Friday, June 30, 2017

သတ္တိရှိတဲ့ မိန်းမများ


(၁)

ညစာအတူစားပြီး ချစ်သူကို အိမ်ပြန်ပို့ပေးနေတဲ့အချိန် ရုတ်တရက်ကြီး မိုးက အရမ်းရွာလာတယ်၊ မိုးတွေရွာလာတော့မှပဲ ပျက်နေတဲ့ဝိုင်ဘာကို ပြင်ဖို့ သတိရတော့တယ်။ လောလောဆယ်တော့ မောင်းမရတော့တဲ့အဆုံး လမ်းဘေးမှာပဲ ကားခဏရပ်ထားပြီး မိုးအတိတ်ကို စောင့်နေလိုက်ကြတယ်။ ချမ်းလည်းချမ်း ကြောက်လည်းကြောက်နေရှာတဲ့ ချစ်သူကောင်မလေးကို သူ့အပေါ်အကျီင်္လေးချွတ်ပြီး ခြုံပေးလိုက်တော့ ကောင်မလေးက သူ့ရင်ခွင်ထဲ မှီကျလာတယ်။ ဒီလမ်းလေးထဲကို ၁၀မိနစ်လောက်မှတစ်ခါ ၀င်လာကြတဲ့ ကားတွေရဲ့ မီးရောင်အောက်မှာ သူ့ချစ်သူရဲ့ မျက်နှာလေးက မြင်ဖူးသမျှအလှဆုံး ဖြစ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် ကြင်နာစွာ စိုက်ကြည့်နေကြရင်း မိုးရေတွေက သူတို့နှစ်ယောက်ရဲ့ ထိန်းချူပ်မှုတွေကို တဖြည်းဖြည်းချင်း တိုက်စားသွားခဲ့တော့တယ်။

အဲဒီနေ့ကစလို့ ကောင်လေးက ခြေလှမ်းတွေပျက်လာတယ်၊ ကောင်မလေးအပေါ်မှာထားတဲ့ သူ့စိတ်တွေ ပြောင်းလဲလာတယ်၊ အရင်လို ဂရုတစိုက် မရှိတော့ဘူး၊ ဟိုကောင်မလေး ဒီကောင်မလေးတွေနဲ့ သတင်းတွေထွက်လာတယ်။ ကောင်မလေးခမျာမှာတော့ ဒါတွေကို သိသိကြီးနဲ့ မျက်စိမှိတ်ထားပေးရင်း ကောင်လေးဘက်က လက်ထပ်ခွင့်တောင်းလာမဲ့နေ့ကို မျှော်တလင့်လင့်နဲ့ စောင့်နေရရှာတယ်။

(၂)

သူက ရှုပ်တတ်ပွေတတ်တဲ့သူမှန်း အစကတည်းက သိထားနှင့်တယ်။ ကိုယ်နဲ့ချစ်သူဖြစ်နေတဲ့ ကာလတစ်လျှောက်မှာလည်း ငြိမ်မနေခဲ့ဘူးဆိုတာကို သိထားတယ်။ ဒါနဲ့တောင် “တစ်ခါ ခြံခုန်ဖူးတဲ့ နွားဟာ နောက်တစ်ခါလည်း ကျိန်းသေ ခြံခုန်ဦးမှာပဲလို့ ယတိပြတ်ပြောမရဘူး”ဆိုတဲ့ ဆင်ခြေကို ကိုယ့်ကိုကိုယ်ပေးရင်း သူနဲ့တစ်ဘ၀လုံး လက်တွဲဖို့ ဆုံးဖြတ်ခဲ့မိတယ်။ အိမ်ထောင်သည်ဘ၀အစပိုင်းတော့ ပျော်စရာကောင်းခဲ့ပေမဲ့ ကိုယ်ဝန်ရှိလာတဲ့အချိန်ကစလို့ သူ့ရဲ့အရင်ပုံစံဟောင်းက ပြန်ပေါ်လာခဲ့တယ်။ ပြဿနာတွေ ဖြစ်တယ်၊ လမ်းခွဲဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ မွေးမလာသေးတဲ့ ကလေးမျက်နှာက ရှိလာတယ်၊ မိသားစုကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဘ၀ မရောက်စေချင်ကြဘူး၊ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြလိမ့်မယ်၊ အထင်သေးကြလိမ့်မယ် တဲ့။ အဲဒါနဲ့ပဲ အဲဒီအမျိုးသမီးလေးဟာ ကိုယ့်ကိုမချစ်တော့တဲ့သူ၊ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူနဲ့ ဆက်ပြီးပေါင်းသင်းရဖို့ ဖြစ်လာတော့တယ်။

(၃)

ချစ်ရတဲ့သူလည်း ရှိတယ်၊ တစ်ဘ၀လုံး လက်တွဲသွားဖို့လည်း ရည်ရွယ်ထားတယ်၊ ကိုယ့်ရဲအပျိုစင်ဘ၀ကိုလည်း သူ့ကိုပဲ နှင်းအပ်ဖို့ တောက်လျှောက်ထိန်းသိမ်းလာခဲ့တယ်။  ဒါပေမဲ့ ထင်မှတ်မထားတဲ့ ကြမ္မာဆိုးက မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတယ်။ တစ်ည အဖေ လယ်ထဲက တော်တော်နဲ့ပြန်ရောက်မလာလို့ လိုက်သွားရင်းနဲ့ လူတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကို ခံလိုက်ရတယ်။ ဘယ်သူ့ကိုမှ ဒီအကြောင်း ပြန်မပြောရဲဘူး။ ရှက်တာရော၊ သူ့ချစ်သူ သူ့ကိုအထင်သေးပြီး ပစ်သွားမှာ၊ အားလုံးက ၀ိုင်းကဲ့ရဲ့မှာကို ကြောက်တာကြောင့်ရောပေါ့။ အဲဒီလိုနဲ့ နောက်(၂)လလောက်ကြာတဲ့အခါ သူ့ဝမ်းထဲကို သူဘယ်လိုမှ မျှော်လင့်မထားတဲ့ ဧည့်သည်လေးတစ်ယောက် ရောက်လာခဲ့တော့တယ်။

(၄)

မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ လက်မထပ်ခင်အတူနေခြင်း (Premarital sex) အကြောင်းပြောရင် တော်တော်လေး သတိထားရပါတယ်။ ကြိုက်တာ မကြိုက်တာ ဖြစ်သင့်တာ မဖြစ်သင့်တာ ခဏထား၊ လက်မခံလို့တော့ မရတော့တာ အမှန်ပါပဲ။ လုပ်သင့်လုပ်ထိုက်တဲ့အရာတစ်ခုလို့ မြှောက်ပေးနေတာ မဟုတ်ပါဘူး။ ဒါဟာ အပြစ်တစ်ခုလို့ ဆိုဦးတော့၊ မိန်းကလေးတစ်ယောက်တည်းရဲ့အပြစ် မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အားလုံးက မိန်းကလေးဘက်ကိုပဲ အညှာလွယ်တဲ့သူလို့ တစ်ဖက်သတ် ပြစ်တင်ကဲ့ရဲ့တတ်ကြတော့ ဒီကိစ္စဟာ ယောကျာ်းလေးတွေအတွက် အသာရသွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာတယ်။ တကယ်တော့ အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေးတိုင်းဟာ အကျင့်စာရိတ္တပျက်ပြားနေကြတာ မဟုတ်ပါဘူး။ အထင်သေးစရာလည်း မလိုသလို ကဲ့ရဲ့စရာလည်း မရှိပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို သူ အပျိုစစ်မစစ် ဆိုတာထက် သူရဲ့ စိတ်ထား၊ အရည်အချင်းနဲ့ သူ့ပတ်ဝန်းကျင်အပေါ် သူဘယ်လောက်ထိ အကျိုးပြုနေသလဲဆိုတာကသာ ပိုပြီးအဆုံးအဖြတ်ပေးသွားမှာပါ။

အိမ်ထောင်တစ်ခုဟာ ထူထောင်ပြီးရင် မပြိုကွဲသင့်တာတော့ အမှန်ပါ။ ဒီလိုပြဿနာတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း အနည်းနဲ့အများတော့ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးကို အချစ်တစ်ခုတည်းနဲ့တော့ လွယ်လွယ်မဆုံးဖြတ်ကြစေချင်ဘူး။ ဒါပေမဲ့လည်း မဖြစ်မနေ လမ်းခွဲဖို့လိုလာပြီ၊ လမ်းခွဲခြင်းကသာ အားလုံးအတွက် အကောင်းဆုံးဖြစ်လာမှာဆိုရင်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာပါပဲ။ အဲဒီလို အိမ်ထောင်ပျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အထင်သေးစရာ တစ်စက်မှမရှိပါဘူး။ အဆင်မပြေနိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်ရုံလေးပါ။ ဒါပေမဲ့ အားလုံးက ဘယ်လိုသတ်မှတ်ကြသလဲဆိုတော့ ဒီမိန်းမကတော့ အားကိုးမရှိတော့ဘူး၊ မတင့်တယ်တော့ဘူး။ သီချင်းတောင် ရှိပါသေးတယ်၊ လင်မရှိတဲ့ မိန်းမ မျက်နှာငယ်၊ ပွဲလမ်းသဘင် ၀င်ရန်မ၀ံ့မရဲ တဲ့။

အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်မှာ ဘာများအပြစ်ရှိပါသလဲ။ ယောကျာ်းတစ်ယောက်ရဲ့ ခွန်အားသုံးအနိုင်ကျင့်ခြင်းကို ခံလိုက်ရရုံသက်သက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေက အပြစ်တင်တတ်ကြပါတယ်၊ သူက ဒီနေရာကို အဖော်မပါဘဲ သွားတာကို၊  ဒီလိုဝတ်စားသွားတာကို စသဖြင့်ပေါ့။  အဲဒီလိုအနိုင်ပြုကျင့်ခံထားရတဲ့ မိန်းကလေးမျိုးကို ဘယ်မိဘကမှလည်း သူတို့သားနဲ့ မပေးစားချင်သလို၊ ယောကျာ်းတွေကလည်း ဒီလိုမိန်းကလေးမျိုးဆို လက်ထပ်ဖို့ နောက်တွန့်သွားတတ်ကြတယ်။ အဆိုးဆုံးကတော့ ဒီမိန်းကလေးကို ယောကျာ်းတွေက အထင်တသေးနဲ့ နောက်ကြ ပြောင်ကြ ရိသဲ့သဲ့ပြောကြ လုပ်ကုန်ကြတာပါပဲ။ အဲဒီအခါ မိန်းကလေးတွေဟာ သူတို့ကိစ္စကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောရဲကြတော့ဘူး၊ ဒီတော့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူနိုင်ကြတော့ဘူး၊ နောက်ဆုံးတော့ မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရကြတယ်၊ ဖျက်ချရင်းနဲ့ ပိုးတွေဝင်ပြီး မသေသင့်ဘဲ သေဆုံးကြရတယ်။

(၅)

ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ အဖြစ်အပျက်တစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ အပြစ်ရှိခြင်း မရှိခြင်းဆိုတာထက် “မိန်းကလေးဖြစ်ခြင်း”ဆိုတဲ့အချက်ပေါ် အဓိက မူတည်ပြီး အဆုံးအဖြတ်ပေးနေလို့ပါပဲ။ အဲဒါကိုပဲ ကျားမခွဲခြားဆက်ဆံခြင်း (Gender Discrimination) လို့ခေါ်ကြတာပါ။ ကျွန်တော်တို့အားလုံး အဲဒီအမြင်တွေကို ပြောင်းလဲပစ်ကြဖို့ လိုပါတယ်။

လက်မထပ်ခင် အတူနေမိလို့ ဒီမိန်းကလေးဟာ အထင်သေးစရာ တဲ့လား။ အပျိုမစစ်တော့တဲ့ မိန်းကလေးဟာ ကဲ့ရဲ့စရာဆိုရင် လူပျိုမစစ်တော့တဲ့ ယောကျာ်းလေးဟာလည်း အထင်သေးစရာပါပဲ။ တကယ်ဆို ကိုယ်လိုချင်တာလည်း ရပြီးရော၊ နောက်တစ်ယောက်ပြောင်းချင်တဲ့သူ၊ သစ္စာမဲ့တဲ့သူကမှ ပြစ်တင်ကဲ့ရဲ့စရာ ကောင်းတာပါ။

အိမ်ထောင်ပျက်သွားတဲ့ မိန်းမတစ်ယောက်ဟာ အားငယ်နေသတဲ့၊ မျက်နှာငယ်သတဲ့လား။ ယောကျာ်းလည်း လူ၊ မိန်းမလည်း လူပါပဲ။ ယောကျာ်းတစ်ယောက်ဟာ မိမိဘာသာမိမိ ရပ်တည်နိုင်စွမ်းရှိတယ်ဆိုရင် မိန်းမတစ်ယောက်ဟာလည်း ဘယ်သူ့ပေါ်မှာမှ မှီခိုစရာမလိုဘဲ သူ့ဘ၀သူ ရပ်တည်နိုင်တယ်၊ သူ့သားသမီးတွေကိုသူ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်နိုင်တယ်ဆိုတာ ယုံကြည်ပေးပါ။ လင်မရှိတဲ့ မိန်းမ မျက်နှာမငယ်ရပါဘူး၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်စွမ်းမရှိတဲ့ မိန်းမကမှ မျက်နှာငယ်ရတာပါ။

အနိုင်ကျင့်ခံလိုက်ရလို့ အပျိုမဟုတ်တော့တဲ့ မိန်းကလေးက အထင်သေးစရာ၊ နှိမ့်ချဆက်ဆံစရာတဲ့လား၊ လူရာမ၀င်တော့ဘူး တဲ့လား။ တကယ်တော့ ခွန်အားသုံး အနိုင်ကျင့်ခဲ့တဲ့လူ၊ ကိုယ်လုပ်ပြီး တာဝန်မယူရဲတဲ့လူ၊ အောက်တန်းကျတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တဲ့လူကမှ လူရာမသွင်းသင့်တဲ့သူပါ။

(၆)

မိန်းကလေးတွေကိုလည်း ပြောပါရစေ။

ကိုယ်ငယ်ငယ်ကတည်းက ပုံသွင်းခံခဲ့ရသလို မိန်းကလေးဆိုတာ အားနွဲ့တယ်၊ သတ္တိမရှိဘူး၊ ဦးမဆောင်နိုင်ဘူး၊ ဘုန်းကံမရှိဘူး စတဲ့ ပုံစံခွက်တွေထဲကနေ ရုန်းထွက်ကြဖို့ လိုပါတယ်။ ဘတ်စ်ကားပေါ်မှာ အားနွဲ့တဲ့မိန်းမသားဆိုပြီး ထိုင်ခုံနေရာပေးတာ မလိုချင်ပါနဲ့။ ဘတ်စ်ကားပေါ်မှာ “ညှာတာစရာ” ဖြစ်နေခဲ့တဲ့ ကိုယ်တွေဟာ အမှောင်ထဲရောက်တဲ့အခါ၊ လူသူကင်းဝေးတဲ့နေရာ ရောက်တဲ့အခါဆိုရင်တော့ “အနိုင်ကျင့်စရာ”အဖြစ် ပြောင်းလဲရှုမြင်ခံကြရမယ်ဆိုတာကို သဘောပေါက်ထားပေးပါ။

လင်ယောကျာ်းရဲ့ စွန့်ပစ်မှုကို ခံခဲ့ရပြီး မုဆိုးမတစ်ပိုင်းလို့တောင် ပြောလို့ရတဲ့ မိန်းမတစ်ယောက်က အပင်ပန်းဆင်းရဲမျိုးစုံကို အံတုရင်း ပြုစုပျိုးထောင်ပေးလိုက်တာ မိုးလေ၀သပညာရှင် ဦးထွန်းလွင် ရယ်လို့ ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အော်ပရာဝင်းဖရေးဟာ ငယ်စဉ်က အဓမ္မပြုကျင့်မှုကို (၂)ကြိမ်တိုင်တိုင် ခံစားခဲ့ရဖူးပါတယ်။

အဲဒီလိုအခြေအနေတွေကနေ ဒီအမျိုးသမီးတွေ ဘယ်လိုများ ရုန်းကန်လာခဲ့ကြသလဲ။

တစ်ခွန်းတည်းဖြေရရင်တော့ အဲဒါဟာ လောကကို အံတုရဲတဲ့ “သတ္တိ”ကြောင့်ပဲ ဖြစ်ပါတယ်။

(၇)

လောကမှာ ဖြစ်ခဲ့ပြီးသမျှ အပြောင်းအလဲတွေအားလုံးဟာ သတ္တိရှိတဲ့သူတွေကနေ အစပြုခဲ့တာချည်းပဲ ဖြစ်ပါတယ်။

တိုက်ရဲခိုက်ရဲ ထောင်ကျခံရဲမှ သတ္တိမဟုတ်ပါဘူး။ အားလုံးရဲ့ အထင်သေးတဲ့ မျက်လုံးတွေအောက်မှာ ကိုယ့်ဘ၀ခရီးလမ်းကို ကိုယ်ယုံကြည်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲတာဟာလည်း သတ္တိပဲဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံမှုတွေ ပပျောက်သွားဖို့ သတ္တိရှိတဲ့အမျိုးသမီးတွေ ခပ်များများ လိုအပ်ပါတယ်။

Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

No comments: