လက်ဖက်ရည်ဆိုင်ဆိုတာ သည်ဘက်ခေတ်မှာတော့ မြန်မာတွေရဲ့ နေ့စဉ်လူနေမှုဘ၀ထဲမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ မြန်မာလူငယ်နဲ့ လက်ဖက်ရည်ဆိုင်ဆိုတာ ခွဲခြားလို့ မရပါဘူး။ လူငယ်မှန်ရင် လက်ဖက်ရည်ဆိုင်နဲ့ ကင်းကွာလို့ မရဘူးလို့ဆိုရမှာဖြစ်သလို လူငယ်တွေရဲ့ အချိန်တော်တော်များများက လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်နေတယ်လို့ ဆိုရပါမယ်။ မနက် ခင်း မိုးလင်းတာနဲ့ မနက်စာဖြည့်ဖို့ လက်ဖက်ရည်ဆိုင်၊ နေ့လည်မှာလည်း ဗိုက်ဖြည့်ဖို့၊အဆာပြေဖြည့်ဖို့ လက်ဖက်ရည်ဆိုင်၊ ညနေ ဘက် ကျောင်းဆင်း၊ ရုံးဆင်းပြန်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖို့ လက်ဖက်ရည်ဆိုင်၊ ညဘက်လည်းပျင်းတော့ ခဏ တဖြုတ် လက်ဖက်ရည်ဆိုင်၊ နိုင်ငံခြားဘောလုံးပွဲ ကြည့်ဖို့ လက်ဖက်ရည်ဆိုင် စသဖြင့် အိပ်ယာကနိုးလို့ မျက်စိနှစ်လုံး ပွင့်လာတဲ့အချိန် ကနေ ညအိပ်ယာဝင်ကာနီးအထိ လက်ဖက်ရည်ဆိုင်က ပတ်သက်နေတော့တာကိုး။ တစ်နေ့တာမှာ လက်ဖက်ရည်ဆိုင်မှ မထိုင်လိုက်ရ ရင်ကို အဲသည့်နေ့က တစ်ခုခု လိုအပ်နေသလို ရင်ထဲမှာ ဟာတာတာနဲ့။
လက်ဖက်ရည်သောက်ခြင်း အလေ့အထကို ဗြိတိသျှလူမျိုးတွေက စခဲ့ကြတယ်ဆိုပဲ။ ကိုလိုနီခေတ်က ဗြိတိသျှလူမျိုးတွေက လက်ဖက် ရည်သောက်ခြင်းအလေ့အထကို သယ်ဆောင်လာတာကို တွေ့ရပြီး၊ ဂုဏ်သရေရှိ ပွဲလမ်းသဘင်တွေမှာ ဒါဘာပွဲတွေမှာ၊ လက်ဖက်ရည် ပွဲပါတီတီးပါတီတွေ လုပ်ခဲ့ကြတာကနေ နောက်ပိုင်း လက်ဖက်ရည်သောက်ခြင်း အလေ့အထကသည်မှာ ထွန်းကားလာခဲ့တယ်လို့ ပြော ရပါမယ်။ ၁၉၈၅ နောက်ပိုင်းမှာတော့ လက်ဖက်ရည်ဆိုင်ဈေးကွက်က တစ်နှစ်ပြီးတစ်နှစ် ကျယ်ပြန့်လာခဲ့တာ တွေ့ရပါတယ်။ လူငယ် တွေနဲ့ လက်ဖက်ရည်ဆိုင်ဆိုတာ ခွဲခြားလို့ မရသလောက် ဖြစ်သွားတယ်။ အခုဒီဘက်ခေတ်မှာ ကော်ဖီဆိုင်၊ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင် တွေ အများကြီးပေါ်ပေါက်လာပေမဲ့ လက်ဖက်ရည်ဆိုင်မှာတော့ လူငယ်တွေ စုဖွဲ့ထိုင်နေတုန်းပဲ။
လက်ဖက်ရည်ဆိုင် ရောက်တာနဲ့လူငယ်တွေ ငြင်းခုန်မယ်၊ အတင်းအဖျင်းပြောမယ် စကားဖလှယ်ကြမယ်ဆိုတော့ကာ လူငယ်စုရပ်လို့ ပြောရမလား Meeting point လို့ပဲဆိုရမလား။ သွားသုတ်သုတ် စားသုတ်သုတ် ခေတ်ကြီးမှာ နံနက်စာ၊ နေ့လယ်စာကို သည်လက်ဖက် ရည်ဆိုင်မှာပဲ ပြီးတတ်ကြတော့ Eating point လို့ပဲဆိုရမလား။
လူငယ်တွေရဲ့ အချိန်တော်တော်များများကို ကြည့်လိုက်ရင် လက်ဖက်ရည်ဆိုင်မှာ အများဆုံးတွေ့ရမှာဖြစ်သလို သူငယ်ချင်းတွေ တရုန်း ရုန်းနဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လွတ်လွတ်လပ်လပ် ငြင်းခုံ၊ ပြောဆိုနေတာတွေနဲ့ ကျေနပ်နေကြတာပဲ။ အချိန်ဖြုန်းတီးလို့ အပြစ် တင်တယ် ပြောရပေမဲ့ သည်လက်ဖက်ရည်ဆိုင်ထိုင် လူငယ်တွေထဲကပဲ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ ဘယ်နှစ်ယောက် ပေါ်ထွက်လာမယ်ဆိုတာ မသိနိုင်ဘူးလေ။
လူငယ်တွေတင်မကဘူး လူကြီးတွေဆိုရင်လည်း လက်ဖက်ရည်ဆိုင်မှာ စုကြပြီးတော့ ဂျာနယ်တွေဖတ်၊ သတင်းထူးသတင်းဦးတွေ၊ ဘာ သာရေး၊ သာရေးနာရေးသတင်းတွေ (သူတို့မှာလည်း အတင်းအဖျင်းတွေ ပါတာပေါ့) သားရေးသမီးရေး၊ မြေးရေး သူ့ထက်ငါအပြိုင် ဆွေးနွေးကြတာပဲ။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလေ့အထတွေထဲမှာ တစ်ဦးတည်းထိုင်တာနည်းတယ်လေ။ လက်ဖက်ရည်တစ်ခွက် လောက်နဲ့ ရေနွေးကြမ်းအိုးနဲ့ တစ်နေကုန်နီးနီး ထိုင်အချိန်ပေးနေကြတာတွေလည်းရှိရဲ့။
နောက်တစ်ခုက သည်ဘက်ခေတ်မှာ မြို့နေလူတန်းစားတွေအတွက် ဧည့်ခံစရာနေရာကလည်း ကျပ်တည်းတယ်လေ။ ဧည့်သည်လာရင် ကိုယ့်အိမ်မှာ တကူးတကဧည့်မခံကြတော့ဘဲ လက်ဖက်ရည်ဆိုင်ခေါ်ပြီး ဧည့်ဝတ်ပြုကြတာလည်း အလေ့အထလိုဖြစ်နေပြီ။
လက်ဖက်ရည်ဆိုင် ထိုင်တတ်တဲ့ ဓလေ့တွေ များများလာသလို လက်ဖက်ရည်ဆိုင်တွေကလည်း တစ်နေ့တခြား များများပဲ။ လမ်းတစ် လမ်းမှာ လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင် မရှိတော့ရင်ဘဲ လမ်းအင်္ဂါရပ်နဲ့ မညီဘူးလို့ ပြောရမလို ဖြစ်နေပြီ။
ဘာလို့လဲဆိုတော့ ရန်ကုန်မှာပဲ ကြည့်လိုက်မယ်ဆိုရင် လမ်းတိုင်းမှာ၊ ရပ်ကွက်တိုင်းမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တော့ အနည်း ဆုံးရှိတာ တွေ့ရပါလိမ့်မယ်။ အချို့လမ်းဆုံလမ်းခွတွေမှာဆို မျက်နှာချင်းဆိုင်၊ ဟိုဘက်သည်ဘက်မှာ၊ ကပ်လျက်စသဖြင့် ရှိနေတာပဲ။ များလာလို့ ဘယ်လက်ဖက်ရည်ဆိုင်မှာများ လူမထိုင်တာတွေ့ဖူးလဲ။ သူ့ဖောက်သည်နဲ့သူဆိုင်ရှိနေတာ တွေ့ရတာပဲ မဟုတ်လား။ လက်ဖက်ရည်ဆိုင်ဆိုလို့ ပုံစံမျိုးစုံနဲ့ ဖွင့်ကြတာလည်း တွေ့ရတယ်။
လက်ဖက်ရည်ဆိုင်တွေ များလာသလို ဖောက်သည်တွေကလည်း လက်ဖက်ရည်ဆိုင်ဆို ရွေးထိုင်လို့ ရနေပြီ။ သည်ဆိုင်မကြိုက်ရင် နောက်တစ်ဆိုင်ပေါ့။ သည်ဘက်ခေတ်ကို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုတစ်ခေတ်လို့ ပြောလို့ရအောင်ကို လူငယ်နဲ့ လက်ဖက်ရည် ဆိုင်ဟာ ဒွန်တွဲနေတာ တွေ့ရမှာပါ။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ လက်ဖက်ရည်ဆိုင်တွေကလည်း တစ်ဖြည်းဖြည်း အပြင်အဆင်ကအစ တိုးတက်လာတယ်။
ဟိုတုန်းကဆိုရင်တော့ လက်ဖက်ရည်ဆိုင်ဆိုတာ ဆိုင်နဲ့ကနားနဲ့ မတွေ့ရသလို သည်လောက်လည်း ပေါပေါများများမတွေ့ရပါဘူး။ ရန်ကုန်မြို့ပြကြီးမှာတောင် တိုက်လှေကားခြေရင်းလောက်မှာ ခွေးခြေခုံလေးတွေနဲ့ ချရောင်းကြတာ လောက်ပဲ။ ဆိုင်ကြီးအနေနဲ့ အခမ်းအနားအပြင်အဆင်ကြီးကြီးနဲ့မရှိသလောက်ဘဲ။ အဲဒီလမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ သီချင်းဖွင့်တာတို့၊ ဘောလုံးပွဲပြ တာတို့ ဘယ်လို Entertainment မှမရှိသလို ဘယ်လိုဆွဲဆောင်မှုမျိုးမှမရှိဘူး။ စီးပွားဖြစ်တဲ့ လုပ်ငန်းတစ်ခုလို့လည်း ထင်မြင်ယူဆ စရာမရှိဘူး။ သည်တစ်ဆိုင်မှ မကြိုက်ရင် နောက်တစ်ဆိုင် ပြောင်းသောက်စရာဆိုင်ကလည်း နီးနီးနားနားမရှိဘူး။ ပေါ့ပေါ့ကြိုက်လို့ ပေါ့ပေါ့မှာမှာ၊ ပေါ့ကျကြိုက်လို့ ပေါ့ကျမှာမှာ၊ ကျစိမ့်မှာမှာ လက်ရာတော့တစ်ပုံစံတည်း။ ဘယ်လိုဖျော်ဖျော် ကောင်းကောင်း မကောင်း ကောင်း ဒါလက်ဖက်ရည်ဆိုင်လို့ ခံစားသောက်ခဲ့ကြရတာတွေလည်း ရှိပါတယ်။
အခုတော့ လက်ဖက်ရည်ဆိုင်တွေ များလာပြီ။ ဖောက်သည်တွေကို ရေရှည်ဆွဲဆောင်နိုင်ဖို့ အပြိုင်အဆိုင်တွေလည်း များလာပြီ။ ခွေးခြေ ခုံလေးတွေနဲ့ လမ်းဘေးဆိုင်လေးတွေလို လှေခါးရင်းဆိုင်လေးတွေလို အရင်းအနှီးခပ်ပါးပါးမဟုတ်တော့ဘူး။ အရင်းအနှီးခပ်ကြီးကြီးနဲ့ ရာဂဏန်း၊ ထောင်ဂဏန်းထို မြှုပ်နှံဆောင်ရွက်လာတာတွေရှိလာပြီ။ စီးပွားရေးဆန်ဆန်နဲ့ အမြတ်အစွန်းတွေရအောင် ကြံဆပြီးမှဖွင့် လာကြတာကိုတွေ့လာရတယ်။ သည်တော့ အောင်မြင်တဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်ဖို့ မြှုပ်ကွက်လေးတွေသိဖို့ လိုလာပြီပေါ့။
ပထမဆုံးအရေးကြီးတာက လက်ဖက်ရည်ဆိုင်ပိုင်ရှင်က လက်ဖက်ရည်နှစ်သက်တဲ့သူဖြစ်ဖို့ လိုမယ်ထင်ပါတယ်။ ဒါမှလည်း ကိုယ့် လက်ဖက်ရည်အရသာ ဘယ်လိုနေတယ်။ အနံ့အသက် ဘယ်လိုနေတယ်။ နို့ဆီနို့စိမ်းက ဘယ်လိုတံဆိပ်နဲ့မှ သင့်လျော်တယ်ဆိုတာ သိမှာလေ။ နာမည်ကြီးတံဆိပ်တွေသုံးတိုင်း ကောင်းလိမ့်မယ်လို့ မမှတ်ယူသင့်ဘူး။ အဖျော်ဆရာက လက်ဆမှန်မှန်နဲ့ ဖျော်တတ်ပါမှ ဖောက်သည်နှစ်သက်တဲ့ လက်ဖက်ရည်တစ်ခွက်ဖြစ်လာမှာ။
လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်ရှိရုံနဲ့ လက်ဖက်ရည်ဆိုင်ကောင်းကောင်း ဖြစ်သွားရောလား။ မဟုတ်သေးဘူး။ တစ်ချို့အချက် အလက်တွေကို လက်ဖက်ရည်ဆိုင် တစ်ဆိုင်အနေနဲ့ သတိပြုမိမှ ဖောက်သည်နှစ်သက်တဲ့ဆိုင်ဖြစ်မှာပေါ့။ သည်လိုဆို ဖောက်သည်တွေ ကို ဆွဲဆောင်နိုင်တဲ့၊ ဖောက်သည်တွေ ကြိုက်နှစ်သက်နိုင်တဲ့ အချက်တွေက ဘာတွေလဲ၊ ဘယ်အချက်တွေကများ ဖောက်သည်ကို ဆွဲ ဆောင်စေတာလဲဆိုတာကို အလေးထားပြီး ခံစားကြည့်ရအောင်။
ဆိုင်နေရာ အချက်အချာကျဖို့
နေရာ အချက်အချာကျခြင်းက ဖောက်သည်စိတ်ဝင်စားမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ရှိနေပါတယ်။ ကိုယ် Target ထားတဲ့အလွှာ က ဘယ်သူတွေလဲ၊ လူတန်းစားအစုံအတွက်ဆို လမ်းဆုံလမ်းခွတို့၊ ဈေးနားတို့၊ ရုံးတွေနားတို့မှာ ဖွင့်တာကောင်းပါတယ်။ ကျောင်းသား အရွယ် လူငယ်တွေကို ရည်ရွယ်တာဆို တက္ကသိုလ်ကျောင်းအနီးမှာ စသဖြင့်ပေါ့။ သွားရေးလာရေး လွယ်ကူသင့်မြတ်တဲ့နေရာ၊ လမ်းမ ပေါ်မှာဆို အကောင်းဆုံးဆိုရပါမယ်။
ဆိုင်ပုံစံ အခင်းအကျင်း ကောင်းကောင်းလေးဖြစ်ဖို့
ဆိုင်ပုံစံအနေအထားလို့ ဆိုတာကလည်း အကျယ်အ၀န်း၊ အခမ်းအနားအပြင်အဆင်အားလုံးကို ဆိုလိုတာပါ။ ကိုယ့်ရပ်ကွက်ရဲ့ လူတန်း စား၊ လူနေမှုအဆင့်အတန်းကို ကြည့်ပြီး ဆိုင်အပြင်အဆင်ရှိဖို့လိုပါတယ်။ လူနေမှုအဆင့်နိမ့်တဲ့နေရာမှာ ဆိုင်ကြီးဟီးနေအောင် ပြင်ဆင် ထားတာ မသင့်လျော်သလို လူနေမှုမြင့်တဲ့နေရာမှာလည်း ဖြစ်သလို အပြင်အဆင်နဲ့ဖွဲ့ရင် မအပ်စပ်ပြန်ဘူး။ မှန်ခန်းတွေ၊ အလုံပိတ်အ ခန်းတွေ၊ ဆက်တီတွေ၊ ကုလားထိုင်လို ပုံစံတွေနဲ့ဆိုလည်း ဘယ်ဖောက်သည်ကမှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အနေနဲ့ ထိုင်ဖို့ မ၀ံ့ရဲ ကြပါဘူး။ လွတ်လပ်ပေါ့ပါးတဲ့ ဆိုင်အခင်းအကျင်းဖြစ်မှလည်း ဖောက်သည်က ရဲရဲတင်းတင်းဝင်လာနိုင်မှာပေါ့။
လက်ဖက်ရည်ဆိုင် ခံအခင်းအကျင်းကလည်း စိတ်ဝင်စားအောင် ထားတတ်ဖို့လိုသေးတယ်။ လူငယ်အများစုက ခုံမြင့်မြင့်ကြီးတွေမှာ ခမ်းခမ်းနားနားထိုင်ရတာမျိုး သိပ်မကြိုက်လှဘူး။ လွတ်လပ်ပေါ့ပါးတဲ့ စားပွဲ၊ ခုံပုပုလေးတွေဆို အသင့်တော်ဆုံးပဲ။
စားပွဲခုံတွေ ထိုင်ခုံဟာလည်း ပြည့်သိပ်ကျပ်ညပ်မနေဘဲ လူနှစ်ယောက်စာလောက် ရှောင်လို့တိမ်းလို့ လွတ်လောက်တဲ့ လူသွားလမ်းလေးတော့ အသေအချာ ခြားနားထားသင့်ပါတယ်။ စားပွဲခုံတွေတိုင်းမှာ နံပါတ်(သို့) အက္ခရာ အမည်လေးတွေ ကပ်ထားတာကလည်း ဖောက်သည်မှာတာကို ချပေးရတဲ့အခါ၊ ဖောက်သည်က ငွေရှင်းတဲ့အခါတွေမှာ သင့်ဆိုင်အတွက် ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မယ်။ ငွေရှင်းကောင်တာကို တစ်ဆိုင်လုံးကို စီးပြီးမြင်လို့ရအောင် ကောင်တာကို မြင့်မြင့်လေးလုပ်ထားပြီး ကောင်တာထိုင်က အဲသည်ကနေ ကိုယ့်ဆိုင်ရဲ့လှုပ်ရှားမှုကို အမြဲအကဲခတ်လို့ ရတာပေါ့။
ဆိုင်နံရံတွေမှာ အေးအေးချမ်းချမ်းမြင်ကွင်းပါတဲ့ ပန်းချီကားတွေ၊ လူငယ်တွေစိတ်ဝင်စားတဲ့ ဘောလုံးစတားတွေပုံချိတ်တာတို့နဲ့ အလှ ဆင်ထားသင့်ပါတယ်။ ဟိုဟာသည်ဟာ ဆောင်ပုဒ်တွေကပ်တာကတော့ မြို့ပြမှာ သိပ်မနိပ်လှဘူး ထင်ပါတယ်။ ဆိုင်အပြင်ဘက်မှာ နေ ပူလို့ ထီးရောင်စုံလေးတွေ မိုးတာကလည်း လက်ဖက်ရည်ဆိုင်နဲ့ဆို ချစ်စရာပုံစံလေးတွေဖြစ်တယ်လေ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအ တွက် ကိုယ်စားပြုနိုင်တဲ့ Country Style အပြင်အဆင်လေးနဲ့ ဆွဲဆောင်နိုင်တဲ့ ပုံစံလေးဆို လက်ဖက်ရည်ဆိုင်နဲ့အလိုက်ပေါ့။
သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်လေး ဖြစ်ဖို့
သန့်ရှင်းရေးကိုလည်း တစ်ဆိုင်လုံူးအတွက် နေ့စဉ်ဂရုတစိုက်လုပ်ပေးဖို့ လိုပါတယ်။ ဘယ်လောက်ပဲ ဆိုင်အပြင်အဆင် ကောင်းပေမဲ့ ဆိုင်က ညစ်ပတ်စုတ်ပြတ်နေရင် လက်ဖက်ရည်ဆိုင် အင်္ဂါရပ်နဲ့ ဘယ်ညီညွတ်ပါ့မလဲ။ ဖောက်သည်က၀င်လာတာနဲ့ သန့်ရှင်းသပ်ရပ် နေတယ်ဆိုရင် ထိုင်ရတာ စိတ်ပေါ့ပါး၊ ကျေနပ်စရာပေါ့။
ဆိုင်ကအခန်းဆိုရင် လေ၀င်လေထွက် ကောင်းမွန်ပြီးလုံလောက်တဲ့ ပန်ကာတွေ တပ်ဆင်ထားဖို့ လိုအပ်ပါမယ်။ ပန်ကာတွေက ဆိုင် အတွက် အနံ့အသက်တွေပျောက်ကင်းဖို့၊ ဆိုင်မှာ အေးမြနေဖို့ အများကြီး အထောက်အကူ ပေးပါတယ်။ သင်ကတတ်နိုင်လို့ဆိုပြီး အဲယားကွန်းသွားမတပ်လိုက်နဲ့နော်။ ဆေးလိပ်ငွေ့တွေနဲ့ အားလုံး ဒုက္ခများကုန်မယ်။ အစားအသောက်တွေလုပ်တဲ့ မီးဖိုချောင်ကိုလည်း နေရာအခက်အခဲကြောင့် ဆိုင်နဲ့တွဲထားရမယ်ဆိုရင်တောင် သန့်သန့်ရှင်းရှင်းနဲ့ သီးသီးသန့်သန့်လေး ထားပေးဖို့လိုပါမယ်။ မီးခိုးတွေ၊ မီးဖိုချောင်က အကြော်အလှော်တွေကြောင့် စားသုံးသူတွေညှော်ပြီး အသက်ရှူကျပ်ကာ မူးနောက်နောက်ဖြစ်နိုင်ပါတယ်။ သီးသန့် မီးခိုး ခေါင်းတိုင်လေးထားရင်လည်း ပိုကောင်းတာပေါ့။
ဆိုင်မှာ အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်တွေကလည်း သင့်ဆိုင်ကို ပုံမှန်ဖောက်သည်ဖြစ်လာဖို့ ဆွဲဆောင်နိုင်တဲ့ အထဲမှာပါ ပါတယ်။ ပန်းကန်ခွက်ယောက်လေးတွေက သန့်ရှင်းကြည်လင်နေမယ်ဆိုရင် စားသုံးသူဆီက စိတ်ကျေနပ်မှုလေးတစ်ခုကို သင်ရမှာပါ။ သေချာဆေးကြောသန့်စင်ထားဖို့တော့ လိုပါတယ်။ လက်ဖက်ရည်သောက်တဲ့သူတွေတိုင်း တွဲဖက်သောက်တာက ရေနွေးကြမ်းဆိုတော့ ရေနွေးကြမ်းခရား၊ ဓာတ်ဗူးကအစ သပ်ရပ်သန့်ရှင်းဖို့ လိုပါတယ်။ ပန်းကန်တွေပဲ့မနေဖို့၊ ပန်းကန်လုံးတွေ ညစ်ပတ်စုတ်ပြတ်မနေဖို့ အရေးကြီးလှပါတယ်။
လက်ဖက်ရည်သောက်ဖို့၊ ရေနွေးကြမ်းသောက်ဖို့ ပန်းကန်လုံးကို နှုတ်ခမ်းနားတေ့လိုက်တာနဲ့ ခွက်ရဲ့ ညှီစို့စို့အနံ့ကြီးဝင်လာတယ် ဆိုရင် လက်ဖက်ရည် အရသာဘယ်လောက်ကောင်းကောင်း စားသုံးသူအနေနဲ့ ပိုက်ဆံရှင်းရမှာမို့ နှမျောလို့သာ ဒီတစ်ကြိမ်သောက်ရင် သောက်သွားလိမ့်မယ်။ နောက်တစ်ကြိမ်ကတော့ လာမှာ မဟုတ်တော့ဘူး။
ကျွမ်းကျင်တဲ့ စားပွဲထိုးဝန်ထမ်းကောင်းတွေ ခန့်ထားအသုံးပြုဖို့
လက်ဖက်ရည်ဆိုင် တစ်ဆိုင်အနေနဲ့က ၀န်ထမ်း(စားပွဲထိုး)တွေရဲ့ ဆက်ဆံရေးဟာလည်း အင်မတန်မှကို အရေးပါတယ်။ နေရာအချက် အချာ ဘယ်လောက်ကောင်းနေပါစေဦး လက်ဖက်ရည်အရသာ ဘယ်လောက်ကောင်းနေပါစေဦး၊ ဆိုင်က စားပွဲထိုးတွေ လုပ်ပေါက် ကြောင့် ဆိုင်က နလံထူမှာ မဟုတ်ပါဘူး။ ကြုံရာနေရာကတွေ့တဲ့လူကို ဆွဲခန့်ထားတာထက် သေသေချာချာ ရွေးချယ်ပြီး၊ သေသေချာ ချာလေ့ကျင့်ပြီးမှသာ ဖောက်သည်နဲ့ ဆက်ဆံတဲ့ တာဝန်ပေးသင့်ပါတယ်။ ချိုသာဖော်ရွေတဲ့ မျက်နှာပေးရှိဖို့၊ ယဉ်ကျေးပျူငှာတဲ့ အပြော အဆိုတတ်ဖို့၊ တစ်ကိုယ်ရေ သန့်ရှင်းပြီး လန်းလန်းဆန်းဆန်း ရှိနေဖို့၊ သန့်ရှင်းသပ်ရပ်စွာ ၀တ်စားဆင်ယင်ဖို့ (အခုနောက်ပိုင်း တချို့ ဆိုင်တွေမှာ ဘောလုံးအသင်းလို အင်္ကျီမှာ နံပါတ်လေးတွေနဲ့ ယူနီဖောင်းတွေ ထုတ်ပေးထား တာကလည်း ဆိုင်အတွက်လည်း အ ဆင်ပြေတယ်၊ အမြင်လည်းကောင်းတယ်) ဒါတွေက အရေးကြီးပါတယ်။
သူတို့ဟာဆိုင်အတွက် တကယ်အရေးပါတဲ့သူတွေဖြစ်ကြောင်း သူတို့ကိုလည်း သဘောပေါက်နားလည်အောင်၊ စိတ်ထားမွေးမြူ တတ်အောင် သင်ကြားပေးထားဖို့လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စားပွဲထိုးတစ်ယောက်ဟာ ကိုယ့်ဆီမှာ ပုံမှန်လာထိုင်နေတဲ့ဖောက် သည်ဆိုရင် သူလာထိုင်တာနဲ့ ကိုယ်ကသူမှာမယ့်ဟာကို အရင်မေးပြီး သူရဲ့အတည်ပြုချက်ယူပြီး မှာပေးနိုင်ရမယ်။ ငွေရှင်းမယ်လို့ ဆိုလိုက်တာနဲ့ ကုန်ကျစရိတ်တွေကို ဒိုးဒိုးဒေါက်ဒေါက်နဲ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တွက်ချက်နိုင်ရမယ်။ ကြိမ်ဖန် များများလာ တတ်တဲ့ ဖောက်သည်ဆို ဘယ်လိုအရသာမျိုးကြိုက်တတ်တယ်ဆိုတာကိုလည်း လာတာနဲ့သိနေဖို့ လိုပါတယ်။
ရှေ့မှာထွက်နေတဲ့ သူတွေအပြင် ကန့်လန့်ကာနောက်ကွယ်မှာနေတဲ့ မီးဖိုချောင်ထဲက ဆရာတွေ(အဖျော်ဆရာ၊ အကြော်ဆရာ၊ ချက် ပြုတ်သူ စသည်တို့...) ရဲ့အရေးပါပုံကလည်း မေ့ထားလို့မရပါဘူး။ ဆိုင်မှာ ရောင်းချမယ့် စားစရာ၊ သောက်စရာတွေကို ပြင်ဆင်ချက် ပြုတ်နေတဲ့သူတွေရဲ့ လက်ထဲမှာလည်း သင့်ဆိုင်ရဲ့ ရောင်းအားကို ဖန်တီးနိုင်မယ့် အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။ ဥပမာ အားဖြင့် လက်ဖက်ရည်ဖျော်တဲ့ အခါမှာ လက်ဆမှန်ဖို့၊ အသုံးပြုတဲ့လက်ဖက်ခြောက်၊ နို့ဆီ၊နို့စိမ်း၊သကြား စတာတွေက လတ်ဆတ် ကောင်းမွန်နေဖို့ စားသုံးသူမှာတဲ့အတိုင်း အချို၊ အစိမ့်၊အပျစ်၊အကျဲကို ညှိနှိုင်းပေးနိုင်ဖို့ လိုပါတယ်။ မိမိသုံးနေကျ တံဆိပ်တွေ ၀ယ်လို့ မရခဲ့ရင် ဒါမှမဟုတ် အသစ်ပြောင်းသုံးရင်တောင်မှ ကိုယ့်ဆိုင်က လူတွေကို အရင်မြည်းစမ်းကြည့်ခိုင်းပြီးမှ အချိုးအစားကို တစ်ပြေးတည်း သတ်မှတ်ထားသင့်ပါတယ်။
အစားအသောက် စုံစုံလင်လင်ရဖို့
သည်ဘက်ခေတ်မှာ လက်ဖက်ရည်ဆိုင်ဆိုတာ လက်ဖက်ရည်တစ်ခုတည်းကောင်းနေရုံနဲ့မရ ဘူးလေ။ လက်ဖက်ရည်ဆိုင် အင်္ဂါရပ်နဲ့ ညီညွတ်ဖို့ အစားအသောက်အမယ် စုံစုံလင်လင်ရဖို့ကလည်း လိုပါတယ်။
လူငယ်အများစုက နံနက်ခင်းစာအနေနဲ့ လက်ဖက်ရည်ဆိုင်ကို အားထားတာလေ။ သည်တော့ အစားအသောက်တွေ စုံလင်ရမယ့်အပြင် ကိုယ့်ဆိုင်နဲ့ ပတ်သက်လို့ သီးသန့်မူပိုင် အစားအသောက်ကောင်းကောင်းလေး တစ်ခုတော့ အနည်းဆုံး သင့်ဆိုင်မှာ ရှိသင့်ပါတယ်။ သည်ဆိုင်က မုန့်ဟင်းခါးကောင်းကောင်းရတယ်၊ အုန်းနို့ခေါက်ဆွဲကောင်းကောင်းရတယ်၊။ ပဲပလာတာ၊ ကြက်သားပလာတာ ကောင်း ကောင်းရတယ်၊ အုန်းထမင်းတို့၊ ဆိတ်စွပ်ပြုတ်နဲ့ နံပြား ကောင်းကောင်းရတယ်ဆိုတာ စားသုံးသူက လက်ခံထားဖို့လိုပါတယ်။ ဒါမှ လည်း ဖောက်သည်က သည်ဆိုင်မှ သည်ဆိုင်ဖြစ်နေမှာ မဟုတ်လား။ ဆိုင်မှာ ရယ်ဒီမိတ် အစားအသောက်တွေ (ကော်ဖီမစ်၊တီးမစ်၊ ကွေကာ၊ပဲနို့၊အချိုရည်၊ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုး စသည်....) တင်ရောင်းတဲ့ အခါမှာလည်း စားသုံးသူအမေးများတဲ့ လူကြိုက်များတဲ့ တံဆိပ်တွေကို စုံစုံလင်လင်နဲ့ရွေးချယ်တင်ထားဖို့လည်း လိုပါတယ်။ အချိုရည်ဆိုလို့ အချိုရည်ပုလင်းတွေကိုလည်း ကားကလာချရင် ချထားတဲ့အတိုင်း အအေးပုံး၊ ရေခဲသေတ္တာထဲထည့် စားသုံးသူကမှာ၊ ထုတ်ပြီးရောင်း အဲလိုမျိုးမလုပ်ဘဲ မထည့်ခင်ကတည်းက ရေနဲ့ ပုလင်းတွေကို ဆေးကြောသင့်ပါတယ်။ အထဲက အရည်က ဘယ်လောက်ပဲ သန့်နေပါစေ၊ ပုလင်းက ညစ်ပတ်နေတော့ အမြင်ဘယ် ကောင်းပါတော့မလဲ။
ဖျော်ဖြေရေး အစီအစဉ်တွေ ပြသနိုင်ဖို့
အခုခေတ် လက်ဖက်ရည်ဆိုင်မှာ လူငယ်အတော်များများက ဖျော်ဖြေရေးအစီအစဉ်ရှိနေတာကို နှစ်သက်ကြတယ်။ အရင်လို ဆောင်း ဘောက်ကောင်းကောင်းလေးနဲ့ သီချင်းလေးကျယ်ကျယ် လောင်လောင်ဖွင့်ပေးထားရုံနဲ့ မလုံလောက်တော့ပါဘူး။ သီချင်းဖွင့်ပေးရမယ့် အချိန် သီချင်းဖွင့်၊ ဗီစီဒီပါ တွဲပြသင့်ရင်လည်း တွဲပြ၊ ဘောလုံးပွဲ (နိုင်ငံတကာရော၊ ပြည်တွင်းပွဲတွေရော) ချိန်ဆို ဘောလုံးပွဲ စုံလင်နေပါမှ တော်ရုံကျတာ။ အခုနှစ်ပိုင်းတွေမှာဆို ဘောလုံးပွဲ စလောင်းရှိတဲ့လက်ဖက်ရည်ဆိုင်တွေမှာ နိုင်ငံခြားဘောလုံးပွဲများရှိတယ်ဆိုရင် ဘောလုံးဝါသနာအိုးတွေရဲ့ ဆုံစည်းရာနယ်မြေ ဖြစ်သွားပြန်ရော။ ဒါကြောင့် လက်ဖက်ရည်ဆိုင်တွေမှာ တီဗီ၊ ဗီစီဒီ၊ 5 Movies, 5 Series တို့ဆိုတာ မရှိမဖြစ်ကို ရှိထားရတော့မယ်။
ဒါတွေက အောင်မြင်တဲ့ လက်ဖက်ရည်ဆိုင်ဖြစ်ဖို့ ယေဘုယျသဘောလောက်ပဲရည်ညွန်းတာပါ။ မမြင်ရတဲ့မြှုပ်ကွက်လေးတွေတော့ ရှိသေးတာပေါ့။ နေရာဒေသအလိုက် ကွဲပြားမှုလေးတွေရှိပေမဲ့ ဒါတွေကတော့ သတိထားပြီးတော့ကို ဖြည့်ဆည်းပေးရမယ့် အချက်တွေ လို့ဆိုရာမှာပါ။
အချုပ်အားဖြင့် ဆိုရရင်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက မြို့ပေါ်မှာတင်သာ မကတော့ဘဲ ကျေးလက်အထိပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရတဲ့အတွက် လက်ဖက်ရည်ဆိုင်လုပ်ငန်းဟာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ခေတ်ပေါ်ရေစီး ကြောင်းအလိုက် ပြောင်းလဲနေတဲ့ ၀န်ဆောင်မှုများကို လိုက်လျောညီထွေ ဆောင်ရွက်နိုင်တယ်ဆိုရင် စီးပွားရေးအရ အမြတ်အစွန်း အတွက် စိတ်ချရတဲ့ လုပ်ငန်းလို့လည်း ပြောလို့ရပါတယ်။
တခြား အစားအသောက်လုပ်ငန်းတွေလို ပစ်မှတ်လူတန်းစား၊ အသက်အရွယ်ကို သိပ်ရွေးချယ်စရာမလိုဘဲ လူတန်းစားစုံဈေးကွက်ဖြစ် သည့်အတွက် အထက်ပါလိုအပ်ချက်လေးတွေ ဖြည့်ဆည်းနိုင်မယ်ဆိုရင် အောင်မြင်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်နိုင်ပါတယ် ဟူ၍သာ။
PAOH
No comments:
Post a Comment