Friday, June 16, 2017

မြင်းခြံပလာတာသုပ်နှင့် ဖက်ထုပ်ဆီချက် လုပ်စားရအောင်

မြင်းခြံပလာတာသုပ်..


မြင်းခြံပလာတာသုပ်နည်းလေးကို မြင်းခြံသူ ခင်မွန်သက် ဆီက တတ်ပါတယ်.. ဒီချက်နည်းလေးကို တင်လိုက်တဲ့အခါ မြင်းခြံသူတွေရဲ့ အကြံပြုချက်တွေကို ထပ်မံ မှတ်သားမိရပါတယ်.. ကြက်သားကို မချက်ပဲ ပြုတ်ပီး အဖြူထည်ပဲ သုံးပါတယ်တဲ့..ကြက်ရိုး..ကြက်ပြုတ်ရည်ကို ပဲဟင်းရည် ချက်ရာမှာ သုံးပါတယ်တဲ့..။ အသုပ်အတွက် အရည်ကို ခပ်ပျစ်ပျစ် ချက်လေ့ရှိပီး..ဟင်းရည်သောက်အတွက် ခပ်ကျဲကျဲ ချက်ပါတယ်တဲ့ ရှင်..။

ပလာတာ ၆ ချပ်

ကြက်သားဟင်းချက်ရန်
1. ကြက်သား ၂၅၀ ဂရမ် (၁၅ကျပ်သား)
2. ကြက်ရိုး ၂၅၀ ဂရမ်
3. ကြက်သွန်နီ ၃လုံး
4. ကြက်သွန်ဖြူ ၄ မွှာ
5. ဂျင်းပါးပါး ၃ပြား
6. ငရုတ်သီးမှုန့်(အရောင်တင်မှုန့်) လက်ဖက်ရည်ဇွန်း (၂)ဇွန်း
7. နနွင်းမှုန့် အနည်းငယ်
8. ဆား အနည်းငယ်
9. ငံပြာရည် သင့်ရုံ
10. ဆီ ၁၀ သား

ကြက်သားဟင်း
1. ကြက်သားကို ရေဆေးပီး၊ အရိုးအသားခွဲပါ၊ အသားကို ဆား၊နနွင်း ၊ အချိုမှုန့်အနည်းငယ်ဖြင့်နယ်ထားပါ၊
2. အရိုးကို အချိုရည်ထွက်အောင် မီးအေးအေးဖြင့်တည်ထားပါ။

3. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း သီးသန့်စီထောင်းပါ၊ ငရုပ်သီးအရောင်တင်မှုန့်ကို ရေအနဲငယ်ထည့်ပီး ဆုံတွင်ဖွတ်ထားပါ၊ ( ဆီသတ်တဲ့အခါ မတူးလွယ်တဲ့အပြင် အရောင်ပိုလှပါတယ်)

4. ဆီပူတွင် ကြက်သွန်နီကို အရင်ထည့်ဆီသတ်ပါ၊ နနွင်းထည့်ပါ၊ ကြက်သွန်နီ နွမ်းလျှင် ကြက်သွန်ဖြူ ၊ချင်းတို့ထည့်ပါ၊ နောက်ဆုံး ငရုပ်သီးမှုန့်ထည့်ပါ။ အနံ့မွှေးပီး ရွှေဝါရောင် ပြောင်းလျှင် ကြက်သားထည့်ပါ၊ သွေ့သွားအောင်လှိမ့်ပေးပါ၊ အသားကျစ်သွားလျှင် အရိုးပြုတ်ရည် အနည်းငယ်ထည့်ပီး အသားကျက်တဲ့ အထိ ဆီပြန်ရေကျန် ချက်ထားပါ။

5. ဆီနီ၊ ဆီဝါ ဆီချက်
• ဆီ ၁၀ ကျပ်သား
• နနွင်း သင့်ရုံ
• ငရုပ်သီးအရောင်မှုန့် ၁ စားပွဲဇွန်း
• သီးခြားပန်းကန်လုံးတခုတွင် ငရုပ်သီးအရောင်မှုန့် ၁ စားပွဲဇွန်း ကို ရေအနည်းငယ်ဖြင့် သမအောင်မွှေထားပါ၊ ဆီပူလောင်းပီးမွှေပေးပါ။
• နနွင်းမှုန့်ကို ပန်းကန်လုံးတခုတွင်ထည့်ထားပီး ဆီပူတ၀က်လောင်းပီးမွှေပေးပါ၊

6. ပဲဟင်းရည်
• ပဲမှုန့်အစိမ်း ၁၂၀ ဂရမ် ( ၇ ကျပ်သားခန့်)
• ရေထဲကို ပဲမှုန့်ထည့်ပီး ၄ နာရီခန့်စိမ်ထားပါ။***ရေကြာကြာစိမ်လျှင် လေပွ သက်သာပီး အချိုလေးပါတယ် ရာသီဥတု ပူတဲ့အရပ်တွေမှာ ကြာကြာစိမ်ရင် အချဉ်ပေါက်ပီး ဟင်းရည် သိုးလွယ်ပါတယ်။
• အရိုးုပြုတ်အိုးထဲကို ရေ ၂လီတာခွဲထည့်ပီး ဆူလာအောင် ကျိုပါ၊ ပဲအစိမ်းမှုန့်ရည် သမအောင် မွှေပီးထည့်ပါ၊
• ပဲမှုန့်မကပ်စေရန်မွှေပေးပါ။ ဆား၊ သကြားထည့်ပါ။ ပဲစိမ်းနံ့ပျောက်အောင် မီးအေးအေးဖြင့် ကြာကြာကျိုပါ။

7. တွဲဘက်စားသုံးရန်
• မူရင်း ချက်နည်းရေးသူက ခေါက်ဆွဲအစိမ်းကိုဆီပူပူမှာကြွတ်အောင်ကြော်ပါတယ်..။ မမီးကတော့ ဂျုံကို ရေနဲ့ နယ် ဒလိပ်တုန်းနဲ့ ပါးနေအောင်လှိမ့်ပီး လှီးဖြတ်ကြော်ပါတယ်..။
• ဂေါ်ဖီ၊ ကြက်သွန်နီ၊ သခွားသီး၊ ပူဒီနာ၊ နံနံပင်တို့ကို ပါးပါးလှီးထားပါ။ သံပုရာသီး စိတ်ထားပါ။

8. မုန့်ပွဲပြင်ပုံ
• ပလာတာ ၁ချပ်ကို ဖွပီးထည့်ပါ၊ ပဲမှုန့်ဟင်းရည် စားပွဲဇွန်း ၄-၅ ဇွန်းထည့်ပါ၊
• ဆီနီ၊ ဆီဝါ၊ ကြက်သားဟင်း၊ မုန့်ကြွတ်ကြော်၊ ဂေါ်ဖီ၊ သခွားသီး၊ နံနံပင်၊ ကြက်သွန်၊ ပူစီနံထည့်ကာ သံပုရာသီးညှစ်ပီးသုံးဆောင်နိုင်ပါပီ။
• အရည်သောက်အတွက် ပဲမှုန့်ဟင်းရည် ၁ ပန်းကန်ပြင်ပေးပါ။

ဖက်ထုပ်ဆီချက်

ဆီချက်လုပ်စာတဲ့အခါ တပွဲစာ အတွက်ဘဲ လုပ်မှ ကောင်းပါတယ်..။  ၀က်နံရိုးပြုတ်ရည်/ အရိုးပြုတ် အချိုရည် အဆင်သင့်ရှိရနေပါတယ်။ ပန်းကန်လုံးတခုထဲမှာကြက်သွန်ဖြူ ကြော် ဆီချက် ၁ စားပွဲဇွန်း တို့ကို ထည့်မွှေပေးပီး ဖက်ထုတ်ပြုတ်နဲ့ ခေါက်ဆွဲပေါ် ဆမ်းချပေးလိုက်တာဘဲ..။ ငရုပ်ကောင်းမှုန့် နဲနဲ ဖြူး၊ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူ ကြော်လေး ဖြူးပီး သုံးဆောင်ပါ..။ ဖက်ထုတ်ခွံကတော့ Wonton အခွံလေးတွေဝယ်တယ်.. ကိုယ့်ဘာသာလုပ်လိုသူများ ဒီမှာ ကြည့်လိုက်ပါနော်..။

ပါဝင်ပစ္စည်းများ
အရိုးပြုတ်ရည်              ၂ စားပွဲဇွန်း
သကြား                     ၁/၄ လက်ဘက်ရည်ဇွန်း
ဆား                         သင့်ရုံ
ပဲငံပြာရည် အကျဲ          ၁ လက်ဘက်ရည်ဇွန်း
အချိုမှုန့်                     သင့်ရုံ

ဖက်ထုပ် အဆာအတွက်
ဝက်သား အဆီ အနည်းငယ်ပါ     ၁၆၀ ဂရမ် ( နုတ်နုတ်စင်း /ကြိတ်ထားပါ)
ကြက်သွန်ဖြူ                              ၁မွှာ (ဒါးပြား ရိုက်ပီး နုတ်နုတ် စင်းထားပါ)
ပဲငံပြာရည် အကျဲ                        ၁ လက်ဘက်ရည်ဇွန်း
သကြား                                     ၁ လက်ဘက်ရည်ဇွန်း
ဆား                                          သင့်ရုံ
ပြောင်းကော်မှုန့်                          ၁ စားပွဲဇွန်း
ငရုပ်ကောင်း                               အနည်းငယ်
ကြက်ဥ သမအောင် ခေါက်ထားတာ တ၀က်ထည့်ပါ..
ကျူဆိုင်..(ကုဆိုင်) ၅ -၆ ပင်ခန့်..ကြမ်းကြမ်းလေးလှီးထားပါ

ပြုလုပ်နည်း
ဇလုံတခုတွင် ပါဝင်ပစ္စည်း အားလုံးကိုသမအောင်ရောမွှေပေးပီး ရေခဲသေတ္တာတွင် အေးနေအောင် နှပ်ထားပါ..။ အေးတဲ့အခါ ဖက်ထုတ်ဖက်ခွံ အလယ်တွင်ထည့် အနားများကို ရေစွတ်ပီး ဖိပိတ်ပါ..
ဆူနေသော အရိုးပြုတ်ရည်တွင် ၄-၅ မိနစ်ခန့် ပြုတ်ပါ.. ကျက်သောအခါ အပေါ်သို့ တက်လာကြပါတယ်..၁ မိနစ်ခန့် ဆက်ပြုတ်ပါ..။
ကျက်တဲ့အခါ ဆယ်ပီး အပေါ်မှာ ရေးထားပေးတဲ့ ဆော့စ် ဆမ်းပီး၊ ကြက်သွန်မြိတ်၊ အကြွတ်ကြော်၊ ကြက်သွန်ဖြူ ကြော်.၊. ငရုပ်ကောင်းတို့ဖြူးပီးသုံးဆောင်ပါ..။

အကြွတ်ကြော်..
ဂျုံမှုန့် လေး ဇီးဘရားဇွန်းနဲ့ ၂ စွန်းမောက်မောက်
ဆားလေး သင့်ရုံထည့်..
ရေ ကိုလည်း ဇွန်းနဲ့ နဲနဲချင်းဘဲ ထည့်ပီး နယ်ပေးတယ်..
ဂျုံလုံးလေး ချောမွေ့သွားပီးဆို ပန်းကန်လုံးတခုမှာထည့် အဖုံးအုပ်ထားတယ်.. နာရီဝက်လောက်နေရင်..
မကပ်အောင် ဂျုံဖြူးပီး
ဒလိမ့်တုန်းကိုလည်းဂျုံဖြူးပီး ပါးပါးရအောင်လှိမ်းပေးတယ်..
အချပ် အပြားကြီး ဖြစ်သွားပီဆို..ဂျုံ အနှံ့ပြားဖြူးပီး အလိတ်လေးရအောင် လိတ်တယ်.. ဒါးနဲ့ လိုသလို အရွယ်လေးတွေဖြတ် .. ပြန်ဖြန့် ..အမျှင်လေးတွေကို ဆီပူမှာကြော်ပေးလိုက်တာဘဲ..နန်းကြီးသုပ်.. ပလာတာသုပ်တွေမှာလည်း သုံးနိုင်ပါတယ်..။ မြန်မာမှာတော့ ခေါက်ဆွဲအစိုကို ကြော်ကြတယ်..။ မမီးက တော့ ဆိုင်က ဖက်ထုတ်ခွံလေးတွေ ၀ယ်ထားတာ အသင့် ရှိရင် ..အဲဒါလေးတွေကို ဖြတ်ပီးကြော်တယ်..သွားဝယ်ရပျင်းရင် ကိုယ့်ဘာသာလုပ်တယ်..။ ကိုယ့်ဘာသာ လုပ်တာ ပိုကောင်းတယ်လို့ ထင်မိ..

Credit:  မမီးမီးရဲ့ Page

No comments: