မြန်မာအမည် - ကိုကိုး
အင်္ဂလိပ်အမည် - COCOA (CHOCOLATE TREE)
ရုက္ခဗေဒအမည် - Theovroma cacao
မျိုးရင်းအမည် - STERCULIACEAE
၁။ စိုက်ပျိုးသည့်ဒေသများ
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးပါသည်။
၂။ ရေမြေရာသီဥတု
ကိုကိုးပင်သည် ရေအစိုဓါတ် ထိန်းသိမ်းနိုင်သော မြေမျိုးဖြစ်သည့် ရွှံ့နုန်းမြေ၊ နုန်းမြေနှင့် သဲနုန်းမြေမျိုးကို နှစ်သက်ပါသည်။ အမြစ်များ ကောင်းစွာကြီးထွားနိုင်မည့် မကျစ်လွန်း မပွလွန်း သော မြေမျိုးလိုအပ်ပါသည်။ မြေ pH ၆ - ၇ ရှိသောမြေမျိုးကို နှစ်သက်ပါသည်။ အပူချိန် ၆၀ မှ ၇၀ ဖာရင်ဟိုက်ရှိ၍ မိုးရေချိန် ၅၀ လက်မအထက် ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ကိုကိုးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါ သည်။
၃။ မြေပြုပြင်ခြင်း
အပင်ကြီးများ၊ ချုံနွယ်များကိုရှင်းလင်းပြီး မိုးမကျမီ မီးရှို့ပစ်ရပါသည်။ အချို့အပင်ကြီး များကို အရိပ်ပင်အဖြစ် ချန်ထားရပါသည်။ စိုက်ကျင်းများကို ပင်ကြားတန်းကြား အကွာအဝေး ၉ x ၉ ပေ ထား၍ နှစ်ပေပတ်လည် စိုက်ကျင်းများ တူးဖော်ရပါမည်။
၄။ မျိုးပွားခြင်း
ကိုကိုးပင်များ မျိုးပွားရာတွင် ပထမဦးစွာ မျိုးရွေးချယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါ မည်။ မျိုးယူရမည့် ကိုကိုးပင်ကို အောက်ပါအချက်များပေါ်မူတည်၍ ရွေးချယ်ရပါမည်။
➤ ၁၀ နှစ် ၁၅ နှစ်သားအပင်မှ ရွေးချယ်ရပါမည်။
➤ အသီးမှန်မှန်သီး၍ တစ်နှစ်လျှင် တစ်ပင်မှ သီးလုံး ၃၀ မှ ၄၀ သီးရမည်။
➤ အပင်အနေအထား ကောင်းရမည်။
➤ အသီးများအသင့်အတင့်ကြီး၍ အရွယ်အစား ညီညာရမည်။
➤ ပိုးမွှားရောဂါဒဏ် ခံနိုင်သောအပင်ဖြစ်ရမည်။
➤ အစေ့အရောင်ညီညာ၍ ပြည့်ဖြိုးပြီး အနံ့အရသာနှင့် ပြည့်စုံရမည်။
➤ အပင်ပေါက်နှုန်း ကောင်းရမည်။
အဓိက မျိုးပွားနည်း နှစ်နည်းရှိပါသည်။
(က) အစေ့မှ မျိုးပွားခြင်း
(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း
(က) အစေ့မှ မျိုးပွားခြင်း
အပေါ်ယံမြေ၊ သဲ၊ နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးများ ဆန်ခါချ၍ ဆတူရောစပ် ထည့်ထားသော ပျိုးသေတ္တာ (သို့) ပျိုးဘောင်များတွင် ရွေးချယ်ထားသော အစေ့ကောင်းများကို ခြောက်လက်မခန့် မြေမြှုပ်၍ စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်များတွင် စိုက်ပါက ပင်ကြား တန်းကြား ၄ x ၆ လက်မထား၍ စိုက်ပျိုးသင့်ပါသည်။ ပျိုးပင်ငယ်များကို အရိပ် ၇၅ ရာခိုင်နှုန်းခန့် ရစေရန် ပြုလုပ်ပေးရပါမည်။ ပျိုးပင် ၄ လသားအရွယ်တွင် အရိပ်ကိုလျှော့ပေးရသည်။ မူမှန်ရွက် နှစ်ရွက် သုံးရွက်ထွက်ချိန်တွင် ပျိုးဘောင်မှ ခြင်း (သို့) အိတ်သို့ ပြောင်းရွှေ့စိုက်ပျိုးရပါသည်။ အမြစ်မပျက်စေရန် မြေလုံးပါအောင် တူးယူစိုက်ပျိုးရပါသည်။
(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း
မျိုးရွေးချယ်ထားသောအပင်မှ တစ်နှစ်သားရှိသည့် မပျော့မမာသောကိုင်းကို ရွေးချယ် ရ မည်။ အရှည် ၅ - ၁၂ လက်မခန့်နှင့် သုံးရွက် ခုနှစ်ရွက်ပါသော ကိုင်းပြတ်များကို သုံးနိုင်ပါသည်။ အရွယ်တစ်ရွက်တည်းပါသော ကိုင်းပြတ်များကို သုံးလျှင် ပင်ပွားပိုမိုရရှိနိုင်ပါသည်။ မျိုးကိုင်းကို အဆစ်တစ်ဆစ်စီ၏ အထက်လက်မဝက်ခန့်နေရာမှ ဖြတ်ပေးရပြီး အရွက်ကို တစ်ဝက်ခန့်ဖြတ်ပေး ရပါသည်။ ယင်းနောက် အမြစ်ထွက်စေသော ဟော်မုန်းအပျော့စားတွင်စိမ်၍ ခြင်းများတွင် ထည့်စိုက်ကာ အပေါ်မှပလပ်စတစ် ဖုံးပေးရပါသည်။ အရိပ် ၁၅ ရာခိုင်နှုန်း ရရှိရန် လိုအပ်ပါ သည်။ စိုက်ပြီး တတိယနေ့တွင် ရေအနည်းငယ်လောင်းပေးရသည်။ စိုက်ပြီးလေးပတ်ကြာလျှင် အကိုင်းများ အမြစ်စွဲစပြုပါသည်။ အပင်သန်စွမ်းစေရန် ပလပ်စတစ်စကို ရံဖန်ရံခါ ဖွင့်ပေးရပါ သည်။ တတိယပတ်မှစ၍ ပလပ်စတစ်စကို လုံးဝဖွင့်ထားပြီး စိုက်ခင်းသို့ ပြောင်းရွှေ့ချိန်အထိ အရိပ်အောက်တွင် ထားရပါမည်။
၅။ စိုက်ပျိုးခြင်း
အသင့်ပြုပြင်ထားသော စိုက်ကျင်းများတွင် အပေါ်ယံမြေကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေး ဆတူရော၍ ကျဲဖြန့်ပေးရပါသည်။ ဇွန်လကုန်မှ ဇူလိုင်လ ဒုတိယပတ်အထိ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးပင်ငယ်ကို စိုက်ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ထောင်၍ ပြောင်း စိုက်ရပါသည်။ ၉ x ၉ ပေ စိုက်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧက ဝင်ဆံ့သောပင်ရေမှာ ၆၀၅ ပင် ဖြစ်ပါသည်။
၆။ မြေသြဇာကျွေးခြင်း
ကိုကိုးပင်များကို ကျွေးရမည့် မြေသြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် တစ်ပင်နှုန်း ထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အပင်သက် နှစ် ရောစပ်သည့် N:P:K မြေသြဇာအချိုးကျွေးရမည့်နှုန်းထား
၁ ၁ : ၁ : ၁ ဝ.၅ ပေါင်
၂ - ၄ ၁ : ၂ : ၁ ၂ ပေါင်
၄ နှစ်အထက် ၁ : ၂ : ၁ ၅.၅ ပေါင်
၇။ ရေသွင်းခြင်း
တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ကျ မှန်မှန် ရေဝအောင် ပေးသွင်းရပါမည်။
၈။ အပင်ပြုစုခြင်း
အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် သုံးလ လေးလခန့် ရှိလျှင် အပင်ခြေ ပတ်လည်၌ မြေအနည်းငယ်တူးဆွပေးရသည်။ အမြစ်များ ဘေးသို့ပို၍ ဖြာထွက်နိုင်သည်။ ပင်ခြေတွင် ပေါင်းမြက်ရှင်းပေးရမည်။ အပင်ငယ်များစိုက်ပျိုးပြီး နှစ်နှစ်အတွင်း အသေအပျောက် များကို အစားထိုးစိုက်ရမည်။
စိုက်ပျိုးပြီးသည်မှ သုံးနှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည် ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိပါသည်။
အပင်ကိုပို၍ ရှည်စေလိုလျှင် ပင်စည်ကို နောက်တစ်ကြိမ်ဘေးကိုင်းများ ထွက်သည့် တိုင်အောင် ထားပြီးမှ ဖြတ်ရမည်။ ထိုနောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့ အတက်များကို ဖယ်ရှားပစ်ရမည်။ အပင်များ၏ ဘေးဖြာကိုင်းများ အချင်းချင်း မကပ်စေရန် အဖျားပိုင်းကို အနည်းငယ်ဖြတ်ပေးရပါမည်။ သို့မှသာ အပင်တွင် နေရောင်နှင့် လေဝင်လေထွက် ကောင်းစွာရစေနိုင်ပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်ပါသည်။
၉။ ပိုးမွှားရောဂါကာကွယ်ခြင်း
ပင်စည်ထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုပ်ရောဂါများသည် အဓိက အန္တရာယ်များဖြစ်ပါသည်။ အသီးသီးချိန်တွင် ကြွက်၊ ပူး၊ ရှဉ့်၊ ရှူးပျံတို့မှာ သီးဖျက် တိရစ္ဆာန်များဖြစ်ပါသည်။ ပင်စည် ထိုးပိုးကျလျှင် အပင်နာလန်မထူတော့ဘဲ ကိုင်းဖျားများခြောက်ခြင်း၊ ပင်စည်နှင့် အကိုင်းများ ပုံပျက်ခြင်း၊ ကျိုးကြေခြင်းဖြစ်ကာ ခြံကို ပျက်စီးစေပါသည်။ မိုးဦးကျနှင့် မိုးပြတ်စ ရွက်နုထွက်ချိန တွင် ရွက်စားပုရစ်များ၊ ပိတုန်းများ ကျရောက်သဖြင့် ချိန်ခါမီ စောင့်ကြပ်ကာကွယ် ပေးရပါသည်။ သီးထိုးပိုးနှင့် သီးပုပ်ရောဂါများကိုလည်း ချိန်ခါမီကာကွယ်ခြင်း၊ သန့်ရှင်းသော ကတ်ကြေးဖြင့် ဖြတ်တောက်ဆွတ်ခူးခြင်း၊ သီးနာသီးပုပ်များကို မြေမြှုပ်၊ မီးရှို့ခြင်းဖြင့် အသီးဖျက် တိရစ္ဆာန် များကို ကာကွယ်ခြင်းများ ပြုလုပ်မှသာ သီးထွက်ကောင်းသော ကိုကိုးခြံတစ်ခု ဖြစ်လာပါမည်။
၁၀။ ဆွတ်ခူးခြင်းနှင့် အထွက်
ကိုကိုးပင်များသည် သက်တမ်း ငါးနှစ် ခြောက်နှစ်တွင် စတင်၍ သီးပါသည်။ ပန်းပွင့်သည်မှ အသီးများ ရင့်မှည့်ချိန်အထိ ခြောက်လခန့် ကြာမြင့်ပါသည်။ ကိုကိုးသီးများ ရင့်မှည့်သောအခါ လိမ္မော်ရောင်မှ အဝါရောင်သို့ ပြောင်းလာပါသည်။ အသီးအညှာမှ အထူးပြုလုပ်ထားသော ဓါးထက်ထက်ဖြင့် ဖြတ်ခူးရပါသည်။ အသီးဆွတ်ခူးရာတွင် အခေါက်ကို မထိခိုက်စေရပါ။
ကိုကိုးပင်သက်တမ်းမှာ ၄၅ နှစ်ကျော်ထိရှိပြီး အပင်သက် ၂၀ တွင် အသီးဖြိုင်ဖြိုင် ရရှိနိုင်ပါသည်။ အပင်သက် ငါးနှစ် ခြောက်နှစ်တွင် စတင်သီးသော်လည်း ၁၀ နှစ်သား ရှိမှသာ ကိုကိုးသီး အများအပြား ရရှိနိုင်ပါသည်။ ကိုကိုးပင်တစ်ပင်မှ ကိုကိုးသီး ၇၀ - ၈၀ ထိ ရရှိနိုင်ပြီး ကိုကိုးသီး တစ်သီးလျှင် ကိုကိုးစေ့ ၃၂ စေ့ခန့် ပါရှိနိုင်ပါသည်။ တစ်ဧကလျှင် ကိုကိုးစေ့အခြောက် ပေါင် ၃၅၀ မှ ၆၀၀ အထိ ရရှိနိုင်ပါသည်။
အပင်သက်တမ်းအလိုက် တစ်ဧကမှ ရရှိနိုင်သော ကိုကိုးစေ့အခြောက် အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အပင်သက်နှစ် ၅ ၆ ၇ ၈ ၉
အထွက် (ပေါင်ချိန်) ၅၅ ၁၀၀ ၃၆၀ ၅၅၀ ၇၀၀
ကိုးကား - သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှ
Htwettoe
No comments:
Post a Comment