Saturday, September 24, 2011

ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓ မဝေဖန်

'ဟော...ကိုဝင်းပါလား၊ လာဗျာ ခင်ဗျားနဲ့ တရားဓမ္မအကြောင်းလေးတွေ ဆွေးနွေးချင်နေတာနဲ့အတော်ပဲ'

'ဟုတ်လား၊ ကျွန်တော်တောင် နေ့လည်ကမှ မြန်မာ့အသံရေဒီယိုက ထုတ်လွှင့်သွားတဲ့ မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင် သောဘနနဲ့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသတို့ ဆဋ္ဌသင်္ဂါယနာတင်စဉ်က ပြုလုပ်ခဲ့တဲ့ အမေး အဖြေခန်းကို နားထောင်လာခဲ့သေးတယ် ကိုလင်းရေ'

'ကျွန်တော်ဆွေးနွေးချင်တာနဲ့တော့ ကွက်တိပဲဗျို့၊ ဒီနေ့ထုတ်လွှင့်သွားတဲ့ သံယုတ္တနိကာယ်၊ အဗျာကတသံယုတ်၊ ခေမာသုတ်က ပသေနဒီ ကောသလမင်းနဲ့ ခေမာထေရီတို့ အပြန်အလှန် အမေးအဖြေလုပ်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး နည်းနည်းနားရှုပ် သွားလို့ဗျာ'

'သြော်...သိပြီ၊ ပသေနဒီကောသလမင်းက တမလွန် ရှိ-မရှိ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓရဲ့အယူအဆကိုပြောပြဖို့ ခေမာထေရီကို မေးလျှောက်ရာမှာ ပေးတဲ့အဖြေစကားတွေကို သိပ်သဘောမပေါက်ဘူးဆိုပါတော့'

'ဟုတ်ပါ့ ကိုဝင်းရာ၊ တမလွန်ဘ၀ရှိသလားလို့ဆိုတော့ ဒီလို ဗုဒ္ဓကမယူဆဘူးတဲ့၊ ဒီလိုယူဆရင် သဿတဒိဋ္ဌိ တဲ့ဗျာ၊ တမလွန် မရှိဘူး လားဆိုတော့လည်း ဒီလိုယူရင် ဥစ္ဆေဒဒိဋ္ဌိ မို့ ဗုဒ္ဓရဲ့အယူမဟုတ်ပြန်ဘူးတဲ့၊ ဒါဖြင့် တချို့သတ္တ၀ါတွေမှာ တမလွန်ရှိပြီး တချို့မှာမရှိဘူးလို့ ယူရမလားလို့ မေးပြန်တော့လည်း အဲဒါက ဧကစ္စသဿတဒိဋ္ဌိ မို့ ဗုဒ္ဓကငြင်းပယ်သတဲ့၊ တမလွန် ဘ၀ရှိတယ်လည်းမဟုတ်၊ မရှိဘူး လည်းမဟုတ်လို့ ယူရမလားလို့ မေးပြန်တော့ ဒီလိုယူတာဟာ အမရာဝိက္ခေပဒိဋ္ဌိ မို့ ဗုဒ္ဓကလက်မခံပြန်ဘူးတဲ့ဗျာ၊ ခေမာထေရီက ဆက် တော့ရှင်းခဲ့ပါရဲ့၊ ကျွန်တော်က ဥာဏ်မမီတော့ သဘောမပေါက်လှဘူးဗျာ'

'ကဲ..ဒါဆို ခင်ဗျားတို့ကျွန်တော်တို့ လူပြိန်းအချင်းချင်း နားလည်အောင် ဥာဏ်မီသလောက် ဆွေးနွေးကြတာပေါ့ဗျာ'

'တိုတိုနဲ့ လိုရင်းကိုပြောဗျာ'

'အင်း...ကိုလင်း နားလည်အောင် အတိုဆုံးအကျဉ်းဆုံးပြောရမယ်ဆိုရင်တော့ အဲဒီ တမလွန်ဘ၀ ရှိတယ်-မရှိဘူးစတဲ့ ကြံစည်တွေးခေါ်မှု တွေအားလုံးဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသာလျှင် အန္တိမရည်မှန်းချက် ပန်းတိုင်အဖြစ် ခံယူကျင့်သုံးလျက်ရှိကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အတွက် လုံးဝထည့်စဉ်းစားစရာမလိုတဲ့ အကြောင်းအရာတွေပဲဗျ'

'ဟုတ်မှလည်းလုပ်ပါ ကိုဝင်းရာ၊ ခင်ဗျားတို့ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ပညာရှင်ကြီးတွေ ကိုယ်တိုင်ကတောင် ဗုဒ္ဓ၀ါဒရဲ့ မှန်ကန်တိကျမှုကို ရှေးဘ၀နောက်ဘ၀တည်ရှိကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေပြပြီး သက်သေထူနေကြမှဖြင့် ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ တမလွန်ဘ၀ကို ထည့်မစဉ်းစားလို့ ဖြစ်ပါ့မလားဗျ'

'သိပ်ဖြစ်တာပေါ့ဗျာ၊ တကယ်တော့ ရှေးဘ၀နောက်ဘ၀ရှိတယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓ၀ါဒရပ်တည်နိုင်ဖို့ အရေးပါတဲ့အခြေခံအုတ်မြစ် မဟုတ်ဘူးဗျ။ ရှေးဘ၀နောက်ဘ၀ ရှိရှိ-မရှိရှိ ဗုဒ္ဓ၀ါဒမှန်ကန်တဲ့အကြောင်း သက်သေထူနိုင်ပြီးသားပါ ကိုလင်းရာ'

'ဒါဖြင့် အဲဒီပုဂ္ဂိုလ်တွေကဘာလို့များ လူဝင်စားကိစ္စတွေ၊ ပရလောကအကြောင်းတွေကို ရှေ့တန်းတင်ပြီး ဗုဒ္ဓ၀ါဒနဲ့ဆက်စပ်ယူနေကြ တာတုံး'

'ဒါကတော့ သူတို့ကိုယ်တိုင် သေပြီးနောက် ဘ၀သစ်တစ်ဖန်ပြန်ဖြစ်လိုတဲ့ ဘ၀တဏှာကိုမဖြတ်နိုင်ကြလို့ပေါ့ ကိုလင်းရာ၊ သူတို့က ပစ္စုပ္ပန်ဘ၀ကို တွယ်တာမြတ်နိုးနေပေမယ့် တစ်နေ့ကျသေရမယ်ဆိုတာကိုလည်း အတွေ့အကြုံအရ သိနေကြတယ်လေ၊ ဒီလိုသေဆုံး သွားတဲ့နောက်မှာ ကိုယ်တွယ်တာမြတ်နိုးရတဲ့ဘ၀လေး၊ အပြီးတိုင် ချုပ်ငြိမ်းသွားမှာကိုမလိုလားဘူး၊ သိပ်ကြောက်ကြတယ်။ဒီတော့ သေပြီးနောက် ဘ၀သစ်တစ်ခု ထပ်ပြီး ပေါက်ပွားရှင်သန်လိုတဲ့ ဆန္ဒစွဲကကြီးမားလာတယ်၊ အဲဒီဆန္ဒစွဲဟာ ဘ၀တဏှာပဲ၊ ဒီဘ၀တဏှာရဲ့ လှုံ့ဆော်မှုကြောင့် ငါသေရင် နောက်ဘ၀သစ်တဖန် ပြန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပေါ်လာတော့တာပေါ့ဗျာ'

'အေးဗျ၊ အဲဒီဆန္ဒစွဲနဲ့ ပေါက်ဖွားလာတဲ့ယုံကြည်မှုကို စွဲမြဲသည်ထက်စွဲမြဲ၊ ခိုင်မာသည်ထက် ခိုင်မာလာအောင် အထောက်အထားတွေ အမျိုးမျိုးရှာ၊ အကြောင်းစုံပြပြီး ရှေးဘ၀နောက်ဘ၀ စွဲလန်းမှုအယူအဆပေါ်ပေါက်လာတာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် ကိုဝင်းရေ၊ တချို့ ပုဂ္ဂိုလ်များကျတော့ သေရင်ဘ၀ပြတ်ပြီ၊ နောင်တမလွန်ဆိုတာ မရှိဘူးလို့ ဆိုကြပြန်ပါရောလားဗျာ'

'အဲဒါကလည်း တဏှာတစ်မျိုးရဲ့အစွမ်းပဲဗျ၊ အဲဒါကို ၀ိဘ၀တဏှာလို့ခေါ်တယ်'

'၀ိဘ၀တဏှာဆိုတော့ ဘ၀တဏှာရဲ့ ဆန့်ကျင်ဘက်ပေါ့နော'

'ဒါပေါ့ဗျာ၊ တချို့လူတွေက လောကကြီးကို တစ်စက်ကလေးမှ အကောင်းမမြင်တတ်ကြဘူး၊ အဆိုးမြင်ဝါဒီတွေပေါ့ဗျာ၊ ဗုဒ္ဓ၀ါဒကနေ လမ်း လွဲသွားတဲ့ ဂေါကုလိက ဂိုဏ်းသားတွေဟာ လောကကြီးကို အလျှံတညီးညီးတောက်လောက်နေတဲ့ မီးကျီစုကြီး၊ ပူလောင်လှတဲ့ ပြာပုံကြီး အလား ရှုမြင်ကြတယ်ဆိုပဲ၊ အဆိုးမြင်ဝါဒီတွေဟာ ဘ၀ရဲ့တည်ရှိမှုကို လုံးဝမလိုလားကြဘူး။ ဘ၀ကို အမြန်ဆုံးချုပ်ငြိမ်း ရပ်စဲပစ်ချင်ကြ တယ်။ ဘ၀ဆိုတာ မြန်မြန်သေရင် မြန်မြန်အေးတာပဲ၊ သေပြီးနောက် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်ရင်လည်း ဘယ်တော့မှကောင်းမှာမဟုတ် ဘူးလို့ ယူဆကြတယ်။ အချုပ်ပြောရရင်ဖြင့် ဘ၀ကိုအလွန်စက်ဆုပ်ရွံ့ရှာ မုန်းတီးပြီး ပြတ်စဲချုပ်ငြိမ်းလိုတဲ့ အလိုရမ္မက်ဆန္ဒ ကြီးမားမှုဟာ ၀ိဘ၀တဏှာပဲဗျ'

'ဒါဆို ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့သူတွေဟာ ဒီဝိဘ၀တဏှာရဲ့လှုံ့ဆော်မှု အားကြီးမှုကြောင့်လို့ ဆိုရမှာပေါ့နော်'

'မှန်တာပေါ့ ကိုလင်းရာ၊ ဒါပေမယ့်တချို့က ဒီဘ၀ကိုမလိုလားလို့သတ်သေကြပေမယ့် တမလွန်ဘ၀ကို ယုံကြည်စွဲလမ်းကြပြန်ရောဗျ'

'အင်း...ဒီလူတွေကျတော့ ယခုဘ၀မှာဖြင့် ငါ့အတွက်ကောင်းစရာမရှိတော့ဘူး၊ သေပြီးတမလွန်ဘ၀သစ်ကိုရောက်ပါမှ အခုထက် သာ လွန်ကောင်းမွန်တဲ့ အခြေအနေသစ်ကိုရလိမ့်မယ်လို့ ယူဆကြတယ်ထင်ပါ့၊ သေရင် ကောင်းကင်ဘုံကို ရောက်မယ်လို့ ယုံကြည်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေလိုမျိုးပေါ့နော်'

'လူတိုင်းလူတိုင်းမှာ ဘ၀တဏှာနဲ့ ၀ိဘ၀တဏှာတို့ကတော့ ဒွန်တွဲလွန်ဆွဲနေကြတာပါပဲဗျာ၊ ဘ၀တဏှာ အားကြီးလွန်းသူတွေက သေ ပြီးနောက် ဘ၀ပြတ်စဲမှာကို ကြောက်လေတော့ တမလွန်ဘ၀ရှိတယ် ဆိုတဲ့အယူကို နှစ်သက်တယ်။ဒီလိုနှစ်သက်မှုကြောင့် သတ္တ၀ါဟာ သေရင်ဘ၀မပြတ်ဘူးဆိုတဲ့ သဿတဒိဋ္ဌိအယူကို စွဲစွဲလမ်းလမ်း ခံယူထားကြတာပေါ့'

ဒါဖြင့် ၀ိဘ၀တဏှာ အားကြီးလွန်းသူတွေဟာ ဒီဘ၀ကိုအမြန်ဆုံး ချုပ်ငြိမ်းချင်သလို နောင်ဘ၀ရှိမှာကိုလည်း စိုးရွံ့လေတော့ သတ္တ၀ါ ဆိုတာ သေရင်ပြတ်ပြီ တမလွန်မရှိဘူးဆိုတဲ့အယူကို နှစ်သက်ပြီး ဥစ္ဆေဒဒိဋ္ဌိအယူကို စွဲလမ်းကြတာပဲပေါ့။ တွေးကြည့်လိုက်တော့ လူ တွေဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒစွဲကိုလိုက်ပြီး နှစ်သက်ရ်ာအယူဝါဒကို မှန်တယ်လို့ ခံယူကြ၊ မှန်ကန်ကြောင်း အထောက်အထားတွေပြ ကြနဲ့ အလုပ်ရှုပ်ကုန်ကြတာပဲ ထင်ပါတယ် ကိုဝင်းရာ'

'အမှန်တရားကို မသိမမြင်နိုင်လောက်အောင် ဆန္ဒစွဲတွေဖုံးလွှမ်းခံထားရပြီးမှ ကြံဆတီထွင်ထွက်ပေါ်လာတဲ့ အယူတွေမို့ ဗုဒ္ဓမြတ်စွာက သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိတွေအဖြစ် ပယ်ခဲ့တာပေါ့'

'ဒါတော့ ဟုတ်ပါပြီ၊ တမလွန်ရှိတယ်လည်းမဟုတ်၊ မရှိဘူးလည်းမဟုတ်ဆိုတဲ့ အမရာဝိက္ခေပဒိဋ္ဌိကို ပယ်တာကရောဗျာ'

'အဲဒါ ဗုဒ္ဓခေတ်က သိဉ္စည်းဆရာကြီးရဲ့ အယူဗျ၊ သူက ဘယ်လိုအမေးပုစ္ဆာမျိုးလာလာ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်နဲ့ ဖြေ တတ်လွန်းလို့ သူ့အယူဝါဒဟာ ဘာမှမရေရာဘဲ၊ ငါးရှဥ့်ကိုဖမ်းရသလို အမိအရဆုပ်ကိုင်ဖို့ ခက်တဲ့အတွက် အမရာဝိက္ခေပဒိဋ္ဌိလို့ခေါ် သတဲ့၊ အနောက်တိုင်း ဒဿနိကပညာက မသိဝါဒ (Agnostism) နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုကြတယ်။ ဘာမှတိကျတဲ့အဖြေမရဘဲ မေးသမျှကို လှည့်ပတ်ငြင်းရင်းနဲ့ အချိန်ကုန်တဲ့ဝါဒမို့ ဗုဒ္ဓကပယ်ခဲ့တာပဲဗျ'

'ဒါဖြင့် တချို့မှာတမလွန်ဘ၀ရှိပြီး တချို့မှာမရှိဘူးဆိုတဲ့ ဧကသစ္စသဿတဒိဋ္ဌိ ကိုပယ်တာကရောဗျာ။ ကျွန်တော့်အမြင်နဲ့ ပြောရရင်ဖြင့် ဒီအယူဟာ မျက်မှောက်ခေတ် သိပ္ပံနည်းကျတွေ့ရှိချက်တွေနဲ့ ကိုက်ညီတယ်လို့ထင်တယ်'

'ကိုလင်းက လူတစ်သန်းမှာ တစ်ယောက်နှုန်းလောက် တွေ့ရတတ်တဲ့ လူဝင်စားဆိုတဲ့ပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီးပြောတာ ထင်တယ်'

'ဟုတ်တယ်လေဗျာ၊ တစ်ခါကသေဆုံးသွားသူတွေရဲ့ အကြောင်းကို အတိအကျ ပြောနိုင်ဆိုနိုင်ခံစားသိရှိနိုင်ပြီး ကိုယ့်ကိုယ်ကိုလည်း အဲဒီသေသူ ပြန်ဝင်စားတာပါပဲလို့ ယုံကြည်နေတဲ့လူတွေကို လက်တွေ့ပြနိုင်နေမှပဲဗျ'

'ကိုလင်းစကားထဲကကို အဖြေပေါ်နေပြီပဲဗျာ၊ ဒီလူတွေကို လေ့လာပြီး သိပ္ပံနည်းကျ စူးစမ်းလေ့လာ ကောက်ချက်ချတတ်သူတွေက တချို့ လူတွေဟာ သေရင်လူပြန်ဖြစ်တတ်တယ်လို့ ဘယ်တော့မှယူဆမှာ မဟုတ်ဘူး။ ခင်ဗျားပြောသလိုပေါ့၊ တချို့လူတွေဟာ သူတို့မမွေးဖွား ခင် ကာလတစ်ခုက သေဆုံးသွားသူတစ်ဦးနဲ့ အမှတ်သညာ၊ အပြောအဆို၊ အပြုအမူ၊ ကိုည်ရည်ကိုယ်သွေး၊ အင်္ဂါရုပ်ချင်းတူညီပြီး သူ့ ကိုယ်ကိုသူ အဲဒီသေသူ ပြန်ဝင်စားတာပဲဖြစ်တယ်လို့ ထင်မှတ်နေတတ်လေ့ရှိတယ်လို့သာ ကောက်ချက် ချလိမ့်မယ်ဗျ၊ အမြဲမှန်တဲ့ သဘာဝတရားလို့ လက်မခံဘဲ သဘာဝလွန် ဖြစ်ရပ်တစ်ခုလို့သာ ယူဆလိမ့်မယ်၊ လူဝင်စားပါလို့တော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး'

'ခင်ဗျာ့အယူအဆက ယုံကြည်မှုခေါင်းပါးပြီး ပစ္စုပ္ပန်ကိုချည်း ဦးစားပေးရာ မရောက်လွန်းဘူးလားဗျာ'

'သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုဆိုတာ ယုံကြည်မှုတွေ၊ ဆန္ဒစွဲတွေဘေးဖယ်ပြီး ပစ္စုပ္ပန်ကိုသာ သရုပ်ခွဲလေ့လာရတာဗျ၊ ပြီးတော့ ပစ္စုပ္ပန်အ တွက်သာ တိကျမှန်ကန်တဲ့ဥပဒေသကို ထုတ်ပေးနိုင်တာ၊ အတိတ်နဲ့ အနာဂတ်အတွက် ထာဝရသေချာရေရာတဲ့ ဥပဒေသမျိုးကို သိပ္ပံ နည်းကျစူးစမ်းမှုက ဘယ်တော့မှ ထုတ်မပေးနိုင်ဘူး ကိုလင်းရဲ့'

'ဒါဆိုရင် လူဝင်စားဖြစ်ရပ်တွေကို သိပ္ပံနည်းကျ အထောက်အထားတွေပါလို့ ပြောဆိုရေးသားနေကြတာတွေဟာ အလကားပဲပေါ့'

'ဒါတော့ ခင်ဗျာ့ကိုယ်ပိုင်ဥာဏ်နဲ့ ချင့်ချိန်ဆုံးဖြတ်ပေါ့ဗျာ၊ ကျွန်တော့်အနေနဲ့ အသေအချာပြောနိုင်တာကဖြင့် အဲဒီရှေးဘ၀နောက်ဘ၀ အစွဲအလမ်းတွေ၊ လူဝင်စားပြဿနာတွေဟာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အဆုံးအမနဲ့အညီ လိုက်နာကျင့်ကြံ အားထုတ်လိုသူတွေ အတွက် ဘာမှအသုံးမတည့်၊ အကျိုးလည်းမရှိ၊ ထည့်တွက်စရာလည်းမလိုဘူးဆိုတာဘဲ ကိုလင်းရေ'

'အေးဗျာ၊ တိတိပပ အဖြေမထုတ်နိုင်ဘဲ ခနော်ခနဲ့နိုင်တဲ့ အယူအဆတစ်ရပ်အပေါ်မှာ အခြေပြုပြီး ဗုဒ္ဓ၀ါဒမှန်ကန်ကြောင်း သက်သေတူ တာဟာ ဗုဒ္ဓ၀ါဒကို ခိုင်မာအောင်လုပ်ရာ မရောက်တဲ့အပြင် ဘာသာခြားတွေရဲ့ ချောက်ချားမှုကြောင့် ချည့်နဲ့ယိမ်းယိုင်သွားစေနိုင်တယ် ဆိုတာ သတိပြုသင့်သဗျနော့'

'မှန်တာပေါ့ ကိုလင်းရာ၊ ဒီလို မရေရာမသေချာတဲ့ အယူတွေကိုစွဲလမ်းခြင်းအားဖြင့် အမှန်တရားနဲ့ ကင်းကွာသွားမှာစိုးတဲ့အတွက် ဗုဒ္ဓ မြတ်စွာက တမလွန်ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို အစွဲမျိုးကိုမှ လက်မခံကြဖို့ အခါအခွင့်သင့်တိုင်း မိန့်ကြားသွားခဲ့တာပဲဗျ'

'ဒါဆို ဗုဒ္ဓ၀ါဒရဲ့အခြေခံအုတ်မြစ်ဟာ ရှေးဘ၀နောက်ဘ၀တည်ရှိမှုဆိုတဲ့ အယူအဆမဟုတ်ဘူးပေါ့နော်'

'သေချာတာပေါ့ဗျာ၊ ရှေးဘ၀ဆိုတဲ့ အတိတ်ကာလဟာ ဘယ်မှာရှိတော့လို့တုန်း၊ ခေါ်ယူကိုင်တွယ်ပြလို့ရတဲ့ အရာမှမဟုတ်ဘဲ။ ဒီလိုပါပဲ၊ နောက်ဘ၀ဆိုတဲ့ အနာဂတ်ကာလကရော ဘယ်မှာရောက်လာသေးလို့လဲ၊ မရှိတော့တဲ့၊ မရှိသေးတဲ့ အကြောင်းအရာတွေအပေါ် အာရုံ ကျက်စားနေသရွေ့ ဘယ်မှာလာအမှန်တရားကို သိမြင်နိုင်ပါတော့မလဲ၊ ဒါကြောင့် ပစ္စုပ္ပန်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေအပေါ် စွဲလမ်းမှုမှန်သမျှကို မိစ္ထာဒိဋ္ဌိအယူတွေအဖြစ် ဗုဒ္ဓမြတ်စွာကသတ်မှတ်ခဲ့တာပေါ့၊ မိစ္ထာဒိဋ္ဌိအယူတွေ ရှိနေသရွေ့ နိရောဓသစ္စာအမှန် မဂ် ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက်လိုအပ်တဲ့ မဂ္ဂသစ္စာရဲ့ ဦးစီးဦးဆောင် သမ္မဒိဋ္ဌိအမြင်နဲ့ ဘယ်တော့မှ ပြည့်စုံမှာမဟုတ်ဘူးဗျ'

'ဒါပေမဲ့ မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းကွဲတချို့အတွက်တော့ ရှေးဘ၀နောက်ဘ၀တည်ရှိမှု အယူအဆက အရေးကြီးတယ်ဆိုပဲ ကိုဝင်းရဲ့'

'ဟုတ်ပါတယ်၊ မိမိတို့ကိုယ်ကို ဘုရားဆုပန်ထားတဲ့ ဘုရားလောင်းဗောဓိသတ္တတွေအဖြစ် ခံယူထားတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေ အဖို့မှာတော့ အတိတ်ဘ၀ပေါင်းများစွာက ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီအနည်းအများဟာ အလွန်အရေးကြီးတယ်၊ သူတို့က ပါရမီဖြည့်မှ ဘုရားဖြစ်၊ ဘုရားဖြစ်ပြီးမှ သတ္တ၀ါတွေကို ကယ်တင်ချွေချွတ်ပြီး နိဗ္ဗာန်ရွှေပြည်ကို စံဝင်ကြရမှာကိုး၊ ဒီတော့ အတိတ်ဘ၀ကို ထည့်မစဉ်း စားလို့ မရဘူးလေ၊ နောက်ပြီး သူတို့ရဲ့နိဗ္ဗာန်ဆိုတာကလည်း ချမ်းသာသုခအပေါင်းနဲ့ ပြည့်စုံပြီး တမလွန်လောကမှာသာရှိတဲ့ ဘုံနန်း တစ်ခုဖြစ်လေတော့ အနာဂတ်ဘ၀ကိုလည်း စွဲလမ်းမျှော်မှန်းကြရတော့တာပေါ့'

'အေးဗျာ၊ ဒါကိုသဘောမပေါက်သေးတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တချို့က အဲဒီရှေးဘ၀နောက်ဘ၀ အစွဲအလန်းတွေကို သာသနာတော် ထဲ ဆွဲသွင်းလာတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့ပြည့်စုံရေးအတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နေတော့တာပဲ ကိုဝင်းရေ'

'ကိုင်း....ဒီလောက်ဆိုရင် ကိုလည်းလည်း ခေမာသုတ်လာ ခေမာထေရီရဲ့ အဖြေစကားကို နားလည်လောက်ရောပေါ့၊ ဒါ့အပြင် ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ အတိတ်နဲ့ အနာဂတ်ပေါ်မှာ အခြေမခံဘဲ ပစ္စုပ္ပန်တည့်တည့်ကိုသာ အလေးပြုတဲ့ဓမ္မဆိုတာလည်း သဘောပေါက် လောက်ပါပြီ၊ နောင်များ အခွင့်သာရင်ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာဟာ တမလွန်ဘ၀မှာမှ ရောက်နိုင်တဲ့နေရာဌာနမျိုးမဟုတ်ဘဲ လောဘ၊ဒေါသ၊မောဟစတဲ့ ကိလေသာတရားများကင်းစင်တဲ့ မျက်မှောက်ဘ၀ခန္ဓာကိုယ်နဲ့ပဲ လက်ငင်းဒိဋ္ဌခံစားနိုင်တယ် ဆိုတဲ့ (သဥပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း) အကြောင်း အကျယ်ဆွေးနွေးကြသေးတာပေါ့ဗျာ'

ဝင်သိန်းဦး
(၁၅-၃-၉၃)
ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ ဇွန်လ။

No comments: