Tuesday, January 6, 2026

၂၀၂၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

 ◾️၂၀၂၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထင်ရှားကျော်ကြားသူများ




၂၀၂၅ ခုနှစ်အတွင်း စာပေ၊ ဂီတ၊ အနုပညာ၊ သဘင်၊ အားကစားနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားကျော်ကြားသည့်လူပုဂ္ဂိုလ်များကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခဲ့သူများထဲတွင် စာပေပညာအတွက်အစားထိုးမရ သူများပါဝင်သကဲ့သို့ ပညာရှင်များ၊ ပါရမီရှင်များ၊ လူ့အဖွဲ့အစည်းအတွက်လူမှုအကျိုးပြုသူများပါဝင် သည်။ အဆိုပါထူးချွန်ထင်ရှားသူများကို စံတော်ချိန်ဒစ်ဂျစ်တယ်က မှတ်တမ်းတင်စုစည်းဖော်ပြထား ပါသည်။


◾️ဒေါက်တာတင်စံဦး(ပရဟိတဆရာဝန်)


- ဇန်နဝါရီ ၂၂ ရက်၊ နံနက်ပိုင်းတွင် စာပေလောကသားတို့၏အချစ်တော် ဒေါက်တာတင်စံဦး (ခ) ဆရာလေးသည် ရန်ကုန်တိုင်းတာမွေမြို့နယ်ရှိနေအိမ်၌ လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စာပေအသိုင်းအဝိုင်းမှကာတွန်းဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာ များ၊ စာရေးဆရာများအား ကျန်းမာရေးစောင့်ရှောက်မှုများကို နှစ်ပေါင်းများစွာအခမဲ့ကုသ ပေးခဲ့သည်။ 


ရန်ကုန်၊ မန္တလေးသာမက လူသူအရောက်ပေါက်နည်းသည်ဒေသများသို့လည်း ခက်ခက်ခဲခဲ သွားရောက်၍ဆေးကုသပေးခဲ့သည်။ ထို့ကြောင့်ပင် ဒေါက်တာတင်စံဦးကို မြန်မာနော်မန်ဘက်သွန်းဟု တင်စားခေါ်ဝေါကြသည်။ ကွယ်လွန်ချိန်တွင် အသက်(၇၂)နှစ် ရှိပြီဖြစ်သည်။


◾️မာရဇ္ဇ(တေးရေး၊ တေးဆို)


- ဇန်နဝါရီ ၂၃ ရက်၊ ည ၁၁ နာရီတွင် ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် လူသိများထင်ရှားသူနိုင်ငံ ကျော် တေးသံရှင်မာရဇ္ဇသည် ကျောက်ကပ်ရောဂါဖြင့် ရန်ကုန်မြို့နေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၅၈) နှစ်ရှိပြီဖြစ်သည်။ တေးသံရှင်မာရဇ္ဇ၏ ပထမဆုံးတေးစီးရီး အမည်မှာ ‘ပုံရိပ်မဲ့ဂရပ်ဖစ်’ တေးစီးရီးဖြစ်သည်။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ သီဆိုသူ တစ်ဦးဖြစ်ပြီး ဆွဲအား၊ အိပ်ရေးပျက်၊ အလွမ်းမိတ်ဆွေ၊ ဝေးဝေးကလွမ်း အစရှိသည့်တေးသီချင်း များအပြင် ကိုယ်ပိုင်ဖန်တီးသီဆိုထားသည့် တေးသီချင်းကောင်းများစွာကျန်ရစ်ခဲ့သည်။ မာရဇ္ဇ ၏အမည်ရင်းမှာကိုသိန်းဇော်ဖြစ်ပြီး အထက်မင်းလှဇာတိဖြစ်သည်။


◾️မောင်ခင်မင်(ဓနုဖြူ) (မြန်မာစာပါမောက္ခ)


- ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၀၀:၃၀ နာရီတွင် မြန်မာစာပေလောက၌ထင်ရှားသည့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) (ခ) ဒေါက်တာခင်အေးသည် ရန်ကုန်မြို့ရှိနေ့အိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ 


ဆရာမောင်မင် (ဓနုဖြူ) သည် ပုသိမ်ကောလိပ်မြန်မာစာဌာန၌ နည်းပြဆရာ အဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ်ကောလိပ်၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှအငြိမ်းစားယူ ခဲ့သည်။ မြန်မာစာ၊ မြန်မာစကားအကြောင်းပြောလျှင် ဆရာမောင်ခင်မင်(ဓနုဖြူ) ၏စာအုပ်များမှာ မပါမဖြစ်အထောက်အထားကိုးကားယူကြရသည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅) နှစ်ရှိပြီဖြစ်သည်။


◾️နိုင်မြန်မာ(ကဗျာဆရာ၊ တေးရေးဆရာ)


- ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် တေးရေးဆရာ၊ ကဗျာဆရာနိုင်မြန်မာသည် ရန်ကုန်တိုင်းသန်လျင်မြို့နယ်ရှိနေအိမ်တွင် ဦး‌‌နှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့သည်။ မြန်မာစတူဒီယိုခေတ်ဦးပိုင်းတွင် ဂန္ထဝင်အဆိုတော်ကြီးမာမာအေးအပါအဝင် ကိုင်ဇာ၊ မေဆွိ၊ မေခလာ စသည့်တေးသံရှင်များအတွက် ရေးစပ်ပေးခဲ့သည့်တေးသီချင်းများစွာ အောင်မြင်ခဲ့ သည်။ ထို့ပြင် နိုင်မြန်မာဟုပြောလျှင် ပရိသတ်များက ‘ကမ္ဘာမကြေဘူး’ သီချင်းနှင့်တွဲမြင် သိထားကြသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၇) နှစ်ရှိပြီဖြစ်သည်။


◾️ခင်ညွန့်ရည်(ဂန္ထဝင်တေးသံရှင်)


- ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၁ နာရီ ၅ မိနစ်တွင် ဂန္ထဝင်တေးသံရှင်ခင်ညွန့်ရီသည် ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး၊ ကင်ဆာကုသဆောင်၌ ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၇၅) နှစ်ရှိပြီဖြစ်သည်။


◾️ထူး(သရုပ်ဆောင်)


- မတ်လ ၈ ရက်၊ နံနက်အစောပိုင်းတွင် MRTV-4 မှ သရုပ်ဆောင်မင်းသား ထူးသည် ယာဉ်မတော် ဆမှုမှရရှိသည့်ဒဏ်ရာဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၂၆) နှစ်ရှိပြီဖြစ်သည်။


◾️ဦးထွန်းလှအောင်(မိုး/ဇလခန့်မှန်းတွက်ချက်သူ)


- မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် Su Su San အကောင့်ပိုင်ရှင် ဦးထွန်းလှအောင်ကွယ်လွန်ခဲ့ သည်။ ဦးထွန်းလှအောင်သည် မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်ကွယ်လွန်ပြီး နောက်ပိုင်း လူမှုကွန်ရက်တွင်မိုးလေဝသနှင့်ပတ်သက်ပြီး ခန့်မှန်းရေးသားဖော်ပြမှုများကြောင့် လူသိများထင်ရှားလာသူတစ်ဦးဖြစ်သည်။ ငလျင်လှုပ်သည့်အချိန်တွင် နှလုံးရှော့ခ်ဖြစ်ကာ ကျန်းမာရေးအခံကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း၊ ၎င်းတွင်အာရုံကြောအားနည်းပြီး လေတစ်ခြမ်းဖြတ်ဖူးထားသည့် ရောဂါအခံရှိကြောင်း ဦးထွန်းလှအောင်၏သမီးဖြစ်သူက ပြည်တွင်းမီဒီယာများသို့ဖြေဆိုထားသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၁) နှစ်ရှိပြီဖြစ်သည်။


◾️ဂျေညီညီ(အဆိုတော်)


- မတ်လ ၃၁ ရက်၊ နံနက် ၄ နာရီ ၃၀ မိနစ်တွင် အဆိုတော်ဂျေညီညီသည် ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၂) နှစ်ရှိပြီဖြစ်သည်။ အလွမ်းကဖီး၊ ပလက်ဖောင်းရှိုး၊ စွဲနေပြီ သီချင်းတို့မှာပရိသတ်များအကြားထင်ရှားနေဆဲဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါးဖြတ်သန်းခဲ့သည့် ဂီတအနုပညာသက်တမ်းတစ်လျှောက် အများပြည်သူကဲ့သို့သာ နေထိုင်ခဲ့ခြင်းကြောင့် ပရိသတ်များက ထူးခြားသည့်ဂီတအနုပညာရှင်တစ်ဦးအဖြစ်မှတ်သား ထားကြသည်။ ရာဘာခြေညှပ်ဖိနပ်ဖြင့်လည်း စင်ပေါ်တွင်သီဆိုဖျော်ဖြေတတ်သူဖြစ်သည်။


◾️ဆီလီမီး(ကချင်တိုင်းရင်းသူ၊ အလှမယ်)


- ဧပြီ ၂ ရက်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျထားသည့် Sky Villa ကွန်ဒိုအဆောက်အဦထဲမှ Miss Tourism Myanmar အလှမယ်ကချင်တိုင်းရင်းသူ ဆီလီမီး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်။ ကချင်တိုင်းရင်းသူ ဆီလီမီးသည် ၂၀၁၈ ခုနှစ်တွင်ကျင်းပခဲ့သည့် လီဆူစာပေနှစ် ၁၀၀ ရာပြည့် ဂျူဗလီပွဲတော်တွင် လီဆူအလှမယ်ဘွဲ့ကိုရရှိခဲ့ပြီး မြန်မာနိုင်ငံမှပထမဆုံးပါဝင်ယှဉ်ပြိုင်သည့် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ Nantong ၌ကျင်းပခဲ့သော Miss Tourism World Intercontinental Final 2019 တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။


◾️ဦးဦးလှစော(ကဗျာဆရာ၊ စာရေးဆရာ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း)


- မေလ ၅ ရက်၊ ည ၁၁ နာရီကျော်တွင် ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဦးလှစော (ခ) က‌ဗျာဆရာ မောင်ခိုင်အောင်သည် လည်ချောင်းကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ် ရှိပြီဖြစ်သည်။ ဦးဦးလှစောသည် ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ်၏ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ ရသူလည်းဖြစ်သည်။ 


မောင်ခိုင်အောင်အမည်ဖြင့်ရေးသားသည့် ကဗျာရှည်ငါးပုဒ်ပါဝင်သော ‘၆၄ လမ်းစဉ်’ ကဗျာစာအုပ်မှာ ကဗျာစာပေအသိုင်းအဝိုင်းကြားထင်ရှားသည်။ ထို့ပြင် မြောက်ဦးနှင့် မြောက်ဦးဗေဒ ရသစာတမ်းများ စာအုပ်အမှာစာတွင် “သမိုင်းကိုသိနားလည်ပြီး ပြည်ထောင်စု ညီနောင်ဆွေရင်းများကြားတွင် ချစ်ကြည်ရင်းနှီးမှု၊ ညီညွတ်မှုကိုတည်ဆောက်နိုင်မှသာလျှင် လူ့ယဉ်ကျေးမှုကိုတိုးမြှင့်ရာ ရောက်ပေမည်” ဟု ရေးသားခဲ့သည်။


◾️မောင်မောင်မြင့်(ဒါရိုက်တာ)


- မေလ ၇ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဝါရင့်သရုပ်ဆောင် ဒါရိုက်တာမောင်မောင်မြင့်သည် ရန်ကုန်မြို့ရှိနေအိမ်၌ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင်အသက်(၉၃) နှစ် ရှိပြီ ဖြစ်သည်။


◾️ငြိမ်းအေးအိမ်(ထုတ်ဝေသူ၊ စာရေးဆရာ)


- ဇွန်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်တွင် စာရေးဆရာငြိမ်းအေးအိမ်သည် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၆၉) နှစ်ရှိပြီဖြစ်သည်။ စာရေးဆရာ ငြိမ်းအေးအိမ်သည် ပို့စ်မော်ဒန်စာရေးဆရာတစ်ဦးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးလည်းဖြစ်သည်။ ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့်အယ်ဒီတာ ချုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။


◾️ဦးအောင်ကျော်ဦး(မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း)


- ဇွန်လ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သူ ဦးအောင်ကျော်ဦးသည် အိုးဘိုအကျဉ်းထောင်အတွင်းကွယ်လွန်ခဲ့သည်။ ဦးအောင်ကျော်ဦးသည် ရှေ့နေတစ်ဦးအဖြစ် အသက်မွေးခဲ့ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ အနိုင်ရပြီး တိုင်းလွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။


◾️မရီဝေ(ကဗျာဆရာမ)


- ဇူလိုင် ၆ ရက်တွင် ကဗျာဆရာမ ရီဝေကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက် (၇၅) နှစ် ရှိပြီဖြစ်သည်။ ကဗျာဆရာ ကြည်တင်ဦး၏ဇနီးဖြစ်ပြီး အမျိုးသမီးတစ်ဦးအနေဖြင့် လောကဓံ အထုအထောင်းကို နှစ်ကာလရှည်ကြာစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်သောကြောင့် မန္တလေးစာပေအသိုင်းအဝိုင်းက လေးစားချစ်ခင်ကြသည်။ ငယ်စဉ်ကစတုတ္ထတန်းအထိသာ ကျောင်းနေခဲ့ရပြီး စာအလွန်ဖတ်ခြင်း၊ စာပေအနုပညာချစ်စိတ်ဖြင့်လေ့လာသင်ယူရင်း ၁၉၈၁ ခုနှစ်တွင် ဆရာမောင်သွေးသစ်တည်းဖြတ်သည့် မိုးဝေမဂ္ဂဇင်းတွင် “မြှုံးထဲက ကျွန်ုပ်” ကဗျာမှာ ပထမဆုံးဖော်ပြခံရသည်။


◾️ရွှေညဝါဆရာတော်


- ဇူလိုင် ၁၀ ရက်၊ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရွှေညဝါဆရာတော်အရှင် ပညာသီဟသည် ရန်ကုန်မြို့ရှိ အာရှတော်၀င်ဆေးရုံ၌ အသည်းရောဂါဖြင့်ပျံလွန်တော်မူခဲ့သည်။ ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော်(၆၁)နှစ်၊ ဝါတော်(၂၇) ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ နံနက်အစောပိုင်းတွင်ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။


- ရွှေညဝါဆရာတော်အရှင်ပညာသီဟသည် ၂၀၀၄ ခုနှစ်မှ စတင်ကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကိုခေတ်နှင့်အညီ သင်ကြားပို့ချပေးခဲ့သည့်ဆရာတော် တစ်ပါး ဖြစ်သည်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကအဖြစ်လည်း သာသာနာ့တာဝန်များထမ်းဆောင်ခဲ့သည်။


◾️မောင်သာချို(တက္ကသိုလ်ဆရာ၊ စာရေးဆရာ)


- ဇူလိုင် ၁၀ ရက်၊ နံနက် ၈ နာရီကျော်တွင် စာရေးဆရာမောင်သာချို(ခ) ဂျက်(ကွမ်းခြံကုန်း)သည် ရန်ကုန်မြို့ရှိပင်လုံဆေးရုံ၌ ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲသည်။ ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီဖြစ်သည်။ စာရေးဆရာမောင်သာချိုသည်လည်း ရွှေညဝါဆရာတော်ကဲ့သို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင်ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် တွင် အင်းစိန်အကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ ကွယ်လွန်ချိန်တွင်လည်း ရွှေညဝါဆရာတော်နှင့်နာရီပိုင်းသာခြားပြီး ကွယ်လွန်ခဲ့သည်။


- စာရေးဆရာမောင်သာချိုသည် လုပ်သားများကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ်၊ ဟင်္သာတကောလိပ် စသည်တို့တွင် အမှုထမ်းခဲ့သည်။ 


၂၀၁၀ ပြည့် နှစ်တွင် ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ပြောင်းရွေ့ပြီး မြန်မာစာဌာနတွင် ကထိကအဖြစ် တာဝန် ထမ်းဆောင်ကာ မြန်မာစာဌာန၏ပါမာက္ခအဖြစ် ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။


◾️ဦးမြင့်ဆွေ(ယာယီသမ္မတဟောင်း)


- သြဂုတ် ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ယာယီသမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၄) နှစ်ရှိပြီဖြစ်သည်။


◾️နောင်ကျော်(တက္ကသိုလ်ဆရာ၊ စာရေးဆရာ)


- ဩဂုတ် ၂၁ ရက်၊ နံနက် ၅ နာရီတွင် စာရေးဆရာနောင်ကျော် (ခ) ဦးဌေးသိန်းသည် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိနေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၈) နှစ် ရှိပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် မဟာဝိဇ္ဇာတန်း ဆက်လက်သင်ယူ ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် “ကြည်အောင်၏ကဗျာများလေ့လာချက်” ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။


၁၉၈၉ ခုနှစ်တွင် ဗကပ မြေအောက်လှုပ်ရှားမှုများတွင်ပါဝင်သည်ဟုဆိုသည့်စွပ်စွဲချက် ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ‘ကျွန်တော်နှင့်အလှူခံများ’ ရသစာတမ်းဖြင့် ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆု၊ ၂၀၁၄ ခုနှစ်တွင် ‘လွတ်လပ်ရေး ခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း’ စာအုပ်ဖြင့် တော်ဘုရားကလေးစာပေဆုရရှိခဲ့သည်။ စာပေအသိုင်းအဝိုင်းကြားတွင် တက္ကသိုလ်သူပုန်ကျောင်းဆရာအဖြစ်လည်းထင်ရှားသည်။


◾️ချစ်စံဝင်း(စာရေးဆရာ)


- သြဂုတ် ၂၆ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် စာရေးဆရာချစ်စံဝင်းသည် ရန်ကုန်မြို့ရှိနေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅) နှစ်ရှိပြီဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမားအစည်းအရုံး ဗဟိုဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့် အယ်ဒီတာချုပ် စသည့်ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။ 


စာအုပ်ပေါင်း ၂၀၀ ကျော်၊ စာတမ်း ၂၀ နှင့် ရုပ်ရှင်ဇာတ်ညွှန်းငါးပုဒ်ရေးသား ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ‘ဤခရီးနီးသလား’ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၁၉၉၀ ပြည့်နှစ်တွင် ‘ဆန်ဖွပ်သည့်အဘိုးအို’ စာအုပ်များဖြင့် နှစ်ကြိမ်ရရှိခဲ့သည်။ ထို့ပြင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု နှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် တွင် အမျိုးသားစာပေတစ်သက်တာ ဆုကိုထပ်မံ ရရှိခဲ့သည်။


◾️ဒေါ်သိန်းရီ(သားဖွားဆရာမ၊ ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင်)


- ဩဂုတ် ၂၆ ရက်၊ မနက် ၉ နာရီခွဲတွင် ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင် သားဖွားဆရာမကြီး ဒေါ်သိန်းရီသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကျေးရွာရှိနေအိမ်၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ သားဖွားဆရာမကြီးဒေါ်သိန်းရီသည် မြန်မာနိုင်ငံ၏သုံးဦးမြောက် ဖလော်ရင့်(စ) နိုက်တင်ဂေးလ်ဆုရှင်လည်းဖြစ်သည်။


- ဆရာမဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ်၊ ဧပြီ ၂ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ နယ်၊ သောင်သွပ်ကျေးရွာ၌ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း မီးလျှံများအကြားပိတ်မိနေသော ကလေးငယ် ကို စွန့်စွန့်စားစားဝင်ရောက်ကယ်တင်ခဲ့သည်။ ခြေထောက်၊ ဦးခေါင်း၊ မျက်နှာနှင့် ကျောတို့တွင် မီးလောင်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့သည်။ ကလေးငယ်မှာနာရီပိုင်းအကြာတွင် သေဆုံးသွားခဲ့သည်။ ဆရာမဒေါ်သိန်းရီကို ဖောင်းပြင်ဆေးရုံသို့ပို့ဆောင်ပြီး ကိုးရက်ကြာကုသခဲ့ ရကာ မုံရွာမြို့တွင်လည်း အကြိမ်ကြိမ်ဆေးဝါးကုသမှုခံယူခဲ့ရသည်။ ထိုသို့စွန့်စားကယ်တင်ခြင်း ကြောင့် ၂၀၀၀ ပြည့်နှစ်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ပေးအပ်ချီးမြှင့်သော ဖလောရင့်နိုက်တင်ဂေးဆုကိုရရှိခဲ့ သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၄) နှစ်ရှိပြီဖြစ်သည်။


◾️ဦးထင်ပေါ်(လူရွှင်တော်)


- စက်တင်ဘာ ၈ ရက်၊ နံနက် ၅ နာရီတွင် မန္တလေးမြို့ဂုဏ်ဆောင် လူရွှင်တော်ကြီး ဦးထင်ပေါ် (ခ)ဦးဝင်းမြင့်သည် ပြင်ဦးလွင်မြို့၊ မိုးကြိုးကြီးရပ်ကွက်(၂)ရှိ နေအိမ်၌ကွယ်လွန်ခဲ့သည်။ ဦးထင်ပေါ်သည်လူရွှင်တော်ဦးချစ်စရာ လူရွှင်တော်ဦးဒီပါတို့အတွဲဖြစ်သည်။ ဦးထင်ပေါ်၏ ပျက်လုံးများမှာ ညစ်ညမ်းခြင်းမရှိဘဲ ပျက်လုံးတစ်ခုနှင့်တစ်ခုမထပ်အောင် ပရိသတ်ကိုဖျော်ဖြေ တင်ဆက်နိုင်ပြီး သူမတူထူးခြားသည့်ပါရမီရှင်အဖြစ် ဇာတ်သဘင်အနုပညာလောကတွင် လူသိများထင်ရှားသည်။ ထို့ပြင် မြန်မာသံစဉ်သီချင်းကြီးများအပါအဝင် ခွန်ထောက်၊ တေးထပ်၊ ရတု တို့ကိုပိုင်ပိုင်နိုင်နိုင်ရွတ်ဆိုနိုင်သူလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၅) နှစ်ရှိပြီ ဖြစ်သည်။


◾️ဗစ်တာခင်ညို(အဆိုတော်)


- စက်တင်ဘာ ၂၅ ရက်၊ နံနက် ၄ နာရီကျော်တွင် မြန်မာ့တေးဂီတစတီရီယိုခေတ်ဦးတွင် ကျော်ကြားထင်ရှားသူ တေးသံရှင်ဗစ်တာခင်ညိုကွယ်လွန်ခဲ့သည်။ ဗစ်တာခင်ညိုသီဆိုခဲ့သည့် သီချင်းများထဲတွင် တေးရေးမောင်မောင်လတ်ရေးသည့် ‘နွေ’ သီချင်းမှာ လူကြိုက်များသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ပြီး အဆိုတော်တူးတူး၏ အစ်ကိုအရင်းလည်းဖြစ်သည်။


◾️သိမ်းတင်သား(တေးရေးဆရာ၊ စာရေးဆရာ)


- စက်တင်ဘာ ၂၆ ရက်၊ နံနက် ၃ နာရီတွင် တေးရေးဆရာ၊ စာရေးဆရာသိမ်းတင်သား(ခ) ဦးကြွက်နီသည် ပုသိမ်မြို့၌ကွယ်လွန်ခဲ့သည်။ စာရေးဆရာသိမ်းတင်သားသည် ‘မဆုံးတဲ့သီချင်း’ ကို ထူးအိမ်သင် နှင့်အတူရေးသားခဲ့ပြီး အဆိုပါသီချင်းကို အောင်ရင်နှင့်ထူးအိမ်သင်တို့သီဆို ခဲ့ကြသည်။ 


စာရေးဆရာ သိမ်းတင်သားသည် ထူးအိမ်သင်၏ဘဝနှင့်ဂီတအကြောင်းအရာများကို ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရအဖြစ် ‘ချစ်စံအိမ်နဲ့ဝေးသွားတဲ့အခါ’ ဟု အမည်ပေးထားသည့် စာအုပ်အားရေးသားခဲ့သည်။ ထို့ပြင် အာလာပ သလ္လာပ၊ အရှင်လတ်လတ် တွေ့ခဲ့ဖူးသူများ၊ C Vit 90 c-90 တိတ်တစ်ခွေစာ၊ ကပေါက်တိ ကပေါက်ချာ စတေးတပ်(စ်) ဋီကာ၊ သဗ္ဗရနံ၊ ပလီစိချောက်ချက်နှင့် ဖောက်စွပ် စသည့် စာအုပ်များကိုလည်းရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၀) နှစ်ရှိပြီဖြစ်သည်။


◾️သင့်နော်(ဥတ္တရလွင်ပြင်၊ စာရေးဆရာ)


- စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့၏အထင်ကရ စာရေးဆရာ တစ်ဦးဖြစ်သူ စာရေးဆရာသင့်နော်(ခ)ဦးသန်းဌေးသည် ချမ်းအေးသာစံမြို့နယ်ရှိ ကံ့ကော်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့သည်။ စာရေးဆရာသင့်နော်သည် စာအုပ်စာပေနှံ့စပ်သိမြင်သူဖြစ်ပြီး လူကြီးလူငယ်မခွဲခြားဘဲ တရင်းတနှီးပြောဆိုဆက်ဆံ တတ်ခြင်းကြောင့် စာပေလောကသားများ လေးစားချစ်မြတ်နိုးရသူတစ်ဦးလည်းဖြစ်သည်။ မန္တလေးမြို့ရှိ ဥတ္တရလွင်ပြင်စာအုပ်ဆိုင်မှာ ဆရာသင့်နော်ဖွင့်လှစ်ထားသည့် ရှားပါးစာအုပ် အဟောင်းများရောင်းချသည့် သက်တမ်းရှည်စာအုပ်ဆိုင်တစ်ဆိုင်ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစောပိုင်းတွင် အရေးတော်ပုံသတင်းစာထုတ်ဝေခဲ့ပြီး ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေနှင့် နိုင်ငံရေးဆိုင်ရာသတင်းဆောင်းပါးများရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။


◾️ဦးလွန်းကြွယ်(ပန်းချီဆရာ)


- အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းတွင် မြန်မာပန်းချီအနုပညာလောက၌ ထင်ရှားသည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကွယ်လွန်ခဲ့သည်။ ဆရာဦးလွန်းကြွယ်သည် မကွယ်လွန်မီ တစ်ပတ်ခန့်က အသက်(၉၆) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ ပန်းချီပြပွဲပြုလုပ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တရုတ် နိုင်ငံသို့တစ်နှစ်ကြာ ပညာတော်သင် စေလွှတ်ခံရပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဂျာမနီနိုင်ငံသို့ ပညာတော် သင်ဆက်လက်စေလွှတ် ခံရသည်။ အရှေ့တိုင်းနှင့်အနောက်တိုင်းပန်းချီပညာရပ်အစုံ သင်ကြားခွင့်ရခဲ့ သည်။ ၁၉၇၇ ခုနှစ်တွင် ပန်းချီပန်းပုကျောင်း၏ယာယီကျောင်းအုပ်အဖြစ် တာဝန်အပ်နှင်းခံရပြီး ၁၉၇၉ ခုနှစ်တွင် ယင်းကျောင်းမှအငြိမ်းစားယူခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၆) နှစ်ရှိပြီဖြစ် သည်။


◾️ဦးမြင့်သိန်းဖေ(ရုပ်မြင်သံကြားဆိုင်ရာပညာရှင်)


- အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီ ၅၇ မိနစ်တွင် ဝါရင့်ရုပ်မြင်သံကြားဆိုင်ရာပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်သိန်းဖေကွယ်လွန်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရုပ်ရှင်အစည်း အရုံးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၄) နှစ်ရှိပြီဖြစ် သည်။


◾️သော်ဒီဝေ(ပန်းချီဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ)


- အောက်တိုဘာ ၁၆ ရက်တွင် တေးရေးသော်ဒီဝေ (ခ) ပန်းချီဝေချစ်ကိုသည် ပြင်ဦးလွင်မြို့ အောင်သစ္စာဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ ၁၉၇၄ မှ ၁၉၇၇ အထိ မန္တလေးအနုပညာကျောင်း၌ ပန်းချီပညာရပ်ကို လေ့လာသင်ကြားခဲ့သည်။ ပန်းချီအနု ပညာဖြင့်ဘဝစခဲ့သော် လည်း မြန်မာ့ရော့ခ်ဂီတလောကတွင် တေးရေးဆရာအဖြစ် အောင်မြင်ခဲ့ သည်။ ၁၉၈၇ ခုနှစ်တွင် ဟယ်ရီလင်းအတွက် ‘ကြိုက်သလိုနေနိုင်တယ်’ တေးစီးရီးကို ထုတ်လုပ်သူတစ်ယောက်၊ တေးရေးဆရာ တစ်ယာက်အနေဖြင့် စီစဉ်ခဲ့သော်လည်း ထိုတေးစီးရီး မှာ မထွက်ဖြစ်ခဲ့ပေ။ ရော့ခ်စတားလေးဖြူ တစ်ယောက်ဖြစ်လာစေဖို့ တေးရေး သော်ဒီဝေရေး သားခဲ့သည့် ကန္တာရလမင်းတေးစီးရေးထဲမှ အိပ်မက်မီးရထား၊ အလင်းရောင်၊ အတောင်ပံများ နှင့်၊ ကမ္ဘာကြီးကလုံးပြီး ဝိုင်းနေတော့ စသည့်သီချင်းများပါဝင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၁) နှစ် ရှိပြီဖြစ်သည်။


◾️အဒီနို (အဆိုတော်၊ drummer)


- အောက်တိုဘာ ၂၅ ရက်၊ ည ၈ နာရီ ၁၅ မိနစ်တွင် Fever 109 band ၏ founder ၊ vocalist ၊ composer နှင့် drummer တစ်ဦးဖြစ်သည့် မင်းသစ်လွှမ်း (ခ) အဒီနို သည် idiot farewell tour တွင် သီဆိုဖျော်ဖြေနေစဉ် စင်ပေါ်တွင်လဲကျခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၃၇) နှစ်ရှိပြီဖြစ်သည်။


◾️ဒေါ်ဇင်မင်းထွန်း(ဖူဆယ်ဂိုးနည်းပြ)


- နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ်ဂိုးသမားဟောင်း၊ ဘောလုံးနှင့် ဖူဆယ်ဂိုး နည်းပြဒေါ်ဇင်မင်းထွန်းသည် ကျောက်ကပ်ရောဂါဖြင့် ပြည်မြို့ရှိနေအိမ်၌ကွယ်လွန် ခဲ့သည်။ ကွယ်လွန် ချိန်တွင် အသက်(၄၀) နှစ်ရှိပြီဖြစ်သည်။


◾️ကိုလေး(အင်းဝဂုဏ်ရည်) (ကဗျာဆရာ)


- နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) သည် မန္တလေးမြို့ ရှိ Grand Mandalay ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ဆရာကြီးသည် အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားကလေးစာပေဆု၊ အင်္လကာကျော်စွာဘွဲ့များရရှိခဲ့သည်။ ကဗျာ၏အလုပ်သည်လှုံ့ဆော်မှု ဖြစ်ပြီး ကဗျာနှင့်ငြိမ်းချမ်းရေးရရှိအောင်၊ ပြည်တွင်းစစ်ရပ်စဲ အောင်လှုံ့ဆော်နိုင်သည်ဟု ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကမှတ်ချက်ပြုခဲ့သူဖြစ် သည်။ မန္တလေးတိုင်း၊ အင်းဝမြို့သားဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) သည် မြန်မာစာပေ လောက၊ ကဗျာလောကတွင်ထင်ရှားသည့် ကဗျာဆရာကြီးတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၁)နှစ် ရှိပြီဖြစ်သည်။


◾️ဂုဏ်ထူးဦးသိန်းနိုင်(မြန်မာစာဆရာ)


- နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်တွင် မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် သာကေတ မြို့နယ်၊ မင်းနန္ဒာအိမ်ရာ၌ကွယ်လွန်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ကို တနိုင်ငံလုံးတွင်တစ်ဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ်အောင်မြင်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ပြိုင်ပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌဦးသိန်းဖေမြင့်၏ "စာဆိုမောင်ဆု" ငွေဒိုင်းကိုချီးမြှင့်ခြင်း ခံရသည်။ မန္တလေးသက်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်တို့၌ မြန်မာစာကထိကနှင့်ဌာနမှူး၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလေးစိုက်ပျိုးရေးတက္ကသိုလ် တို့၌ မြန်မာစာဆရာအဖြစ် နှစ်ပေါင်းကြာမြင့်စွာ ထမ်းရွက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၀) နှစ်ရှိပြီဖြစ်သည်။


◾️ညောင်ညောင်(လူရွှင်တော်၊ ဟာသသရုပ်ဆောင်)

- ဒီဇင်ဘာ ၁၇ ရက်၊ ည ၇ နာရီတွင် ဟာသသရုပ်ဆောင် ညောင်ညောင်(ခ) ဦးညီညီလှိုင်သည် မြောက်ဥက္ကလာပမြို့နယ်ရှိ osc ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ပန်ကရိယကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၆၂) နှစ်ရှိပြီဖြစ်သည်။


သတင်း - ဖိုးစိုင်း၊ အင်ကြင်း


No comments: