို့ရဲ့ ခံစားမှုဟာ သက်သာ ရာရမှာပါ" လို့ပြောပါတယ်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့အချက်ကတော့ လူဆိုတာ(အတန်းကျောင်းစပြီးနေတဲ့ အရွယ်ကစပြီး) ကိုယ်လုပ်တာမှန်တယ် မမှန်ဘူး၊ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို သိပါတယ်။ မသိလို့ လုပ်နေတာမဟုတ်ပါဘူး။ လုပ်ချင်လို့ လုပ်ခွင့်ရလို့ လုပ်နေတာပါ။
ဒါပေမဲ့ မလုပ်သင့်တာကို လုပ်ပြီးရင်တော့ မသိစိတ်ထဲမှာ 'ငါအပြစ်လုပ်မိပြီ' လို့ ခံစားရပါတယ်။ လူရဲ့သဘာဝအတိုင်း မိမိကိုယ်ကို ဆင်ခြေပေးပြီး ဒီလိပ်ပြာမလုံတာကို ဖျောက်လေ့ရှိပါတယ်။ နောက်ထပ် မလုပ်သင့်တာကို မလုပ်တော့ဘူးဆိုရင်တောင်မှ ဒီလိပ်ပြာ မလုံတဲ့စိတ်ဟာ ပျောက်ကွယ်မသွားပါဘူး။
ပါမောက္ခ Agrawal က နောက်ဆုံးအနေနဲ့ ပြောတာကတော့ 'ရှင်ဟာ ကျောင်းသားတစ်ယောက်ကို စာမေးပွဲမှာ စာခိုးချတဲ့အကြောင်း ပြောနေရင်း နမူနာပိုစတာတစ်ခုကိုသာ ပြလိုက်ရင် သူဟာအရက်ဆိုင်ကို တန်းပြီးသွားလိမ့်မယ်လို့ ကျွန်မလောင်းရဲတယ်' ဟုဆိုပါတယ်။
နောက်ဥပမာလေးတစ်ခု ထပ်ပြောချင်ပါတယ်။ အတုမြင်၊ အတတ်သင်တတ်တဲ့သဘာဝနဲ့ ကြော်ငြာတွေကြောင့် ဖြစ်လာတတ်တဲ့ ဘေး ထွက်ဆိုးကျိုးပါ။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားဟာ အကျယ်ပြန့်ဆုံး မီဒီယာတစ်ခုဖြစ်တဲ့အတွက် လူကြီးကလေးမရွေးကြည့်ကြပါတယ်။ ကျောင်းမနေသေးတဲ့ ကလေးတွေတောင်မှ ကြော်ငြာသီချင်းအတော်များများကို လိုက်ပြီးဆိုနိုင်ခြင်း၊ သရုပ်ဆောင်အတော်များများကို နာမည်နှင့်လူတွဲပြီး သိနေခြင်းတို့ကိုထောက်ရှုခြင်းအားဖြင့် ကြော်ငြာပရိတ်သတ်ထဲမှာ ပါဝင်တဲ့ ကလေးပရိတ်သတ်ပမာဏကို ခန့် မှန်းကြည့်နိုင်ပါတယ်။ အချို့မိဘတွေဆိုရင် တီဗွီကြော်ငြာကို တိပ်ခွေတစ်ခွေလုံး (VHS tape) အပြည့်သွင်းထားပြီး ကလေးငြိမ်နေရန် ပြထားတတ်တာကိုတောင် တွေ့ဖူးပါတယ်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ နောက်ဆုံးအပတ်ထဲမှာ ထီးကြော်ငြာလေးတစ်ခုကို သတိထားမိလိုက်ပါတယ်။ အဆောက်အဦတစ်ခုအပေါ်ကနေ ထီးကိုလေထီးသဘောမျိုးအသုံးပြုပြီး လူကြီးနှစ်ယောက်ခုန်ချတဲ့ပြကွက်ကိုပြသွားပါတယ်။ ထီးရဲ့ခိုင်ခံ့မှုကို တင်စားဖော်ပြသွားတာ ဖြစ် နိုင်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တစ်ဦးမှာ ပထမတန်းကျောင်းသားတစ်ဦးရှိပါတယ်။ နိုင်ငံခြားတွင်ရှိသော အဒေါ်များပို့ပေး လိုက်သော စူပါမင်းဝတ်စုံကိုဝတ်ပြီး မိမိနေထိုင်သော ပထမအထပ်ပြတင်းပေါက်မှ လမ်းပေါ်သို့ခုန်ချရာမြေညီထပ်တွင်မိုးထားသော တာပေါ်လင်အမိုးခံနေသောကြောင့်သာ သေတွင်းထဲမရောက်ခဲ့ပါ။
နောက်ထပ် လုပ်ဖော်ကိုင်ဘက်၏မောင်တစ်ဝမ်းကွဲမှာတော့ လှေခါးတိုင်တွင် အပ်ချည်ကြိုးတစ်စချည်၊ မိမိခါးတွင် တစ်စချည်ပြီး လှေ ကားထိပ်မှ ခုန်ချ၍ စပိုက်ဒါမင်းလုပ်တမ်း ကစားရာမှ နဖူးကွဲသွားပါသည်။ နဖူးကွဲသည်နှင့် ပြီးသွား၍သာတော်ပါတော့သည်။
ထီးကြော်ငြာကိုကြည့်ပြီး ကလေးတစ်ဦးဦးက ယင်းထီးကိုဖွင့်ဆောင်းကာ အိမ်ဝရံတာ၊ ကျောင်းဝရံတာကနေ ခုန်ချလိုက်ရင်တော့ ကလေးရဲ့ကံကြမ္မာကို တွေးမကြည့်ဝံ့ပါ။
ပြောချင်တာကတော့ ကြော်ငြာတစ်ခုဖန်တီးရာမှာ မိမိကြော်ငြာရဲ့ ရည်ရွယ်ချက်နဲ့တင်ဆက်မှုပုံစံဟာ၊ ကိုယ့်ရဲ့ကုန်ပစ္စည်းအတွက်၊ အမှတ်တံဆိပ်အတွက် အကျိုးအပြင် အပြစ်ဘာတွေ ဖြစ်လာနိုင်သလဲ။ အခြားဘေးထွက်ဆိုးကျိုးဘာတွေရှိလာနိုင်သလဲဆိုတာကို ထည့်ပြီး စဉ်းစားနိုင်ကြရင် ကောင်းမှာပါဆိုတာပါပဲ။
အောင်ကျော်ဦး
(မီဒီယာသုတေသန)
Resource: UNFCCI – Business – Vol: 10, No.4 – June 2010
No comments:
Post a Comment