Saturday, September 10, 2011

ဘာသာရေးကိုးကွယ်မှုနှင့် အစားအစာ

လူတွေရဲ့ စားသောက်မှုပုံစံနဲ့ အစားအစာကို လူမျိုး၊ ကျင့်သုံးတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ကိုးကွယ်တဲ့ ဘာသာတရားနဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေတွေက လွှမ်းမိုးဖြစ်ပေါ်စေပါတယ်။ မိသားစုဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လွှမ်းမိုး မှုကတော့ အများဆုံးပါပဲ။

မိသားစုအတွင်းမှာလည်း ဇနီး သို့မဟုတ် မိခင်ရဲ့ အစားအစာရွေးချယ်ဆုံးဖြတ်မှုက အများကြီးသက်ဆိုင်ပါတယ်။ သူတို့က အိမ်ရဲ့ စားဖိုမှူးဖြစ်လေတော့ သူတို့စိတ်ကြိုက် စီမံဝယ်ခြမ်းချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာတွေကိုပဲ တစ်အိမ်သားလုံး ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်။ ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက မိရိုးဖလာ ချက်ပြုတ်ဖန်တီးခဲ့သော အစားအစာများကို အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြလို့ ရိုးရာအခမ်းအနားတွေ၊ အထူးဧည့်ခံပွဲတွေမှာ တည်ခင်းဧည့်ခံခဲ့ကြတဲ့ အစားအစာများ ရှိခဲ့ကြတာ ဖြစ်ပါတယ်။


မိမိနေထိုင်တဲ့ နိုင်ငံ၊ အရပ်ဒေသမှာ ကျင့်သုံးသော ထုံးတမ်းစဉ်လာများ၊ အသုံးပြုလေ့ရှိသော ချက်ပြုတ်နည်းများ၊ ပြင်ဆင်နည်းများ၊ တန်ဖိုးထားမှုများက ဘယ်လိုအစားအစာတွေ စားရမယ်ဆိုတာ ဆုံးဖြတ် ပေးပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့မှာ အင်းဆက်ပိုးကောင်တွေ စားသောက်ခြင်းကို ပစ်ပစ်ခါခါ ငြင်းပယ်ကြတယ်။ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချ ကြတယ်။ ဒါပေမယ့် ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲက ဥပမာ- အာဖရိကတောင်ပိုင်းမှာ ကျိုင်းကောင်လို အင်းဆက်ပိုးကောင်နဲ့ ပိုးတုံးလုံး ကောင်ကြော်ကို မြတ်မြတ်နိုးနိုး စားတတ်ကြပါတယ်။ အာရှတိုက်က အိန္ဒိယမှာဆိုရင်လည်း ပုရွက်နီအကောင်တစ်မျိုးကို နှစ်ခြိုက်စွာ စားလေ့ရှိပါတယ်။ လာအိုမှာ ရေထဲက ချေးပိုးထိုးလိုအကောင်မျိုးကို စားသုံးတဲ့သူတွေ ရှိပါတယ်။


ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုသည် မူရင်းနိုင်ငံမှရွှေ့ပြောင်းလာရောက်အခြေစိုက်ကြတဲ့ မျိုးနွယ်စုတွေ အစုံအလင်အများပြား ဆုံးရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံရဲ့ အစားအစာပေါင်းစုံကို အလွယ်တကူဝယ်ယူရရှိ စားသောက်နိုင်သော နိုင်ငံတစ်ခုလည်း ဖြစ်နေပါတယ်။ အီတာလျံခေါက်ဆွဲမှသည် မက္ကဆီကို အစားအစာ၊ တရုတ်၊ ဂျပန်ဟင်းလျာများအပြင် အိန္ဒိယအစားအစာ စသည်ဖြင့် မျိုးစုံနေအောင် ရှိပါတယ်။


ဘာသာရေးကိုးကွယ်မှုကလည်း လူတွေရဲ့ အစားအစာရွေးချယ်မှုကိုများစွာလွှမ်းမိုးလျက်ရှိသောအကြောင်းအချက်တစ်ခုဖြစ်ပါတယ်။ မိမိကိုးကွယ်သော ဘာသာအလိုက် အချို့သောအစားအစာများစားခြင်းကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ကြပါတယ်။ ဘုရားသခင် ဒါမှမဟုတ် တန်ခိုးရှင်ကို ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးခြင်းကို ပြသတဲ့အနေနဲ့ အချို့သောအစားအစာများကို မစားမသောက်ဘဲ တစ်သက်လုံး ရှောင်ကြဉ်လေ့ရှိကြပါတယ်။

ကမ္ဘာပေါ်မှာ လူအမျိုးမျိုး၊ နိုင်ငံအမျိုးမျိုးက ကိုးကွယ်သော ဘာသာတရား အမျိုးအစားများစွာရှိတဲ့အနက် အဓိကဘာသာကြီးများရဲ့ အစားအစာနှင့် ပတ်သက်သော ဓလေ့ထုံးစံအချို့ကို ဖော်ပြလိုပါတယ်။


ဘာသာ                                                                    စားသောက်မှုအလေ့အထ


(၁) ဗုဒ္ဓဘာသာ  -      အရက်သောက်ခြင်းကို တားမြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် ဂေါတမမြတ်စွာဘုရားက ဘယ်လို အစားအစာကို မစားရဘူး၊ ဘယ်လိုအစားအစာကို စားရမယ်ဆိုတာ ကန့်သတ်ပညတ်ထားခြင်း မရှိပါဘူး။ သတ်သတ်လွတ်စားရမယ် လို့လည်း မဟောခဲ့ပါဘူး။ မဟာယန ဗုဒ္ဓဘာသာ (ဥပမာ - တရုတ်ဗုဒ္ဓဘာသာ)မှာတော့ သတ်သတ်လွတ်စားကြပါတယ်။ ဟင်းသီး ဟင်းရွက်ကိုသာ စားကြရပါတယ်။ ဒါတောင်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ပင်ပေါက် ကဲ့သို့သော ဟင်းခတ် ပင်တို့ကို မစားရန် တားမြစ်ထားပါတယ်။ ၄င်းတို့ကို ချက်စားလျှင် တဏှာရာဂကို အားပေးပြီး အစိမ်းစားလျှင် ဒေါသကြီးစေတယ်လို့ ဆိုပါတယ်။


(၂) ဟိန္ဒူ - အရက်သောက်ခြင်းကို တားမြစ်ပါတယ်။ အမဲသားကို မစားရန် တားမြစ်ထားပါတယ်။ နွားများကို ဘာသာရေးအခမ်းအနား များ၌ တန်ဆာဆင်ပေးခြင်း၊ ဘေးမဲ့ပေးခြင်း ပြုလုပ်ပါတယ်။


(၃) အစ္စလာမ်  - အရက်သောက်ခြင်းကို တားမြစ်ပါတယ်။ ၀က်သားမစားရန်နှင့် သတ်ဖြတ်သည့်အခါ သွေးယိုစီးထွက်မှုကောင်းစွာ မဖြစ် ပေါ်သော သတ်နည်းဖြင့် သတ်ထားသည့် တိရစ္ထာန်အသား မစားရန် တားမြစ်ထားပါတယ်။ အစွယ်ရှိသတ္တ၀ါ ဥ့ပမာ - ခြင်္သေ့သား၊ ၀ံပုလွေသား စားရပါ။ နှုတ်သီးချွန်ငှက် ဥပမာ - လင်းယုန်၊ နားမရှိသော ကုန်းသတ္တ၀ါ ဥပမာ - ဖား၊မြွေ စသည်တို့ကို မစားရပါ။


(၄) ဂျူးဘာသာ - ၀က်သား၊ အသေကောင်သား မစားရပါ။ Kosher ဟူသော စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ အချို့သော အစားအစာ များကို ထုံးတမ်းစဉ်လာ ဓလေ့နည်းပညာဖြင့် ပြင်ဆင်ချက်ပြုတ်ရပါတယ်။ ဥပမာ - နို့နှင့်အသားများကို သီးခြားသတ်မှတ်ထားသော ဇွန်း၊ ပန်းကန်တို့ဖြင့် ပြင်ဆင်ရပါတယ်။


(၅) 7th Day Adventism - သတ်သတ်လွတ် စားရပါတယ်။ အရက်၊ ကဖင်းပါသော အရည်မသောက်ရပါ။ ဂျုံကြမ်း၊ ဆန်ကြမ်း စားရပါ တယ်။ နို့နှင့် ကြက်ဥ အနည်းငယ် စားသုံးနိုင်ပါတယ်။


မောင် (ဆေးတက္ကသိုလ်)

Credit: Health Digest Journal – Vol. (8), No. (44) 7-9-2011

No comments: