Friday, September 16, 2011

စိတ်ဖိစီးမှုများ အဝေးသို့နှင်

Stress Relief to go

အချိန်ကို စီမံခန့်ခွဲနိုင်ပုံ
Time Management

လုပ်ငန်းတာဝန်တွေနဲ့ အရေးပေါ်ကိစ္စအားလုံးကို နေ့စဉ်နေ့တိုင်း
အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပေမယ့် ပြီးမြောက်အောင် ဆောင် ရွက်ဖို့
မလွယ်ကူတာကြောင့် အချိန်မလုံလောက်တဲ့ ပြဿနာကို လူတွေရင်ဆိုင်ကြရပါတယ်။

ဒီအခြေအနေဟာ သင်နဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ခံစားမိပါသလား။ ပြဿနာကို
ဖြေရှင်းဖို့အချိန်ပိုရနိုင်သမျှ ရှာကြံဖြည့်ဆည်း လိုက်ခြင်းကရော
အချိန်ပိုရလာစေနိုင်ပါသလား။ တစ်လ နှစ်လကြာတဲ့အခါမှာတော့ အရင်လိုပဲ
အချိန်မလုံလောက်တဲ့ ပြဿနာကို ပြန်ရင်ဆိုင်ရဦးမှာလား။
လူအတော်များများကတော့ အလုပ် မပြီးပြတ်ခြင်းရဲ့ ဖိစီးမှုဒဏ်
ခံနေကြရခြင်းကို လျော့နည်းသွားစေဖို့ မိသားစု၊ မိတ်ဆွေရဲ့ ၀ါသနာ
ပါရာတွေလုပ်ဆောင်ရမယ့် အချိန်အားလုံးကို ပေးဆပ်ပြီး ဒီပြဿနာကို
ဖြေရှင်းပါတယ်။ သင့်ကိုတော့ ဒီနေ့ခေတ်လူနေမှုဘ၀ရဲ့ ဖိစီး မှုဒဏ်ကြောင့်
စိတ်ပန်းလူပန်းဖြစ်ပြီး ရောဂါမရခင် အချိန်ကို စီမံခန့်ခွဲဖို့
နည်းလမ်းကောင်း ရှာပါလို့ အကြံပြုချင်ပါတယ်။

တစ်နေ့တာမှာ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လက်တွေ့
လုပ်ဆောင်နိုင်မယ့် လုပ်ငန်းများကို ချင့်တွက်ကြည့်ပါ။ အရာအားလုံးကို
လုပ်ဆောင်ဖို့ တစ်နေ့တာက သင့်အတွက် လုံလောက်မှု မရှိနိုင်ဘူးဆိုတဲ့
အချက်ကို အသိအမှတ်ပြုပါ။ ပြီးအောင် မလုပ်နိုင်တာသေချာတဲ့
လုပ်ငန်းတာဝန်အားလုံး ဒါမှမဟုတ် တစ်စိတ်တစ်ဒေသအတွက် မလုပ်နိုင်ကြောင်းကို
လည်း ပြတ်ပြတ် သားသားငြင်းဆိုပါ။ သင့်လုပ်ငန်းအစီအစဉ် ဇယားထဲကနေ
ထုတ်ပယ်ပစ်လိုက်ပါ။

အချိန်ကို စီမံခန့်ခွဲနိုင်ဖို့ သင့်ရဲ့ အစီအစဉ်ဇယားနဲ့ အချိန်
ဟန်ချက်ညီစေဖို့ ပန်းတိုင်ထားရှိပါ။ မိသားစုနဲ့ အတူနေချိန်၊ အားလပ်ချိန်၊
အလုပ်အကိုင်နဲ့ မိတ်ဆွေ အပေါင်းအသင်းစတဲ့အရာအားလုံးကို မျှတအောင်
အချိန်ပေးနိုင်ဖို့ ယခုဖော်ပြထားတဲ့ အကြံပြုချက်တွေက သင့်ကို
အကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်ပါတယ်။

- အလုပ်တစ်ခု မပြီးပြတ်ခင် နောက်အလုပ်တစ်ခုကို ခုန်မကူးပါနဲ့။
- အလုပ်အကိုင်၊ မိသားစုဘ၀နဲ့ ကိုယ်ပိုင်အချိန်စတဲ့ လိုအပ်ရာ အားပြိုင်မှု
အားလုံးကို သာမန် နေ့တစ်နေ့မှာ လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ဖို့
အချိန်ကို ကန့်သတ်သုံးစွဲပါ။
- သင် လုပ်နိုင်တဲ့ အရာများနဲ့ လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အရာများကို
ချင့်တွက်ပါ။
- သင် မလုပ်နိုင်တဲ့ အရာတွေကို လက်လွှတ်လိုက်ဖို့ သင်ယူပါ။ ဒါမှမဟုတ်ရင်
မတတ်သာလို့ လုပ်ရတဲ့အလုပ် ပြီးသွားတဲ့အခါ ညံ့ဖျင်း တဲ့ ရလဒ်ကြောင့် သင်
အမှန်တကယ် လုပ်ဆောင်နိုင်တာတွေကို
ပြုလုပ်ဖို့အချိန်မရဘဲဖြစ်သွားနိုင်ပါတယ်။
- သင် ပြုလုပ်ရမယ့် အလုပ်များကို စာရင်းပြုလုပ်ပါ။
အလုပ်တစ်ခုချင်းစီအတွက် ပြီးစီးအောင် လုပ်နိုင်မယ့်အချိန်ကို
တွက်ချက်ပြီး အစီ အစဉ်လိုက် ချရေးပါ။
- သင့်အချိန်ဇယားကို နေ့စဉ် ဆန်းစစ်ပါ။

နောက်တစ်နေ့ကို ဘယ်လို အစပြုမလဲ
Starting your day

အိပ်ရေးမ၀ဘဲ အိပ်ရာကနေ ထလာခါစမှာ ကဖိန်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီ ဒါမှမဟုတ်
လက်ဖက်ရည်ကို ကာဗိုဟိုက်ဒရိတ်ဓာတ်ပါ အသင့်စား နံနက်စာနဲ့ တွဲဖက်စားပြီး
နေ့တစ်နေ့ကို အစပြုတတ်သလားလို့ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ။

ကဖိန်းဓာတ်နဲ့ ပြုပြင်စီမံထားတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်ပါ အသင့်စား
အစားအစာတွေက ခန္ဓာကိုယမှာ ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဖိစီးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေ ရောဂါလက္ခဏာတွေ
အများအပြားရှိပါတယ်။ ဥပမာ- အကြောင်းမရှိဘဲ အမြဲတစေ မောပန်း
နွမ်းနယ်နေတတ်ခြင်းဟာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ဖိစီးမှုရဲ့ရောဂါပြ
လက္ဓဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ ပြဿနာများကို
ပြေလည်အောင် ကုစားပေးနိုင်တဲ့ ကုထုံးတွေ အမျိုးမျိုးရှိပါတယ်။
အိပ်မပျော်ခြင်းလို ဖိစီးမှုရဲ့ ဆိုးဝါးမှုဒဏ်ကို ကုစားဖို့
စားသောက်မှုပုံစံတချို့ကို ပြုပြင်ပြောင်းလဲခြင်း၊
ကိုယ်လက်လှုပ်ရှားမှုပြုခြင်းများက မဖြစ်မနေလုပ်ဆောင်ရမယ့်
အရာများဖြစ်ပါတယ်။ ဒါ့အပြင် -

အိပ်မပျော်အောင် အနှောင့်အယှက် ပေးနိုင်သော အရာများကို ထိန်းချုပ်ပါ
Harnessing your Sleeping mind

နေ့စဉ် ကြုံတွေ့ရတဲ့ ဖိစီးမှုများနဲ့ စိုးရိမ်ပူပန်မှုတွေကို
ပြေလျော့သွားစေနိုင်ဖို့ ညအချိန်မှာ အိပ်ပျော်အောင် အနားယူအိပ်စက်သင့်
ပါ တယ်။ နေ့အချိန်မှာ တွေ့ကြုံရာတွေကို ညအချိန်မှာ
ပြန်စဉ်းစားတွေးတောခြင်းနဲ့ စိတ်လှုပ်ရှားခြင်းတို့က အိပ်မပျော်အောင်
အနှောင့် အယှက်ပေးနေတဲ့ အရာတွေဖြစ်ပါတယ်။ အိပ်ပျော်သွားရင်တောင်မှ
ညမှာမကြာခဏ ပြန်ပြီး နိုးနေတတ်ပါတယ်။ နံနက်မှာလည်း အိပ်ရေးမ၀သလို
ခံစားရနိုင်ပါတယ်။

အလုပ်ခွင်ထဲမှာ လုပ်ငန်းတာဝန်တွေကို ပင်ပန်းနွမ်းနယ်စွာ ထမ်းဆောင်စဉ်မှာ
အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ
ညအချိန်ထိ ပါမလာအောင် ထိန်းချုပ်ပေးဖို့ ကြိုးစားပါ။

သလင်းကျောက်ဖြင့် ကုစားခြင်း
Crystal Healing

တချို့စိတ်ဖိစီးမှုများတဲ့သူတွေက မိမိတို့ရဲ့အိပ်ရာနံဘေးမှာ
သလင်းကျောက်လေးတွေကို ပန်းကန်ထဲထည့်ပြီး ထားတတ်ကြပါတယ်။ ဒီလို
သလင်းကျောက်လေးတွေကို ဘေးနားထားပြီး အိပ်ရင်စိတ်သောက ဖြစ်နေတာတွေ၊
စိတ်ဖိစီးမှုတွေ ပြေပျောက်သွားတယ်လို့လည်း ဆိုကြပါတယ်။ များသောအားဖြင့်
နီလာခရမ်း (သို့) ကျောက်ခရမ်းပွင့်(သို့) သီဟိုဠ်နီလာလို့ခေါ်တဲ့
Amethyst၊ ကြောင်မျက်လုံး (Tiger's eye) ၊ peridot, စိမ်းပြာရောင်(သို့)
မြ(Aquamarine)၊ Calcite နှင်းဆီရောင်သွေး သလင်းကျောက်(Rose Quartz) နဲ့
Tourmaline စတဲ့သလင်းကျောက် အမျိုးအစားတွေကို ထားလေ့ရှိပါတယ်။

စိတ်အေးချမ်းမှု ရှိပြီး အိပ်ပျော်စေဖို့အတွက်ကိုတော့ Moonstone၊
အနီရောင်နဲ့ မီးခိုးရောင်ရှိ သလင်းကျောက်(Quartz) ( Rose and Smoky)၊
နီလာခရမ်း၊ Citrine, မဟူရာကြောင်ဝင် Oryx,အပြာရောင်ကျောက်စိမ်း Blue Jade
၊ Selenite နဲ့ Tourmaline ကျောက်တွေ ကို အသုံးပြုနိုင်ပါတယ်။
မိမိရဲ့စိတ်အခြေအနေအပေါ်လိုက်ပြီး လိုအပ်မယ့် အရောင်ရှိသလင်းကျောက်ကို
အသုံးပြုပြီး ဖြေဖျောက်နိုင်ပါ တယ်။

စိတ်ကူးပုံဖော် ကုသခြင်းနည်း
Targeted Visualization

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွေးများနဲ့
ဆန့်ကျင်တဲ့ အတွေးတွေကို စိတ်ကူးအတွေးများနဲ့ ဆန့်ကျင်တဲ့ အတွေးတွေကို
စိတ်ကူးပုံဖော်ပြီး အာရုံပြောင်းလဲလိုက်ခြင်းက
အိပ်ပျော်အောင်ကူညီပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
တိုက်မလား၊ ပြေးမလားဆိုတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ရောဂါပြ
လက္ခဏာတွေကိုပါ ပြန်လည်ချေဖျက်ပေးနိုင်ပါတယ်။

- သက်သောင့်သက်သာ ဖြစ်စေနိုင်မယ့် အိပ်ရာတစ်ခုမှာ အိပ်ပြီး သင့်စိတ်ကို
အမှန်တကယ်ရွှင်လန်းစေခဲ့တဲ့ အပျော်ခရီးတစ်ခုထွက် ခဲ့ပုံကို
ပြန်ပြောင်းစိတ်ကူးကြည့်ပါ။ အပျော်ခရီးထွက်ခဲ့စဉ်
အနားယူအပန်းဖြေခဲ့ပုံတွေ သဘာဝရှုခင်းတွေ၊ တောက်ပတဲ့ နေရောင်ခြည်နဲ့
လေပြည်လေညင်းတိုက်ခတ်ပုံတွေအပေါ်မှာ ၁၀မိနစ်ခန့်
အာရုံစူးစိုက်ထားခြင်းဖြင့် ဖိစီးမှုဖြစ်ပေါ်နေတဲ့ စိတ်ကို
ပြောင်းလဲပစ်လိုက်ပါ။

- လုပ်ငန်းခွင်မှာ တွေ့ကြံရတဲ့ အဆင်မပြေမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့
စိုးရိမ်ပူပန်မှုတွေအတွက် အခြေအနေကို ပြေလည်အောင် ထိန်း
ချုပ်လိုက်နိုင်ပြီလို့ စိတ်ကူး ပုံဖော်ကြည့်ပါ။

- သင့်အခြေအနေဟာ ဘယ်လိုအနေအထားမှာပဲရောက်ရှိနေပါစေ၊ အရာရာကို
ရင်ဆိုင်ကျော်လွှားသွားနိုင်ဖို့ အသင့်ရှိနေကြောင်း
ယုံကြည်ချက်ရှိကြောင်းကို စိတ်ကူးပုံဖော်ပါ။
-အိပ်မပျော်ခင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ကူးများကို ၁၀မိနစ်ခန့်
နေ့စဉ် ပုံဖော်ကြည့်ခြင်းကို အနည်းဆုံး တစ်ပတ်ခန့် ပြုလုပ်ပါ။

Credit: သရဖူမဂ္ဂဇင်း - စက်တာဘာလ ၂၀၁၁ခုနှစ်

No comments: