Wednesday, January 10, 2018

Pulut Panggang - ဂျုံဘိန်းမုန် - Fish cake soup (Eomukguk: 어묵국)

ဒီတစ်ခါ အဆာပြေအဖြစ်ပဲဖြစ်ဖြစ် မုန့်အနေနဲ့စားစား အဆင်ပြေလောက်တဲ့ အစားအစာ သုံးမျိုးကို ကူးယူ Share ပေးလိုက်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိုရီးယား Street Foods တစ်ခုဖြစ်တဲ့ ငါးအသားလွှာ Soup အကြောင်း ဖော်ပြထားရာမှာ City Mart မှာ အလွယ်ဝယ်လို့ရမယ့် ငါးအသားလွှာ နမူနာ ရေးပေးထားပြီး Video Clip ကတော့ အစုံပေါ့။

ကောက်ညှင်းဖက်ထုပ်ကင်
(Grilled Glutinous Rice with Dried Shrimps) Pulut Panggang


     အနံ့အရသာနဲ့ပြည့်စုံတဲ့ ကောက်ညှင်းဖက်ထုပ်ကင်လေးကို မလေးရှား၊ စင်ကာပူမှတော့ ညဘက်ဈေးအတော်များများမှာ တွေ့နိုင်ပါတယ်။ သင်းပျံ့တဲ့ အုန်းသီးရနံ့၊ ပုစွန်ခြောက်ရနံ့တို့ ပေါင်းစပ်ကာ ငှက်ပျောဖက်ဖြင့်ထုပ်ပြီး မီးကင်ထားသည်ကို စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပင်ဖြစ်ပါတယ်။ ပြုလုပ်ရ လည်း လွယ်ကူလို့ လုပ်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
• ကောက်ညှင်းဆန် - ၂ ခွက် (ပေါင်းအိုးဆန်ခြင်ခွက်)
• အုန်းနို့ - ၂ ခွက်
• ဆား - အနည်းငယ်
• ဆွမ်းမွှေးရွက်  - ၂ ပင် (Optional)
• ပုစွန်ခြောက်မှုန့် - ၁ ပန်းကန်
 (Ready Made Prawn Floss)
• ငှက်ပျောဖက်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကောက်ညှင်းကို ၄ နာရီခန့် ရေစိမ်ထားပါ။
၂။ ရေစိမ်ထားပြီးသော ကောက်ညှင်းကို ရေဆေးပြီး ပေါင်းအိုးထဲထည့်ပါ။ ဆားနှင့် အုန်းနို့ ၂ ခွက် ထည့်ပါ။ ဆွမ်းမွှေးရွက်ကိုထုံးပြီး ထည့်ကာ (အလွယ်တကူမရနိုင်ပါက မထည့်လည်းရပါတယ်။) ခလုတ်နှိပ်ပြီး ချက်ပါ။
၃။ လိုအပ်ပါက ရေအနည်းငယ်ဖျန်းပေးပြီး ကောက်ညှင်းနပ်သည်အထိ ချက်ပါ။
၎။ မချက်ဘဲ ပေါင်းထားသော ကောက်ညှင်းကိုလည်း သုံးနိုင်ပါတယ်။ ပေါင်းပြီးသား ကောက်ညှင်းကို အိုးတစ်အိုးထဲ အုန်းနို့နှင့်ဆားထည့်ပြီး သမအောင်မွှေပေးပါ။
၅။ ချက်ပြီးသား ကောက်ညှင်းကို အအေးခံထားပါ။ ငှက်ပျောဖက်ကို မီးပြ သို့မဟုတ် ရေနွေးဖြင့်ဖျောပြီး သန့်စင်ထားပါ။
၆။ အားလုံးအသင့်ဖြစ်ပါက ငှက်ပျောဖက်ကိုခင်းပြီး ကောက်ညှင်းကို အလယ်မှာ ဖြန့်ထည့်ပါ။
၇။ ကောက်ညှင်းအလယ်မှာ ပုစွန်မှုန့်အရောကိုထည့်ပြီး ဆူရှီလိပ်သည့်နည်းအတိုင်း လိပ်ကာ  ဘေးနှစ်ဖက်ကို လုံအောင် သွားကြားထိုးတံဖြင့် ထိုးပြီး ပိတ်ပေးပါ။
၈။ အားလုံးပြီးသွားပါက ကောက်ညှင်းထုပ်လေးများကို မီးကင်ပြီး ပူပူနွေးနွေး  ငှက်ပျောဖက်မီးကင်နံ့ သင်းသင်းဖြင့် တည်ခင်းသုံးဆောင်နိုင်ပါပြီ။
* မီးကင်ရန် မီးသွေးမီး၊ အကင်စက်၊ ဒယ်အိုးကို အပူပေးခြင်းစသည့်နည်းကို အသုံးပြုနိုင်ပါတယ်။
* ပုစွန်မှုန့်အစား နှစ်သက်ရာအသားမှုန့်ကို အသုံးပြုနိုင်ပြီး စူပါမားကက်များမှာ အလွယ်တကူ ဝယ်ယူ နိုင်ပါတယ်။ (Prawn Floss, Chicken Floss…)
* Prawn Floss ကို အိမ်မှာ ပြုလုပ်လိုပါက ပုစွန်ခြောက်ကောင်းကောင်း ကြိတ်ထားပြီးသားကို ကြက်သွန် ကြော်ကြိတ်ထားသည်နှင့် ငရုတ်သီးမှုန့်၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး မီးအေးအေးဖြင့် အဆက်မပြတ်လှော်ပေးပါ။ အအေးခံကာ လေလုံသော ပုလင်းထဲထည့်ပြီး သိမ်းဆည်းထားနိုင်တယ်။
* အသားမွလှော်ကို အသားပြုတ်ပြီး ထိုနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
-------------------------------------------
Sofia


ဂျုံဘိန်းမုန်


ဒီတခါတော့ ဂျုံဘိန်းမုန့်ကိုဘန်းနဲ့ ဖုတ်တဲ့နည်းလေးပါ။ ပွဲတွေမှာကျွေးလို့သင့်တော်တဲ့နည်းလေးပါ။ ဂျုံဘိန်းမုန့်နှင့် ဆန်ဘိန်းမုန့်ကကွာခြားတာကတော့ ဂျုံကပိုပွတဲ့အတွက် အချိုပိုထည့်ရတယ်။ ရေပိုထည့်ရပါတယ်။ အိအိမွှေးမွှေးလေးနဲ့စားလို့ကောင်းတဲ့ ဂျုံဘိန်းမုန့်ကိုလုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ (၉ လက်မ x ၁၁ လက်မ တဘန်းစာ)
၁။ ဂျုံမှုန့် - ၃ ခွက် = ထမင်းစားဇွန်း ၄၈ ဇွန်း
၂။ ကြက်ဥ - ၃ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၎။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ၁ ခွက် နှင့်ထမင်းစားဇွန်း ၄ ဇွန်း (သို့) ထမင်းစားဇွန်း ၂၀ ဇွန်း
၅။ ခပ်နွေးနွေးရေ - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း  (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့ စမ်းကြည့်လို့ လက်ကအပူခံနိုင်တဲ့ အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၇ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - လက်တဆုပ်စာ
၉။ အခွံချွတ်ထားသော မြေပဲလှော် - ထမင်းစားဇွန်း ၂ ဇွန်း
၁၀။ ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၁။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဂျုံမှုန့် ၊ဆား နှင့် ဆော်ဒါ မှုန့် တို့ ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ရောထားသော အမှုန့် ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ ဆမ်းရ်ျ ထည့်ပါ။ မုန့် အချဉ်ပေါက်ရာမှာ အလွန်အသုံးဝင်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့် သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၎။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥ၊ ထန်းလျက်ရည်နှင့် ထောပတ် ၄ ဇွန်းတို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့် အနှစ်ရပါပြီ။
၅။ မုန့်ဖုတ်စက် oven ကို ၃၅၀ 'F (သို့ ) ၁၇၅ 'C မှာ မုန့်အနှစ်မထည့်ခင် ၁၀ မိနစ်လောက် အပူပေးထားပါ။
၆။ မုန့်နှစ်ထည့်မည့်ဘန်းကို ထောပတ် ထမင်းစားဇွန်း ၃ ဇွန်းထည့်ထားပါ။ ပြီးလျှင် မုန့်နှစ်ကိုထည့်ပြီး အပူပေးထားသော မုန့်ဖုတ်စက် oven ထဲမှာ နဂိုအပူချိန်ဖြင့် ၁၅ မိနစ်ထည့်ဖုတ်ပါ။
၇။ ၁၅ မိနစ်ဖုတ်ပြီးလျှင် မုန့်ဖုတ်စက် oven ထဲမှထုတ်ပြီး မုန့်ဘန်းအပေါ်ကို ဘိန်းစေ့၊ အုန်းသီးဖတ်နှင့် မြေပဲတို့ ကိုနှံ့ အောင်ဖြူးပြီး မုန့်ဖုတ်စက် oven ထဲကိုပြန်ထည့်ပြီး နဂိုအပူချိန်မှာ နောက်ထပ် ၁၅ မိနစ်ထပ်ဖုတ်ပါ။
၈။ အအေးခံရ်ျ ကြိုက်နှစ်သက်ရာအရွယ်လှီးပြီးသုံးဆောင်နိုင်ပါပြီ။

ချက်ပြုတ်ပြသူ - အိစံ

ကိုရီးယားငါးအူချောင်း

ပါဝင်ပစ္စည်းများ
ကိုရီးယား သခွားသီး               ၁လုံး
ရေညှိ                                ၅၀ ဂရမ်
ငါးအသားပြား                       ၆ ပြား
ကြက်သွန်နီဥကြီး                   ၁ လုံး
ရေ                                   ၁ လီတာ
ပဲငံပြာရည်                          ၂ ဇွန်း
ဆား                                 ၁ ဇွန်း
အချဉ်ပြုလုပ်ရန်
ငရုတ်သီး                            ၅ တောင့်
ကြက်သွန်ဖြူ                        ၁ လုံး
ကြက်သွန်နီ                         ၁ လုံး
ပဲငံပြာရည်                          ၁ ဇွန်း
သကြား                             ၁ လုံး
ငရုတ်ကောင်းမှုန့်                  ၁ ဇွန်း
နှမ်းဆီ                               ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
အဆင့်(၁)       ကိုရီးယား သခွားသီး၊ ကြက်သွန်နီဥကြီးတို့ကို လေးထောင့် အတုံးကြီးများတုံးပါ။ ငါးအူချောင်းကို တုတ်နှင့် ထိုးပြီး အသင့်ပြင်ထားပါ။
အဆင့်(၂)       ရေ နှင့် သခွားသီး၊ ကြက်သွန်ရေညှိတို့ကို ထည့်၍ ပွက်ပွက်ဆူအောင်ပြုတ်ပါ။
အဆင့်(၃)       ပွက်ပွက်ဆူလာလျှင် ငါးမှုန့်ထည့်မွှေပါ။ သခွားသီးမှ လွဲ၍ ကျန်သည့် အဖတ်များကို ဇကာ ဖြင့်စစ်ထုတ်ပြီး အရည်ပဲ အိုးထဲတွင် ချန်ထားပါ။
အဆင့်(၄)       အရည်ထဲသို့ ပဲငံပြရည် ဆားထည့်ပြီး ငါးအူချောင်းထည့်ပြုတ်ပါ။
အဆင့်(၅)       အချဉ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများကို အချိုးကျထည့်၍ ရောမွှေပါ။
ကိုရီးယားရောက်သွားသလို ခံစား စေရမဲ့ ငါးအူချောင်း လေးရပါပြီ…

No comments: