Sunday, September 18, 2011

ဂရိတ်ဖိုးစိန်နှင့် ဇာတ်စည်းကမ်းဥပဒေ

ဟိုးကျွန်တော်ငယ်စဉ်က အဒေါ်အပျိုကြီးတွေနှင့် ရွာရဲ့
စောမွန်လှစေတီဘုရားပွဲတွေမှ ထည့်သွင်းကျင်းပလေ့ရှိတဲ့ မြန်မာ့ဇာတ်သဘင်
ကပွဲရုံတွေကို ညတွေမှာ သွားပြီးမော့ရတာအမော။ ကလေးဆိုတော့ အက အဆို လှတာပဲ
သိခဲ့ပါတယ်။ အရွယ်နည်းနည်းရလာတော့ ကတာ ဆိုတာမှာ
ပညာပိုင်တဲ့မင်းသားမင်းသမီးတွေကို သဘောကျတတ်လာခဲ့တယ်။ အဲဒီထဲကမှာ
ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်ရဲ့ အနွယ်တော်တွေဆက်လက်ကပြတဲ့
ဇာတ်အဖွဲ့က နှစ်သက်စရာဖြစ်လာပါတယ်။
ဂရိတ်ဦးဖိုးစိန်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ သရဖူဆောင်းတဲ့
မင်းသားတစ်ဦးပါ။ စွယ်စုံတော်တဲ့ မင်းသားမျိုးဖြစ်ပါသတဲ့။ ရုပ်ဆင်း အင်္ဂါ၊
အသံ၊အဆို၊အပြော၊ အက အားလုံးပြည့်စုံတဲ့ မင်းသားပေါ့။ ဇာတ်သဘင်လောက
တိုးတက်အောင်ကြံဆောင်နိုင်ခဲ့မှုအတွက် မြန်မာ နိုင်ငံအစိုးရက
ဝဏ္ဏကျော်ထင်ဘွဲ့ကိုပေးအပ်ခဲ့ပါတယ်။

အသက်အရွယ် ၁၂နှစ်သားလောက်ကတည်းက မင်းသားဖြစ်ခဲ့တာ အသက်၇၀ကျော်လောက်အထိ
ကပြခဲ့သူ ပထမ မြန်မာ့ဇာတ်သဘင် ပညာရှင်ကြီးတစ်ဦးပေါ့နော်။

ဦးဖိုးစိန်ဟာ သူ့ဇာတ်အဖွဲ့မှာ အဖွဲသားပေါင်း ၁၀၀နီးပါးရှိပေမယ့် သူက
ဇာတ်အုပ်ချုပ်မှုမှာ စည်းကမ်းကောင်းတော့ သူ့ဇာတ်အဖွဲ့ဟာ
အင်မတန်အောင်မြင်တဲ့ ဇာတ်အဖွဲ့ကြီးရယ်လို့ မြန်မာပြည်တစ်နံတလျား
ကျော်ကြားခဲ့တာပါ။ ဇာတ်သူဇာတ်သားများကို လိုက်နာရန် စည်းကမ်းဥပဒေဆိုတဲ့
(လက်ကိုင် ဇာတ်စည်းကမ်း ဥပဒေ) စာအုပ်ရိုက်ပြီး တစ်ဦးချင်းကို
လိုက်နာစေပါတယ်။ အင်မတန်ခေတ်မီတဲ့ စိတ်ကူးပါ။ ဒါကြောင့် အသက် ၇၀ထိ
နာမည်မကျဘဲ ကပြသွားနိုင်ခြင်းဟာ ဖိုးစိန်ရဲ့ ဇာတ်စည်းကမ်းကောင်းခြင်း
အကြောင်းရင်း ဖြစ်ပါတယ်။

ဖိုးစိန်ရဲ့ ဇာတ်စည်းကမ်းဥပဒေဟာဖြင့် ယနေ့ အနုပညာရှင်တိုင်း အတုယူသင့်တဲ့
အချက်ပါ။ ဒါကြောင့် ဖိုးစိန်ရဲ့ ဇာတ်စည်းကမ်း ဥပဒေ ကို တင်ပြလိုက်ရပါတယ်။
ဟိုတစ်ခေတ်တခါက ဇာတ်သဘင်တစ်ခုရဲ့ အောင်မြင်တဲ့
စီမံခန့်ခွဲအုပ်ချုပ်မှုလေးကို ပြန်လည်ဖောက်သည် ချခြင်းပေါ့နော်။

ဇာတ်စည်းကမ်းဥပဒေ
(၁) ဇာတ်တွင်းဝင်၍ ကပြသူတို့သည် ဆရာ၏ အမိန့်ကိုနာခံရမည်။

(၂) ၅ နာရီတီးသောအခါ အသင့်ဇာတ်ခုံရုံအတွင်း၌လည်း စည်းဝေးလျက် ဇာတ်လမ်းကို
နှီးနှောတိုင်ပင်ကြရမည်။

(၃) ၇ နာရီမှ မိမိအိပ်ရာနေရာသို့ ပြန်၍ မျက်နှာတွင် သနပ်ခါးလိမ်း၊
မျက်ခုံးဆွဲ၊ အ၀တ်တန်ဆာဆင်ခြင်းတို့ကို အပြီးအသင့် ဖြစ်စေ ရမည်။

(၄) လူချင်းနှီးနှော၍ ဇာတ်ခန်းဇာတ်ရုပ်နှင့် သက်ဆိုင်ရာတစ်ယောက်နှင့်
တစ်ယောက် မည်သည့်စကားကိုပြောဆိုရမည်များကို တိုင်ပင် ရမည်။

(၅) အရုပ်ထွက်၍ ကားဖွင့်သည်နှင့် တစ်ပြိုင်နက်တည်း တခြားကိုမကြည့်ရ။
ကိုယ်နှင့်အတူ ထွက်သူကိုဖြစ်စေ၊ တောတောင် တိုက်အိမ် နန်းတော်မှစ၍
မိမိတို့၏ အလုပ်နှင့် ဆိုင်သမျှကိုသာကြည့်၍ အားထုတ်ရမည်။

(၆) အရုပ်ထွက်သည်ဖြစ်စေ၊ တိတ်တဆိတ်ချောင်းမြောင်းနေရသည်ဖြစ်စေ
ကိုယ့်အလှည့်မကျဘဲ မပြောရ၊ တစ်ယောက်ယောက်ကို စကားပြောစဉ်ကို
နားထောင်ခြင်း။

(၇) ဇာတ်ရုပ်ထွက်သောအခါ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အခြားမည်သည့်
အစာကို မဆို စားသောက်ခြင်းကို မပြုရ။

(၈) ဇာတ်ရုပ်ချင်း တွေ့ကြသည့်အခါ တစ်ယောက်တစ်မျက်နှာ
တစ်ယောက်ကြည့်စကားပြောရမည်။ ရှင်ဘုရင်ဖြစ်စေ၊ မင်းသား၊ မင်းသမီး၊၀န်
စသည်ဖြင့် တစ်ယောက်နှင့်တစ်ယောက် အစဉ်အတိုင်း ရိုသေကြောက်ရွံ့
အမူအရာကိုပြရမည်။

(၉) မင်းသား၊မင်းသမီးတို့ ထွက်နေစဉ် နောက်ပါလက်စွဲများက အပြင်တွင်
ထိုင်မနေရ၊ ရိုသေခြင်း အမူအရာပြရမည်။

(၁၀) ပူဆွေးဖွယ်ပြုသည့်အခါတွင် ရယ်ဖွယ်အမှု မပြုရ၊
ရယ်ဖွယ်ပြုရန်သင့်သောနေရာမှာ ဣနြေ္ဒမလုပ်ရ။

(၁၁) ကိုယ်၏ အခန်းအချိန် မဟုတ်သည်ဖြစ်၍ အတွင်း၌နေသူတို့သည်
အိပ်ရန်အခွင့်မရှိ၊ ဇာတ်ထွက်နေသူတို့၏ စကားအဆုံးကို
နားထောင်လျက်နေကြရမည်။

(၁၂) ကိုယ်လုပ်ဆောင်ရန် အရုပ်ကို မသိခဲ့လျှင်သော်လည်းကောင်း
ညဇာတ်စီးသူကို မေးရမည်။ ဇာတ်စီးသူကလည်း မေးသောသူကို မည်သည့်စကားပြောရမည်
အစရှိသည်တို့ကို စုံလင်ကောင်းမွန်စွာ ပြောပြရမည်။

(၁၃) ဇာတ်ထွက်သူများသည် ညှိနှိုင်းတိုင်ပင်၍ သဘောတူမျှတစွာ
ဇာတ်လမ်းများကို ညွန်ပြပြောဆိုကြရမည်။

(၁၄) ဇာတ်ဆရာကပေးသော အ၀တ်အစားများကို ၀တ်ဆင်ပြီးသောအခါ မိမိတို့
သဘောရင်းအတိုင်းမပြုရ။ ယင်းနှင့်သက်ဆိုင်သည့် သိမ်းသူ၏ လက်ရောက်
ပေးအပ်ရမည်။

(၁၅) သိမ်းသူကလည်း ပစ္စည်းပေးလိုက်သူများကိုမှတ်၍ ပြန်မပေးလျှင် မေးမြန်း
တောင်းဆိုပေးရမည်။ ပျောက်လျှင် ဒဏ်ခတ်မည့်အပြင် တန်ဖိုးကို ပေးလျော်ရမည်။

(၁၆) ၉ နာရီပွဲထွက်၍ နံနက် ၅နာရီမှာ ပွဲသိမ်းလေ့ရှိသည်။
ပွဲသိမ်းပြီးနောက် ညနေ ၃နာရီ အစည်းအဝေးကို ပြုလုပ်ကြ၍ ဆရာ၏ အခွင့်သာမှသာ
မိမိတို့ အလိုရှိရာသို့ သွားကြရမည်။

(၁၇) ယင်းအထက်က ပိုဒ်မအတိုင်း အကြောင်းကောင်းစွာ မပြုနိုင်ဘဲ ပျက်ကွက်မှု
ဒဏ်ငွေ ၂ကျပ်သင့်လိမ့်မည်။

(၁၈) လျော်ကြေးနှင့် ပတ်သက်သမျှငွေကို စုဆောင်း၍ ကျောင်းဆောက်ခြင်း၊
ဆွမ်းတော်ကြီး ကပ်ခြင်းပြု၍ အလှူငွေအဖြစ် သိမ်းဆည်း ရမည်။

(၁၉) တစ်မြို့သို့ ရောက်သည့်အခါ အချိန်နှင့်စား၍ အချိန်နှင့်အိပ်ရမည်။

(၂၀) လမ်းခရီးအကြား အချိန်မဲ့၍ မိုးချုပ်ခဲ့လျှင် ဓား၊လှံတို့ဖြင့်တွဲ၍
စောင့်ရှောက်ရမည်။

(၂၁) တစ်ဦးတစ်ယောက် မကျန်းမာခဲ့လျှင် ၀ိုင်းဝန်းလျက် ကြည့်ရှုစောင့်ရှောက်ရမည်။

(၂၂) မမေးမမြန်းဘဲ တစ်ယောက်ကိုတစ်ယောက် မယူသည်၊ မှန်သည် မမှန်သည်ကို
စူးစမ်းထောက်ချင့်ရမည်။ အလွတ်မဲ့ ဒေါသထွက် လျှင် ဒဏ်ငွေ ၅ ကျပ်
ထိုက်သည့်ရမည်။

(၂၃) ဒေါသထွက်ရန် သင့်သည့်အမှုဖြစ်စေ၊ မသင့်သည့်အမှုဖြစ်စေ သက်သေထား၍ စကားပြောရမည်။

(၂၄) စကားပြောသောအခါ တစ်ယောက်နှင့်တစ်ယောက် ချိုသာစွာမေးမြန်းပြောဆိုရမည်။

(၂၅) တောမြို့ကလေးများတွင် ဖြစ်စေ၊ သင်္ဘော၊ မီးရထားစီးရာ၌ဖြစ်စေ လူစု
၆ယောက်ထက်မနည်းရ။ အတူသွားလာကြရမည်။ လည် ပတ်ကြလျှင် သုံးယောက်ထက်မနည်း
အတူသွားလာကြရမည်။

(၂၆) ခရီးသွားသည့်အခါ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်၍ပစ္စည်းများကို
မေ့လျော့ကြလျှင်မြင်ရာ လူက မည်သူ၏ ပစ္စည်း ကိုမဆို
ထိန်းသိမ်းယူဆောင်ခဲ့ရမည်။

(၂၇) တစ်ဦး၏ ပစ္စည်းကိုမဆို မသိအောင် ယူခြင်းမပြုရ။ ပေါ်ပေါက်ခဲ့လျှင်
တန်ဖိုးကို လျော်ပေးသည့်အပြင် နှင်ထုတ်ခြင်းခံရမည်။ အစိုးရ ဌာနသို့လည်း
ပို့လိမ့်မည်။ အရှင်မသိသော ပစ္စည်းရရှိသောအခါ အားလုံးသော သူတို့ကို
တိုင်ကြားပြောဆိုရမည်။

(၂၈) တောမြို့များရောက်လျှင် နံနက်စဉ် ၀တ်မပြုဘဲ မအိပ်ရ။ ၀တ်တက်ရာ၌
မပါဝင်ခဲ့လျှင် ဒဏ်ငွေ ၂ကျပ်ဆောင်ရမည်။

(၂၉) ယင်း ဒဏ်ကရသော အလှူငွေကို အလှူငွေစာရင်းနှင့်တကွ ပြရမည်။

(၃၀) ခိုက်ရန် ဖြစ်ပွားစေခြင်း၊ မူးယစ်စေတတ်သော သူရာငါးပါးအမှုကို အလျှင်းမပြုရ။

(၃၁) ဖဲရိုက်၊ ကြွေပစ်၊ အန်ကစားလောင်းစားခြင်းနှင့် ပတ်သက်သောအမှုကို
မပြုရ။ ပြုသူကို တွေ့ရှိ သိမြင်ခဲ့လျှင် အပြစ်ဒဏ်ခံရမည်။

(၃၂) ယင်း ဥပဒေ စည်းကမ်းများကို ရံဖန်ရံခါ ထိုက်သင့်
အားလျော်စွာဖြည့်စွက်နိုင်ခွင့်ရှိသည်။

(၃၃) အထက်ပါ ဥပဒေတို့သည် ဇာတ်အတွင်းရှိ လူပေါင်း ၈၀ကျော်တို့
အစည်းအဝေးပြုလုပ်သော ဥပဒေအချက်များ ဖြစ်သည်။

ဇာတ်သဘင်ဆိုရာတွင် လူပေါင်းများစွာပါဝင်ဖွဲ့စည်းပြီး သူ့နေရာနှင့်သူ
ကပြအသုံးတော်ခံကြသော အနုပညာဆိုင်ရာအဖွဲ့ အစည်းတစ်ခု သဘောပင်ဖြစ်ပါသည်။
လူပေါင်းများစွာကို စည်းကမ်းကျနစွာ ဖွဲ့စည်းအုပ်ချုပ်နိုင်ခဲ့သော
အတတ်ပညာဟာလည်း လေးစားစံတင်ထိုက် ပါတယ်။
ဆိုရရင်တော့ ဇာတ်မင်းသား ဂရိတ်ဖိုးစိန်ဟာ အတော့်ကို တွေးခေါ်ဆုံးဖြတ်ပြီး
အုပ်ချုပ်တတ်သူတစ်ယောက်ဖြစ်ခဲ့ကြောင်း အတုယူဖွယ်
ကူးယူဖော်ပြလိုက်ပါတယ်လို့နော်..။

စာကိုး။ ။
(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀)
(၂) ဦးဖိုးစိန် ဇာတ်အဖွဲ့၏ ဇာတ်စည်းကမ်း ဥပဒေစာအုပ်

Credit: www.shweamyutay.com

No comments: