Wednesday, September 28, 2011

အနှစ်သာရ ပြောင်းလာတဲ့ စာမတတ် မြောက်မှု

"စာမတတ် မြောက်မှု"ဆိုတာ ဆင်းရဲ မွဲတေမှု၊ အလုပ် အကိုင်မဲ့မှု၊ အလုပ်အကိုင် နိမ့်ကျမှု ဆိုတာတွေနဲ့ အမြဲတမ်း ဆက်စပ် ပတ်သက် နေတာပါ။

ကိုယ်တို့နဲ့အနီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ကိုပဲ ကြည့်ပါဦး။ အိန်္ဒိယမှာ ကလေးဦးရေ သန်း ၈၀ ဟာ အလုပ် လုပ်နေရပါတယ်။ အဲဒီကလေး တွေ အားလုံး လိုလိုက အရေး၊ အဖတ်၊ အတွက်ဆိုတာ ဘာမှန်း မသိတဲ့ စာမတတ်မြောက် သူတွေပါ။ သူတို့ဟာ တကယ့်ကို ဆင်းရဲပါတယ်။ အငတ်မခံ နိုင်တဲ့အတွက် သူတို့က အလုပ် လုပ်ချင် ကြသလို သူတို့ မိဘတွေ ကလည်း သူတို့ အလုပ် လုပ်တာကို အားပေးနေရ ပါတယ်။ သူတို့ ကျောင်းမတက် နိုင်ကြပါဘူး။ ကျောင်းမတက်တဲ့ အတွက် စာမတတ်၊ စာမတတ်တဲ့ အတွက် အသက် အရွယ်ကြီးတဲ့ အထိ ကိုယ်ကာယ အားကိုးတဲ့၊ ကျွမ်းကျင်မှု ကြီးကြီးမားမား မလိုတဲ့၊ အဆင့်နိမ့်တဲ့ အလုပ် တွေကိုပဲ လုပ်သွား ကြရမှာပါ။ တစ်နည်းအား ဖြင့်တော့ သူတို့ဘ၀ တစ်လျှောက်လုံး လူမွေး လူတောင်ပြောင်ဖို့ မဖြစ်နိုင် တော့ဘူး ဆိုပါတော့။

အိနိ္ဒယက စာမတတ်တဲ့ ကလေးငယ် တွေဟာ တစ်နေ့ကို ၁၄ နာရီလောက် အလုပ် လုပ်ကြရပြီး အဲဒီအတွက် လုပ်ခကျတော့ ခြောက်ဒေါ် လာပါတဲ့။ အုတ်ဖုတ် လုပ်ငန်းမှာ လုပ်တဲ့ကလေး တွေဟာ တစ်နေ့ကို အုတ်လုံးရေ တစ်သောင်းခွဲ လောက်ထိ လုပ်ပေး ရပါတယ်။ ဘာစက်မှ မပါဘဲ သူတို့လက်လေးတွေနဲ့ လုပ်ပေး ရတာပါ။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ တွေရကြ၊ စားချိန်မမှန် သလို တစ်ကိုယ်ရေ သန့်ရှင်းရေး ကိုလည်း ဂရု မစိုက်နိုင်တဲ့ အတွက် ဖြစ်လာတဲ့ အာဟာရ မပြည့်ဝမှုနဲ့ တခြား ရောဂါတွေရဲ့ ပြဿနာကလည်း မသေးဘူးပေါ့။ ကိုယ်တို့ဆီမှာကော အဲဒီလို ကလေးမျိုး တွေ ရှိနေတာပဲ မဟုတ်လား။ နေရာတိုင်းမှာ အလုပ် လုပ်နေရတဲ့ အတွက် စာမသင်နိုင်တဲ့၊ ကိုယ်ကာယ အားဖြင့်လည်း ကြုံလှီ၊ စိတ်အားဖြင့်လည်း ခွန်အားမဲ့ပြီး ခံစားမှု အားဖြင့်လည်း မပြည့်ဝ ဖြစ်ကြရတဲ့ ကလေးတွေကို အိမ်နားမှာ၊ လမ်းပေါ်မှာ၊ မြို့ပြမှာ၊ ကျေးလက်မှာ၊ တောင်ပေါ်မှာ၊ နေရာ တကာမှာ တွေ့နိုင်တာပါ။ သူတို့ရဲ့စိတ်နဲ့ ခန္ဓာဖွံ့ဖြိုးမှု အတွက် အန္တရာယ် များတဲ့အလုပ်ကို လုပ်နေကြရပြီး အဲဒီလို အလုပ် လုပ်ရတဲ့ အတွက် သူတို့ ရနိုင်တာကလည်း ဆင်းရဲ မွဲတေမှုပါပဲလို့ သုတေသနတွေက ဆိုပါတယ်။ အဲဒီ ကလေးတွေကို အလုပ် လုပ်နေရာကနေ ဆွဲထုတ်ပြီး စာသင်ခန်းတွေဆီ ပို့ပေးမှပဲ ဆင်းရဲတွင်းက ဆွဲထုတ်နိုင်မှာပါတဲ့။ ဒါပေမဲ့ ပြဿနာက အဲဒီ ကလေးတွေ စာတတ်သွားရုံနဲ့ မပြီးပါဘူး။

ဒီလိုပါ။ အဲဒီ ကလေးတွေက အရေး၊ အဖတ်၊အတွက် ဆိုတဲ့ "အ" သုံး လုံးတောင် မကျေတဲ့ ပကတိ စာမတတ်သူတွေပေါ့။ ဒါပေမဲ့ သေသေချာချာ စဉ်းစားတဲ့ အခါ ဆင်းရဲတွင်း နက်နေသူတွေ ထဲမှာ စာမတတ်သူ မဟုတ်တဲ့ လူတွေလည်း ပါနေတာကို သတိထားမိမှာပါ။ တကယ်တော့ ဒီနေ့ ဒီအချိန် အခါမှာ "စာတတ်မြောက်မှု"ဆိုတာကို လွယ်လွယ်နဲ့ အဓိပ္ပာယ် ဖွင့်မရနိုင်ဘူး လို့ ယူနက်စကိုက ဆိုပါတယ်။ " အ" သုံးလုံး မကျေတာဟာ "ပကတိစာ မတတ်မြောက်မှု" ဖြစ်ပေမယ့် နောက်ထပ် စာမတတ်မြောက်မှု ပုံစံတွေ ရှိပါ သေးတယ်လို့ ပညာရှင်တွေက သုံးသပ်ပြကြ ပါတယ်။ "အလုပ် ဖြစ်နေသေးတဲ့ စာမတတ် မြောက်မှု" ဆိုပါတော့။ သဘောက "အ" သုံးလုံးတော့ ကျေပါရဲ့၊ ဒါပေမဲ့ သူ သိထားတာက သိပ်နည်း နေတာမျိုးပေါ့။ မူလတန်း ပညာလောက် တတ်ထားသူတွေကို ပညာရပ် ဆိုင်ရာ ခက်ခဲတဲ့ အလုပ်မျိုး ပေးအပ်လို့ မရတာမို့ သူတို့ အနေနဲ့ "အ"သုံးလုံးတော့ ကျေပေမယ့် ဆင်းရဲတွင်း ကတော့ နက် နေဦးမှာပေါ့။

ဒီပြဿနာကို အကျယ်ချဲ့ တွေးလိုက်ရင် "အလုပ်ဖြစ်ရုံ စာတတ်မြောက်" သူတွေဆိုတာ ပြောနေကျ အတိုင်း သေစာရှင်စာ လောက်တတ်ပြီး အခြေခံ အတွက်အချက် လောက်ပဲ ရတာမျိုး ကနေ အနှစ်သာရ ပြောင်းလဲ လာနေပါတယ်။ ဟိုးအရင် ခေတ်ကတော့ ကမာပေါ်မှာ ကျွမ်းကျင်မှု မလိုတဲ့ အလုပ်အမျိုး အစားတွေ အများကြီး ရှိနေခဲ့သေး တဲ့အတွက် အဲဒီလူတွေ အတွက် ၀င်ငွေ ရဖို့ရော လူတော တိုးဖို့ပါ နေရာ မရှားလှ သေးပါဘူး။ ခုတော့ ခေတ်တွေက ပြောင်းပြီး နေရာတကာ စက်ကိရိယာ တင်မက တော့ဘဲ နည်းပညာ အသစ် အဆန်းတွေ သုံးပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်လာ ကြပြီမို့ "အ"သုံးလုံး ကျေရုံ၊ အလယ် တန်းအောင်ရုံ လောက်နဲ့တောင် အလုပ်အကိုင် ကောင်းကောင်း ရဖို့ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ ဒီတော့ ၀င်ငွေရ ဖို့ရော လူတော တိုးဖို့ပါ အဆင် မပြေနိုင် မယ့်သူတွေ ထဲမှာ "အလုပ်ဖြစ် နေသေးတဲ့ စာမ တတ်မြောက်သူ၊ တစ်နည်း အလုပ်ဖြစ်ရုံ စာတတ် မြောက်သူ" အများအပြား ပါလာပါပြီ။

ဒါအပြင် ကမ္ဘာဆိုတာ ရွာကြီး တစ်ခုလို ဖြစ်လာတဲ့ အခါ လူမျိုး အသီးသီးဟာ နိုင်ငံ အသီးသီးမှာ အခြေချ နေထိုင်ကြကာ ဘ၀ကို ဖြတ်သန်း လာကြတဲ့ ခေတ်ဖြစ် နေပြီမို့ တောကြိုအုံကြား ကလူဟာ ကမ္ဘာ့မြို့ တော်ကြီး တစ်ခုခုမှာ အခြေချ နေထိုင်နေတာ မျိုးဖြစ်တဲ့ အခါ အဲဒီလူဟာ "စာတတ်မြောက် သူစင်စစ်"ဖြစ်နေတဲ့ တိုင်အောင် သူ အခြေချတဲ့ နိုင်ငံရဲ့ ဘာသာစကားကို အကျွမ်းတ၀င် မဖြစ်ခဲ့ရင်၊ ယဉ်ကျေးမှုကို မယဉ်ပါးခဲ့ရင် သူ့အတွက် အလုပ် အကိုင်ဆိုတာ ရှားပါး နေဦးမှာ ဖြစ်တဲ့အတွက် ၀င်ငွေရ ဖို့ရော လူတော တိုးဖို့ပါ ခက်ခဲနေဦး မှာပါ။ အိန္ဒိယ မြောက်ပိုင်း မီဝပ်က ဘွဲ့ရ ပညာတတ်ဟာ လတီကျု ဒီတစ်တန်း တည်းမှာရှိတဲ့ မြောက် အမေရိက မြို့ကြီးတစ်မြို့မှာ အခြေချတဲ့ အခါ သူ တတ်ထားတာ တွေဟာ အဲဒီ အရပ်မှာ စံမမီတဲ့ အတွက် သူ့ရွာက အုတ် ဖုတ်နေရတဲ့ ကလေးတွေလို ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုခုရဲ့ သာမန် ၀န်ထမ်းတစ်ဦး ဖြစ်နေရတယ်ဆိုရင် သူ့ကို "စာတတ်မြောက်သူ၊ ပညာ တတ်"လို့ ဆိုနိုင်ပေမယ့် တကယ်တော့ "အလုပ်ဖြစ်ရုံ စာတတ်မြောက်သူ" အဆင့်မျိုးမှာပဲ ရှိနေမှာပါ။

အဲဒီလိုပဲ ကိုယ့်ရေမြေမှာ သက်မွေးပညာ ရှင်ရယ်လို့ ၀င်ငွေရ၊ လူတောတိုး ခဲ့ပေမယ့် ဘာသာစကား၊ နည်းပညာ၊ ယဉ်ကျေးမှုတွေ မတူညီတဲ့ ရေမြေဒေသ ကိုလည်း ရောက်ရော ကိုယ့်သက်မွေး ပညာနဲ့ ပတ် သက်တဲ့ အလုပ်အကိုင်ကို မလုပ်ရနိုင်ပဲ အဆင်ပြေရာ အလုပ်ကို လုပ်ရတဲ့ အတွက် "စာတတ်သူ"ဘ၀ကနေ "စာမတတ်သူ"ဘ၀မျိုး ဖြစ်သွားကြရ သူတွေဟာ ဒီနေ့ကမ္ဘာကြီးမှာ ဒုနဲ့ဒေးပါ။ ဒါကို တချို့က ဦးနှောက်ယိုစီး တယ်လို့ပြောမှာ ဖြစ်ပြီး တချို့ကတော့ ပညာတွေ လေလွင့် သွားတယ်လို့ ပြောကြပါတယ်။ ဒီတော့ "စာမတတ် မြောက်မှု"ရဲ့ အနှစ်သာရက "အ" သုံးလုံးကျေခြင်း၊ မကျေခြင်း ပေါ်မှာ မူမတည် တော့တာ ရှင်းလာပြီပေါ့။

စပိန် စာရေးဆရာ ပီဒရို ဆလီနာ ကတော့ "စာမတတ် မြောက်သူ" ဆိုတာ ကို အဓိပ္ပာယ်တစ်မျိုး ဖွင့်ပြန်တာပါ။ သူက "စာမတတ်မြောက်သူ အသစ်များ" လို့ သုံးပါတယ်။ သူ့အနက် အရ "စာမတတ်မြောက်သူ အသစ်" ဆိုတာတွေက "အ" သုံးလုံးတောင် မကျေဘူး ဆိုတဲ့ ငရဲထဲမှာလည်း မရှိနေ၊ စာဖတ်ခြင်းရဲ့ နိဗ္ဗာန်ဘုံမှာလည်း မရှိနေဘဲကြားမှာ ဇော်ကန့်လန့် ဖြစ်နေ သူတွေပါတဲ့။ သူက "အ" သုံးလုံးမကျေ သူတွေကို စာနာသနား ပေမယ့် လေးစား မိတာတော့ အမှန်ပါလို့ ဆိုပါတယ်။ "အ"သုံး လုံးမှ မကျေပေမယ့် လူသားဆန်ကြ၊ အပြုအမူတွေ သိက်္ခာရှိကြကာ ဆင်ခြင်ဉာဏ် ရင့်သန်ကြ သူတွေ အများကြီးမို့ သူက အဲဒီလို လူတွေကို လေးစားတာ ပါတဲ့။ ဒါပေမဲ့ သူမလေးစား နိုင်သူ တွေကတော့ သူက နာမည်ပေးထားတဲ့ "စာမတတ်မြောက်သူ အသစ်" တွေပါတဲ့။ အဲဒီလူတွေက ဘယ်လိုလူ တွေလဲ ဆိုတာကို သူက နှစ်မျိုးခွဲပြ သေးတာပါ။

တစ်မျိုးက ရေးတတ်၊ ဖတ်တတ်၊ ပညာတတ် ကြပေမယ့် စာဖတ်ဖို့ မကြိုးစား ကြသူတွေ ပါတဲ့။ အဲဒီ လူတွေဟာ စာတစ်စောင်ကို မဖြစ်မနေ ဖတ်ကြရမယ့်အခါမျိုး၊ ရုပ်ရှင်ရုံ ဆိုင်းဘုတ်နဲ့ ကြော်ငြာတွေကို မြင်မိတဲ့ အခါမျိုး၊ ဖုန်းနံပါတ် ရှာဖို့ လိုတဲ့ အခါမျိုးနဲ့ တခြား တခြားသော မဖြစ်မနေ အခြေ အနေမျိုးကို ဆိုက်ခါမှ သူတို့တတ်ထားတဲ့ စာဖတ်ခြင်း အမှုကို ထုတ်သုံးကြတဲ့ သူတွေပေါ့။ သူက အဲဒီလို "လုံးဝ ဥဿုံ စာမတတ် မြောက်သူ အသစ်"တွေကိုဖြင့် မလေးစားနိုင် ပါဘူးတဲ့။ သူက ဒီအကြောင်းကို ၁၉၄၅ ခုနှစ်မှာ ရေးခဲ့တာ ဆိုတော့ ခုနေသူ ပြန်အသက်ရှင် လာရင် သူမ လေးစားနိုင်တဲ့ "လုံးဝဥသုံ စာမတတ်မြောက် သူအသစ်" မျိုးဆက် အကြီးကြီးကို တွေ့ပြီး ပြန်သေသွား မှာလား မသိပါဘူး။ သေချာတာ ကတော့ အဲဒီမျိုး ဆက်ဟာ ဒီရေဒီမြေ မှာတော့ အတော်ကြီး ပြန့်ပွား နေပါပြီ။ ရုပ်ရှင် စာတန်းထိုးနဲ့ ဖက်ရှင်ကြော်ငြာ ပေါ်က စာကိုပဲ ဖတ်တဲ့ "လုံးဝဥဿုံစာမတတ် မြောက်သူ အသစ်" တွေ ဟာ အိနိ္ဒယက အုတ်ဖုတ်ကလေး လေးတွေကို အားကျနေတာ မဟုတ် နိုင်ပေမယ့် အဲဒီကလေးတွေရဲ့ ဂုဏ်ပုဒ်အတိုင်း ကျင့်ကြံနေ တာတော့ သေချာ နေပါတယ်။ ထားပါတော့။

ပီဒရို ပြောတဲ့ နောက်တစ်မျိုး ကတော့ "တစ်ဝက် တစ်ပျက်စာ မတတ် မြောက်သူ အသစ်" ပေါ့။ အဲဒီလူတွေ ကတော့ စာအုပ်ဆိုင်လေး တွေဆီ မှန်မှန်သွားကြပါရဲ့၊ ဒါပေမဲ့ သူတို့လက်ရှိ အလုပ်နဲ့ ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ အကြောင်း အရာလေး အနည်း အကျဉ်းနဲ့ လစဉ်ထုတ် စာစောင်လေး အနည်းအကျဉ်း လောက်ကိုပဲ အမြဲဖတ်ပြီး ကျန်တဲ့စာ ဆိုရင် ဘာစာအုပ်၊ ဘာစာ စောင်မှ ဖတ်ဖို့ စိတ်မကူး ကြသူတွေပါ ဘဲတဲ့။ အဲဒီလို စာဖတ်သူတွေ ဆိုတာ ကလေးတွေ ကားရုပ်ဆက်တမ်း ကစားကြတဲ့ အခါ အချိန်ကြာ ပေမယ့် အရုပ် အမှန် မထွက်လာ သလို အချိန်တွေ ဘယ်လောက်ကြာအောင် ဖတ်ဖတ် ကျယ် ပြန့်တဲ့ အတွေး အမြင်မျိုး၊ ခြုံငုံသုံးသပ် တတ်တာမျိုး ဖြစ်မလာ ပါဘူးတဲ့။

အဲဒါကြောင့် အဲဒီလို စာဖတ်သူ တွေကို သူက "တစ်ဝက်တစ်ပျက် စာမတတ် မြောက်သူအသစ်" လို့ ခေါ်ပါတယ်။ အဲဒီလို လူမျိုးကိုတော့ သူက လေးစား လို့ မရရုံမက သနားမိတာပါပဲတဲ့။ သူတို့က စာဖတ်တယ် ဆိုတာ ဖတ်တတ်လို့ ဖတ်တာမျိုး ဖြစ်ပြီး လေ့လာဖို့ ဖတ်တာမျိုး မဟုတ်ကြ ပါဘူး။ ဒါကြောင့် အဲဒီလို လူမျိုးတွေက "အ" သုံးလုံးမှ မကျေတဲ့ "ပကတိစာ    မတတ်မြောက်သူ" တွေထက် ပိုအန္တရာယ် များတယ်လို့ သူက ယူဆပါတယ်။ အကြောင်းကတော့ သူတို့ဟာ စာဖတ်တဲ့ အလုပ်တော့ လုပ်နိုင်ကြ ပေမယ့် စာပေရဲ့ တန်ဖိုးကိုတော့ မသိကြ၊ စာပေ တန်ဖိုးနဲ့ ပတ်သက်တဲ့ ပညာဉဏ်မျိုး မရှိကြလို့ ပါဘဲ။ သူတို့ကိုယ် သူတို့ စာတတ်တယ်၊ ပညာ တတ်တယ်လို့ ယူဆထားကြတဲ့ အတွက် နောက်ထပ် အပြောကျယ်တဲ့ ပညာနယ်ပယ် ထဲကို သူတို့တတ် ထားတဲ့ "စာဖတ်ခြင်း" အတတ်နဲ့တောင် ဆက်သွားစရာ မလိုတော့ဘူး ထင်နေကြရင် အဲဒီ လူတွေဟာ လုံးလုံး စာမတတ်တဲ့ အတွက် စာမဖတ်နိုင် ကြသူတွေထက် ပိုဆိုး ပါတယ်လို့ သူက ဆိုလိုတာပါ။

ကယ်တော့ သူ ညွှန်းတဲ့ "တစ်ဝက်တစ် ပျက် စာမတတ်မြောက်သူအသစ်" မျိုးဆက်ဟာ အခုအချိန်မှာ ကူးစက် ရောဂါတစ်ခုလို ပြန့်တာ မြန်ဆန်နေကြောင်း ပီဒရို မသိသွား ရှာပါဘူး။ သူက ၁၉၅၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့စံ အရဆိုရင် ဒီနေ့ကမ္ဘာမှာ "စာတတ်မြောက်သူ"လို့ ပြောနိုင်မယ့်လူဦးရေဟာ အတော်ကြီး နည်းသွားမှာ အမှန်ပါပဲ။ စာမတတ်ရင် ဆင်းရဲတွင်း နက်တယ်လို့ ယူဆကြတာ ဆိုတော့ ဒီကနေ့ နည်း ပညာအသစ် အဆန်းတွေ ပေါ်ပြီးရင်း ပေါ်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့ စီးပွါးရေးက အခြေအနေ မဟန်တာကို ကြည့်ရင်း "စာမတတ် မြောက်သူ"အသစ် အသစ်တွေ အမျိုးအစား အမျိုးမျိုး ပေါ်ပေါက် လာတာကြောင့်များ ကမ
ာကြီး  ဆင်းရဲတွင်းနက် လာသလားလို့ တွေးမိ ရပါတယ်။ စီးပွားရေးခက် ခဲချိန်မှာ မဂ္ဂဇင်းကြီးတွေ၊ သတင်းစာ တိုက်ကြီး တွေနဲ့ စာအုပ်ဆိုင် ကြီးတွေ ရပ်ဆိုင်း လိုက်ရတဲ့ သတင်းက ပိုများ လာသလို စာဖတ်စရာ မလိုဘဲ အရုပ်ကြည့်၊ အသံ နားထောင်ရမယ့် မီဒီယာတွေ ပိုအလုပ် ဖြစ်လာ နေတာလည်း တွေ့နေရတာ ပဲကိုး။ ဒါပေမဲ့ ပြည်သူ့စာကြည့် တိုက်ဆိုတာမျိုး အသစ်အသစ် ပေါ်လာပြီး စာဖတ်တတ်သူ အများ အပြားက လာရောက်ဖတ်ရှု လေ့လာကြတယ်ဆိုတဲ့ သတင်းကတော့ မကြားရ သလောက်ပါဘဲ။

စာတတ်မြောက်သူ စင်စစ်ဖြစ်ဖို့ ဆိုတာ တကယ်ပဲ ခဲယဉ်း နေပါသလား။ ကိုယ်တို့တစ်တွေ "စာတတ်မြောက်သူ စင်စစ်" ဖြစ်ကြရဲ့လား။ အိနိ္ဒယက အုတ်ဖုတ်တဲ့ စာမတတ် မြောက်သူ ကလေးတွေကို သနားပြီး ကိုယ့်ကိုယ်ကိုယ် သနားဖို့ မေ့နေမိကြ ပြီလား။ စာမတတ် သူတွေကို "အ" သုံးလုံးကျေအောင် ကြိုးစားဖို့ လောက်ပဲ အာရုံထားပြီး "အ" သုံးလုံးကျေပြီး သူတွေ "စာဖတ်" ဖြစ်ကြအောင် မကြိုးစား ကြရင် ကမ္ဘာ့ ဆင်းရဲတွင်းဟာ တိမ်လာနိုင် ပါဦး မလား။ "အလုပ်ဖြစ်ရုံ စာတတ်သူ" နဲ့ "စာမတတ် မြောက်သူ အသစ် အသစ်" တွေ ဆက်လက်ထွန်းကား နေတာကို မတားနိုင်တဲ့ အတွက် ဆင်းရဲတွင်း ပုံကား ချပ်ကို အမှန်အတိုင်း နေရာတကျ မမြင်နိုင်ဘဲ ရှိနေတာ များလား။ ကိုယ့်ကိုယ် ကိုယ် "စာတတ်မြောက်သူ"လို့ မိရိုးဖလာ ယုံကြည်ထား ကြသူတွေ        စဉ်းစားကြရ အောင်ပါ။

မသီတာ၊စမ်းချောင်း၊
Ref: The new illiterates by Pedro Salinas

Credit: http://www.shweamyutay.com/index.php?option=com_content&view=article&id=3478:2011-09-26-11-07-17&catid=102:2008-06-08-20-02-17&Itemid=656

No comments: