Monday, November 19, 2018

ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) အကြောင်း သိကောင်းစရာ



🚹🚹🚹🚹🚹

🔺 MWD: အခုတစ်ပတ်မှာတော့ အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်းရောဂါအကြောင်းကို ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်.. ဒီတစ်ပတ်မှာ ကျွန်မတို့ ကျန်းမာသုတအစီအစဉ်ကို ပါဝင်ကူညီဆွေးနွေးမယ့်သူကတော့ ရုပ်ရှင်သရုပ်ဆောင် ဦးစောနိုင်ပဲဖြစ်ပါတယ်ရှင်..  အန်ကယ်ဦးစောနိုင်အနေနဲ့ ဆီးကျိတ်ကြီးခြင်းရောဂါနဲ့ပတ်သတ်ပြီး ကျန်းမာသုတအစီအစဉ်ကို စာရေးမေးမြန်းလာတဲ့အတွက် အခုလို ကိုယ်တိုင်ကိုယ်ကျမေးမြန်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်..

🔺 USN: ကျေးဇူးတင်ပါတယ်သမီးရယ်.. အန်ကယ့်အနေနဲ့ ဆီးနဲ့ပတ်သတ်လို့ မကြာခဏဒုက္ခပေးတော့ ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောကြတယ်.. ခင်ဗျား ဆီးကျိတ်ကြီးနေပြီထင်တယ်.. တကယ်ကြီးတာမှန်ရင်တော့ ခွဲရမှာဆိုတော့ အန်ကယ်လဲကြောက်သွားတယ်.. မြ၀တီကလာတဲ့ ကျန်းမာသုတအစီအစဉ်ကို အန်ကယ်က အမြဲကြည့်တယ်လေ.. ဆရာခင်မောင်လွင်နဲ့က နဂိုထဲကရင်းနှီးပြီးသားလဲဖြစ်တော့ ဒီရောဂါအကြောင်းကို ကိုယ်တိုင်လဲသိချင်တာရယ်.. အန်ကယ့်လိုပဲ တခြားလူတွေလဲ သိချင်မှာပဲလို့ စိတ်ကူးပြီး တွေ့ဆုံမေးမြန်းဖို့ request လုပ်လိုက်တာပါ.. အခုလိုစီစဉ်ပေးတဲ့အတွက် အန်ကယ်အနေနဲ့ မြ၀တီရုပ်မြင်သံကြားကို အထူးပဲကျေးဇူးတင်ပါတယ်..

🔺 Dr.KML: ကောင်းပါတယ် အန်ကယ်..  အန်ကယ်တို့အရွယ် အမျိုးသားတွေရဲ့ကိုယ်စား အန်ကယ်သိချင်တာတွေမေးပါ.. ကျွန်တော် တတ်သလောက် မှတ်သလောက် ကြိုးစားပြီး ပြောပေးပါမယ်..

❓❓ USN: ပထမဆုံးသိချင်တာက ဆီးကျိတ်ဆိုတာ ဘယ်လိုမျိုးအကျိတ်လဲဆိုတာ သိချင်ပါတယ် ဆရာ.. ကျွန်တော်တို့ဆီးသွားတာကို အဲဒီအကျိတ်က ထုတ်ပေးတာလား..  ဒါမှမဟုတ် ဘယ်လိုမျိုးပတ်သက်နေသလဲဆိုတာ အရင်ဆုံးပြောပြပေးပါ..

Dr.KML: ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်.. သူဟာ sex organ လို့ခေါ်တဲ့ မျိုးပွားမှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်.. အမျိုးသားတွေမှာပဲရှိပါတယ်..
သူဟာ ဆီးအိမ်နဲ့ Rectum လို့ခေါ်တဲ့ အူမကြီးအဆုံးပိုင်း နှစ်ခုကြားမှာရှိပြီး ဆီးပြွန်ကိုပတ်ထားပါတယ်.. သူ့မှာ အဓိက cells သုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်..
၁။ Smooth muscle tissue လို့ခေါ်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ကြွက်သားတွေ..
၂။ Glandular epithelial tissue လို့ခေါ်တဲ့ နို့ရည်လိုအရည်တွေ ပြုလုပ်ပေးနိုင်တဲ့ဂလင်းလေးတွေ
၃။ အပြင်ဆုံးကနေကာထားတဲ့ အမျှင်ထူတဲ့အခွံအိပ် (Dense fibrous capsule) ဆိုပြီးဖြစ်ပါတယ်..

 သူ့ရဲ့အဓိကတာဝန်တွေကတော့ semen လို့ခေါ်တဲ့ သုတ်ရည်ကိုကျဲသွားအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်.. ခုနကပြောတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့နို့ရည်လိုအရည်တွေကို သူ့မှာရှိတဲ့ကြွက်သားတွေက ညှစ်လိုက်တဲ့အတွက် သုတ်ရည်ထဲကို ရောပါလာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်.. ကျွန်တော်တို့နေ့စဉ်သွားနေတဲ့ဆီးကို ထုတ်လုပ်ပေးတာကတော့ ကျောက်ကပ်နှစ်ခုကပဲဖြစ်ပါတယ်.. ဆီးကျိတ်ကနေ ဆီးမထုတ်ပေးပါဘူး.. သူ့အနေနဲ့က ဆီးလမ်းကြောင်းပေါ်မှာ ရှိနေတာပဲဖြစ်ပါတယ်..

❓❓ USN: ဒါဆိုရင် ဒီအကျိတ်ဟာ အရွယ်ရောက်ပြီးမှ ဖြစ်တာလာပေါ့ ဆရာ..

Dr.KML: မဟုတ်ပါဘူး.. ကျွန်တော်တို့အမျိုးသားတွေမှာ မွေးကတည်းက ပါလာတာပါ.. မွေးခါစမှာတော့ ပဲစေ့အရွယ်လောက်ပဲရှိပါတယ်.. အရွယ်မရောက်မီအချိန်အထိတော့ သိပ်မကြီးလာပါဘူး.. လူပျိုဝင်စ ၁၃-၁၄ နှစ် လောက်ရောက်မှ စကြီးလာတာပါ.. အသက် ၂၀ လောက်ရောက်ရင် လူကြီးတစ်ယောက်ရဲ့အရွယ်အစားကို ရောက်သွားပါတယ်.. ပြီးရင် ဆက်မကြီးတော့ပါဘူး.. အသက် ၄၀ အထိ ဒီအတိုင်းပဲနေပါတယ်..  ၄၀ နောက်ပိုင်းကျရင်တော့ နည်းနည်းချင်း ဆက်ကြီးလာတတ်ပါတယ်.. အချို့ကြီးတာမြန်ရင်တော့ BPH လို့ခေါ်ပါတယ်.. အနေအထိုင် အစားအသောက် (life style and diet) ပေါ်မူတည်ပြီး ကွာသွားတာဖြစ်ပါတယ်..

❓❓ USN: အသက် ၄၀ ကျော်ရင် ဘာဖြစ်လို့များ ဒီ Prostate gland က ကြီးလာတာပါလဲ ဆရာ..

Dr.KML: ဒါကိုနားလည်အောင်ရှင်းပြမယ်ဆိုရင် ပထမဆုံး sex hormone တွေအကြောင်း ရှင်းပြဖို့လိုပါမယ်.. ကျွန်တော်တို့လူတွေမှာ ယောက်ျားရယ်၊ မိန်းမရယ်လို့ ပီပီပြင်ပြင်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ ဟိုမုန်းဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာရှိပါတယ်.. ဒါကို ဆေးပညာအရ sex homone လို့ခေါ်ပါတယ်..
အမျိုးသားတွေမှာ Testosterone လို့ခေါ်တဲ့ အဖိုဟိုမုန်းတွေရှိပါတယ်.. အမျိုးသမီးတွေမှာတော့ Estrogen နဲ့ Progesterone လို့ခေါ်တဲ့ အမဟိုမုန်းတွေရှိပါတယ်.. ဒီလိုဟိုမုန်းတွေဟာ အရွယ်ရောက်ချိန်ကစလို့ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ပမာဏ ပြည့်ပြည့်၀၀ရတဲ့အတွက် အမျိုးသား၊ အမျိုးသမီးရယ်လို့ ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီး မျိုးဆက်ထိန်းသိမ်းဖို့ တာဝန်ထမ်းဆောင်ကြပါတယ်.. ဒါပေမယ့် အသက် ၄၀ ကျော်လာရင် ဒီ sex hormone တွေဟာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ကျဆင်းလာပါတယ်..  အမျိုးသမီးတွေမှာတော့ သွေးဆုံးတယ်ဆိုတာဖြစ်သလို အမျိုးသားတွေမှာလဲ ဆီးကျိတ်ကြီးခြင်းဆိုတာ ဖြစ်လာပါတယ်..

❓❓USN: မရှင်းလို့ထပ်မေးပါရစေ ဆရာ.. Testosterone တွေနည်းလာတာနဲ့ ဆီးကျိတ်ကြီးတာနဲ့ ဘယ်လိုများပတ်သတ်နေပါသလဲ ဆရာ..

Dr.KML: သာမာန်ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်မှာ Testosterone ကို တစ်နေ့ 4-9 mg အသုံးပြုရပါတယ်.. အသုံးပြုပြီးတာနဲ့ 5-Alpha Reductase ဆိုတဲ့ Enzyme တွေကနေ DHT လို့ခေါ်တဲ့ Dihydrotesterone အဖြစ်ပြောင်းပြီး ဆီးထဲကနေ စွန့်ထုတ်ပါတယ်..
Testosterone ကို Testes (ကပ္ပာယ်အိတ်) ကနေ နေ့စဉ်ထုတ်လုပ်ပေးပါတယ်.. အသက်ကြီးလာလို့ Testosterone ထုတ်လုပ်မှုကျဆင်းလာရင်း အကျိုးဆက် (၂) ခု ဖြစ်ပါတယ်..
(၁) DHT အဖြစ် ပြောင်းတဲ့နှုန်းက ပိုများ၊ ပိုမြန်လာပါတယ်.. DHT ဟာ Testosterone ထက် ၅ ဆလောက် ပိုပြီးအစွမ်းထက်တာကြောင့် Testosterone အစားကို ၀င်ပြီးအလုပ်လုပ်ဖို့ ဖြစ်ပါတယ်..
(၂) ခန္ဓာကိုယ်အထဲမှာရှိတဲ့ Estrogen ရဲ့ activity (လုပ်ဆောင်မှု) ဟာ ပိုများလာပါတယ်.. ဒီ Estrogen တွေဟာ DHT ကို ဆီးထဲကနေ မစွန့်ထုတ်နိုင်အောင် ဟန့်တားထားပါတယ်..

အကျိုးဆက်အနေနဲ့ DHT တွေဟာ သွေးထဲမှာများလာပါတယ်.. သူဟာ Prostate gland  ကို အကျိုးသက်ရောက်မှု (၃) ခု ဖြစ်စေပါတယ်..
(၁) Inflammation - ရောင်ရမ်းပြီး အကျိတ်ကိုကြီးစေပါတယ်..
(၂) Multiplication of fibroblast - ဆီးကျိတ်မှာရှိတဲ့ အမျှင်တွေပါတဲ့ cell တွေကို ပွားများစေပါတယ်..
(၃) Spasm of smooth muscle - ကြွက်သားတွေကိုတင်းပြီး ကျုံ့စေပါတယ်.. ဒီလိုနည်းနဲ့ ဆီးကျိတ်ဟာကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့ခြင်းဖြစ်ပါတယ်..

❓❓ USN: ကျွန်တော်ဆီးသွားရင် ခါတိုင်းလိုမဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ်ကြီးတာနဲ့ဆိုင်ပါသလား ဆရာ..

Dr.KML: ဆိုင်နိုင်ပါတယ်.. ဆီးကျိတ်ကြီးလာရင် သူရဲ့အလယ်ကနေဖြတ်သွားတဲ့ ဆီးပြွန်ကိုဖိပါတယ်.. အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သတ်လို့ လက္ခဏတွေ ခံစားရတတ်ပါတယ်.. အဓိကအုပ်စု (၂) ခုခွဲထားပါတယ်..

(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သောလက္ခဏာများ)
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်..
- စသွားရင်လဲ ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်..
- ဆီးသွားလို့ပြီးသွားရင်လဲ ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်..

(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သောလက္ခဏာများ)
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲသွားပါတယ်..
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်..
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်..
အဲဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးခြင်း ရောဂါဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်..

❓❓ USN: ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) အပြင် တခြားရောဂါတွေရော မဖြစ်နိုင်ဘူးလား ဆရာ..

Dr.KML: ဖြစ်နိုင်တာပေါ့.. BPH အပြင် အဓိကအနေနဲ့ ဆီးကျိတ်ရောင်ခြင်း (Acute Prostitis) နဲ့ ဆီးကျိတ်ကင်ဆာ (Prostate cancer) တွေလဲ ဖြစ်နိုင်ပါသေးတယ်.. ဒါကတော့ သက်ဆိုင်ရာကျွမ်းကျင်သူဆရာဝန်နဲ့ ပြသပြီးမှ ဘာရောဂါလဲဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်..

❓❓ USN: ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့အမျိုးသားတိုင်းမှာ ဖြစ်ပါသလား ဆရာ..

Dr.KML: မှန်ပါတယ်.. အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာပိုများလေ ဖြစ်ပါတယ်.. ကြီးတဲ့နှုန်းသာ ကွာတာဖြစ်ပါတယ်.. မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့သူကတော့ နောက်ကျမှခံစားရတာ ဖြစ်ပါတယ်.. လေ့လာချက်တွေအရ ဆီးကျိတ်ရောဂါဖြစ်ပွားတဲ့နှုန်းဟာ အကြမ်းမျဉ်းအားဖြင့် -
အသက် ၄၀ မတိုင်မီမှာ ၁၀ %
အသက် ၅၀ မှာ  ၃၀ %
အသက် ၆၀  ၅၀ %
အသက် ၇၀  ၇၀ %
အသက် ၈၀ ၈၀ %
အသက် ၉၀ ၉၀ %
အသက် ၁၀၀ မှာ ၁၀၀ % ဖြစ်ပါတယ်..

❓❓USN: ဘယ်လိုလူမျိုးမှာ ပိုပြီးစောစောဖြစ်တယ်ဆိုတာလဲ သိချင်ပါတယ် ဆရာ..

Dr.KML: ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ် ..

(၁) မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်...
(၂) အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်..
(၃) ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်.. အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်..
(၄) အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်..
(၅) ၀မ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်..
(၆) အဆီအစိမ့်တွေ (Fatty diet) များများ စားသူတွေမှာပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်..
(၇) လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ်ပါတယ်..
(၈) စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်..

ဒါကြောင့်မို့လို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်တို့ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါမဖြစ်အောင် ကာကွယ်ပြီးဖြစ်တယ်လို့ ပြောလိုပါတယ်..

❓❓ USN: ဟိုအရင်အပတ်တုန်းက လဆွဲအားနဲ့ကျန်းမာရေးအကြောင်း ဆွေးနွေးတုန်းက လပြည့်နေ့တွေမှာ ဆီးကျိတ်ကြီးရောဂါဟာ ပိုဆိုးတတ်တယ်လို့ပြောပါတယ်.. အဲဒါရော ဘာကြောင့်ပါလဲ ဆရာ..

Dr.KML: လပြည့်နေ့ကျရင် လရဲ့ဆွဲအားကြောင့် ဒီရေတွေတတ်သလို ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေပမာဏဟာ ကျန်တဲ့ရက်ထက်စာရင် ပိုများလာပါတယ်.. နောက်တစ်ချက်က ဒီဆွဲငင်အား stress ကြောင့် ခန္ဓာကိုယ်ထဲမှာ Catecholamine လို့ခေါ်တဲ့ ဟိုမုန်းတွေပိုထွက်ပါတယ်.. ဒီဟိုမုန်းတွေကြောင့် သွေးကြောတွေကျုံ့၊ ကြွက်သားတွေကျုံ့လို့ ဆီးလမ်းကြောင်းပိတ်သွားတတ်လို့ ဖြစ်ပါတယ်.. အဲ့ဒီလိုအခါမျိုးမှာ အရေးပေါ်ကုသမှုခံယူဖို့ ဆေးရုံကိုလာရတဲ့ လူနာအရေအတွက် ပိုများလေ့ရှိပါတယ်..

🔺 MWD: နောက်တစ်ပတ်မှာတော့ ဆီးကျိတ်ရောဂါဖြစ်သူတွေဟာ ဘယ်နည်းဘယ်ပုံ နေထိုင်စားသောက်သင့်တယ်.. ဘယ်လိုမျိုးကုသမှုခံယူသင့်တယ်ဆိုတာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

# MWD Health Talk Programme

No comments: