Friday, August 20, 2010

မသေခင်ဘာလုပ်ကြမလဲ

-->
လူသားတွေရဲ့ ဘ၀မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားဟာ လူသားအားလုံးနဲ့သက်ဆိုင်နေလို့ပါပဲ။

လူသားတစ်ဦးချင်းမှာ သူ့ဘ၀နဲ့သူ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေ အသီးသီးရှိကြပါလိမ့်မယ်။ သူ့ရဲ လက်ရှိဘ၀၊ လက်ရှိအနေ အထားနဲ့ လက်ရှိခံစားချက် အပေါ်မူတည်ပြီး စိတ်ဝင်စားကြမှာမို့ လူသားတစ်ဦးနဲ့ တစ်ဦးရဲ့ စိတ်အ၀င်စားဆုံးအရာတွေဟာလည်း မတူ ထူးခြားကွဲပြားနေကြမှာ မလွဲပါဘူး။

ကုန်သည်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ကုန်ပစ္စည်းတစ်ခုဟာ ဆေးပညာရှင်တစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ ဆေးပညာရှင်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ဆေးကုထုံးတစ်ခုဟာလည်း ကုန်သည်တစ်ယောက်အတွက်တော့ စိတ်ဝင် စားစရာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကုန်သည်တစ်ယောက် စိတ်အ၀င်စားဆုံးအရာဟာ ဆရာဝန်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်သလို ဆရာဝန်တစ် ယောက် စိတ်အ၀င်စားဆုံးအရာဟာလည်း ကုန်သည်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်လို့ပါပဲ။
ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တောင်မှ စိတ်အ၀င်စားဆုံး မဟုတ်တာဟာ လူ့သဘာဝ တစ်ခု ဖြစ်ပါတယ်။

အသိဥာဏ်ရှိတဲ့ လူသားမှန်ရင် ကိုယ့်ဘ၀ရဲ့ တိုးတက်မှုကို လိုလားရစမြဲမို့ ကိုယ်နဲ့မသက်ဆိုင်တာကို စိတ်ဝင်စားနေရင် ကိုယ့်ဘ၀ ဘယ်တိုးတက်နိုင်ပါတော့မလဲ။ ဒီတော့ ကိုယ့်ဘ၀ တိုးတက်မှုနဲ့ မသက်ဆိုင်တာတွေကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ ရင်တောင်မှ အ၀င်စားဆုံးအရာ မဟုတ်တာဟာ သဘာဝကျပါတယ်။

ဒါပေမဲ့ သေခြင်းတရားကျတော့ လူသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိ ဂုဏ်မဲ့မရွေး၊ ဥာဏ်နုဥာဏ်ရင့် မရွေး၊လူသားအားလုံးနဲ့ တပြေးညီ သက်ဆိုင်နေပါတယ်။ အသက်ကြီးသူတွေနဲ့သာမကဘဲ အသက်ရွယ်သူတွေ၊ အသက်ငယ်သူတွေ နဲ့ပါ သက်ဆိုင်နေတာဟာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လူသားအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် သေခြင်းတရားဟာ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပါတယ်။

တချို့က သေခြင်းတရားကို သိသိသာသာ စိတ်ဝင်စားကြပါတယ်။ တချို့က ကိုယ့်ကိုယ်ကို သေခြင်းတရားကို စိတ်ဝင်စားလို့ ၀င်စားနေ မှန်းမသိဘဲ (လုံးဝစိတ်မ၀င်စားဘူးလို့တောင် အထင်ရောက်နေရက်နဲ့) စိတ်ဝင်စားနေကြပါတယ်။ ကိုယ်ကသာ စိတ်ဝင်စားနေမှန်းမသိ တာ၊ ကိုယ့်စိတ်ကတော့ မသိမသာ စိတ်ဝင်စားနေပါတယ်။

လောကီအလုပ်တွေကို အရှိန်အဟုန်နဲ့ အပင်ပန်းခံ လုပ်နေတာဟာ မသေခင် ခံစား စံစားဖို့၊ လောကုတ္တရာဟာ သေပြီးနောက် ခံစား စံစားဖို့၊ ဒါမှမဟုတ် သေခြင်းတရားက လွတ်မြောက်ဖို့။ သေခြင်းတရားကိုပဲ စံထားပြီး လူသားတွေ အလုပ်လုပ်နေကြတာပါ။
'မသေခင်' ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လူသားတွေ အလုပ်လုပ်နေကြတာပါ။

တချို့က သေခြင်းတရားအကြောင်း ပြောတာ မင်္ဂလာမရှိဘူးလို့ ယူဆကြပါတယ်။ တက်တက်စင်မှားတဲ့ အယူအဆပါပဲ။
သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိတော့ပါဘူး။ သေခြင်းတရားအကြောင်း တွေးတောခြင်းဟာ လည်း လောကမှာ ကျက်သရေ အရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင်သတိရနေမှသာ မသေခင် အခိုက်အတန့်ကာလလေးကို လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်၊ အလုပ်သင့် အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါပဲ။
လူသားတိုင်းမှာ ကိုယ့်ကိုယ်ကို မကြာခဏ မေးသင့်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူတဲ့ မေးခွန်း တွေလည်း ရှိသလို မတူတဲ့ မေးခွန်းတွေလည်း ရှိပါလိမ့်မယ်။

'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့ မေးခွန်းကတော့ လူသားအားလုံးရဲ့ တူညီတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ ကိုယ့် ကိုယ်ကို မကြာခဏ မေးသင့်တဲ့ မေးခွန်းတွေထဲမှာ အရေးအကြီးဆုံး ဘ၀မေးခွန်းကတော့ 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့မေးခွန်းပါပဲ။

 တိုးတက်ချင်တဲ့သူဆိုတာ မေးခွန်းတွေကို ချစ်မြတ်နိုးတတ်ရပါတယ်။ မေးခွန်းတွေကို ကြောက်ရင် မတိုးတက်နိုင်ပါဘူး။ စာမေးပွဲဆိုတာ မေးခွန်းတွေနဲ့ တည်ဆောက်ထားတာပါ။

ပညာရည်တိုးတက်လိုတဲ့သူဟာ စာမေးပွဲမှာ မေးထားတဲ့မေးခွန်းတွေကို ပျော်ပျော်ကြီးဖြေဆိုရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ ဖြေဆိုနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ ပညာအရည်အချင်းဟာလည်း တိုးတက်မြင့်မားလာရပါတယ်။ စာမေးပွဲတစ်ခု အောင်ပြီးတိုင်း ပညာရည်တစ်ဆင့် မြင့်လာတာဟာ မျက်မြင်ထင်ရှားတဲ့ သဘာဝတရားကြီးပါ။
ဘ၀အရည်အသွေး မြင့်မားလိုသူတိုင်း ဘ၀စာမေးပွဲရဲ့ မေးခွန်းတွေကို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်ရပါမယ်။ မှန်မှန်ကြီး ဖြေဆိုနိုင်ရပါမယ်။

ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြှင့်တင်ပေးမယ့် ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲဆိုတဲ့ မဟာမေးခွန်းကြီးပါပဲ။
မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းထဲမှာ အပိုင်းနှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက မသေခင် ဆိုတဲ့ အပိုင်းပါ။ တစ်ပိုင်းက ဘာလုပ်ကြမလဲ ဆိုတဲ့ အပိုင်းပါ။

မသေခင် ဆိုတဲ့ အပိုင်းနဲ့ သေခြင်းတရားကို သတိရအောက်မေ့ဖို့၊ ကိုယ့်ဆီ မလွဲမသွေ ရောက်လာမယ့် သေခြင်းတရားကို ဧည့်သည်ကောင်းပမာ ကျေကျေနပ်နပ် လက်ခံဖို့၊ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ ဘ၀ဟာ အချိန်ကာလအားဖြင့် ခဏတာလေးမျှသာ ဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့ ရည်ညွှန်းပါတယ်။

ဘာလုပ်ကြမလဲ ဆိုတဲ့အပိုင်းနဲ့ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ မသေခင် တစ်ခဏ ဘ၀တိုလျလျလေးကို တလေးတစား တန်ဖိုးထားတတ်ဖို့၊ အလုပ်ပိုနဲ့ အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကို ခွဲခြားသိမြင်ပြီး အလုပ်ပိုတွေ၊ အကာအလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေကို အစွမ်းနိုင်ဆုံး ဆောင်ပွားဖို့၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေ ကို အရည်အသွေးပြည့်မီအောင်၊ အပြီးအဆုံး ပေါက်မြောက်အောင် အားထုတ်ဖို့ ရည်ညွှန်းပါတယ်။

သေခြင်းတရားကို သတိရအောက်မေ့တာ၊ သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့၊ စိတ်ဓာတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။

သေခြင်းတရားကို နည်းမှန်လမ်းမှန် ပွားများတတ်ရင် စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ လုံးဝ ပျောက်ကင်းတဲ့အပြင် စိတ်ဓာတ်တွေ ခိုင်မာလာမယ်၊ စိတ်အရည်အသွေးတွေ မြင့်မားလာမယ်။ အသိဥာဏ် ရင့်ကျက်လာမယ်၊ ကိုယ်တကယ်လုပ်ရမယ့် အဓိကအလုပ်ဟာ ဘာလဲဆိုတာ ခွဲခြားတတ်လာမယ်။ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြီးစီးအောင် လုပ်တတ်လာမယ်။ ကောင်းကျိုးတရားတွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။
သေခြင်းတရားကို တွေးတဲ့စိတ်ဟာ အဖျက်စိတ်မဟုတ်ပါဘူး၊ အပြုစိတ်ပါ။ သေခြင်းတရားကို သတိရတဲ့ သဘောဟာ အဖျက်သဘော မဟုတ်ပါဘူး၊ အပြုသဘောပါ။

အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို အရှိန်အဟုန်ကောင်းကောင်း၊ အင်အားပါပါ၊ စွမ်းရည် ပြည့်ပြည့် လုပ်ဆောင်နိုင်ဖို့အတွက် 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့တရားကို ဒီနေ့ဟောရခြင်းဖြစ်ပါတယ်။
ဒီနေ့ (၂၇-၁၂-၉၇)ဟာ ၁၉၉၇ခုနှစ်ကုန်ဖို့ လေးရက်ပဲလိုတော့တဲ့နေ့ ဖြစ်ပါတယ်။ နောက်လေးရက်လွန်ရင် ၁၉၉၈ ခုနှစ်ကို ရောက်ပါ တော့မယ်။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင် သုံးသပ်ရပါမယ်။

'နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ မသေခဲ့ပေမယ့် နှစ်သစ်ကို ရောက် တာနဲ့ ငါ့အသက် တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်'
အဲဒီလို သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။

'နှစ်ဟောင်းမှာ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့လား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့လား။ အနှစ်အလုပ် တွေ လုပ်ခဲ့တယ်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာအထိ လုပ်ခဲ့လဲ၊ ဘယ်လောက် အရည်အသွေးပြည့်မီအောင် လုပ်ခဲ့လဲ'

'နှစ်သစ်မှာရော၊ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းမှာလား၊ အလုပ်လိုတွေ၊အနှစ်အလုပ်နေတွေနဲ့ အချိန်သုံးမှာလား။ အနှစ် အလုပ်တွေ လုပ်မယ်ဆိုရင်လည်း ဘယ်လောက်အတိုင်းအတာအထိ လုပ်မှာလဲ။ ဘယ်လောက်အရည်အသွေးပြည့်မီအောင် လုပ်မှာလဲ'

အဲဒီလို မသေခင်လုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှလုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။

ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကာလဟာ မသေခင်အချိန်ပိုင်းလေးမျှသာ ဆိုတာကို အမြဲသတိရနေမှ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မြန်မြန်ထက်ထက် သွက်သွက်လက်လက်နဲ့ အချိန်မီ ပြီးစီးအောင်၊ အကောင်းဆုံး ပြည့်စုံအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရဖို့ လိုအပ်ပါတယ်။

မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ ဘာအလုပ်တွေ လုပ်မယ်၊ ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း ကြိုတင်စီမံကိန်းချ ထားရပါမယ်။ တချို့အလုပ်တွေဆိုရင် မလုပ်မဖြစ် လုပ်မယ်လို့ကို အဓိဋ္ဌာန်ဆောက်တည်ထားရပါမယ်။
ဒါ့ကြောင့် ဒီနေ့ တာမွေမြို့နယ်၊၁၃၃လမ်း၊လူငယ်များနဲ့ လမ်းမိသားစုက ပထမအကြိမ် ဆင်ယင်ကျင်းပတဲ့ နှစ်သစ်ကူး အကြိုတရားပွဲမှာ အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားကို အမြဲဆင်ခြင်သတိရဖို့နဲ့၊ မသေခင်အချိန်ပိုင်းလေးမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်သွားနိုင်ဖို့ 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့တရားကို ဟောရခြင်းဖြစ်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
- တကယ်မသေခင် အစမ်းသေကြည့်ကြရအောင် စာအုပ်ငယ်မှ

No comments: