Thursday, December 2, 2010

ရွှေကျောင်းပြောင်၍ ၀မ်းပြည့်စေရန်

'ဟော....ကိုလင်းပါလား၊ထိုင်ဗျာ။ ပြီးခဲ့တဲ့သီတင်းပတ်က ခင်ဗျာ့အလုပ်ကို ကျွန်တော်ရောက်ခဲ့သေးတယ်။ ခရီးထွက်သွားတယ်ဆို'


'ဟုတ်တယ်ကိုဝင်းရေ မနေ့ညကမှပြန်ရောက်တယ်။ ဒီကနေ့ အားလပ်ရက်မို့တော်သေးတာပေါ့ဗျာ။ နားချိန်လေးရသွားတာပေါ့'

'ခရီးသွားခဲ့တဲ့လူဆိုတော့ တွေ့ကြုံခဲ့ရတဲ့ ဒေသန္တရဗဟုသုတလေးတွေ ဖောက်သည်ချစမ်းပါဦး'


'သိပ်ပြီး လေ့လာမှတ်သားချိန်မရခဲ့ပါဘူး ကိုဝင်းရာ၊ မြို့ခံမိတ်ဆွေတွေလိုက်ပို့လို့ ဘုရားတော့ဖူးခဲ့ရပါတယ်။ အင်း....ဘုရားဖူးဆိုလို့ သတိရတုန်းပြောရဦးမယ်'


'ဆိုစမ်းပါဦးဗျာ၊ ဘာတွေများ ထူးခြားချက်တွေ ကြုံတွေ့ခဲ့ရလို့တုံး'


'ဒီလိုဗျ၊ ကျွန်တော်တို့ရောက်ခဲ့တဲ့မြို့က အတော်လေးငယ်တော့ ဖူးမြော်စရာ စေတီသုံးလေးဆူလောက်သာရှိတဲ့အထဲ ရွှေသင်္ကန်း ကပ်နိုင်တာဆိုလို့ ချောင်ကျကျတစ်နေရာက စေတီငယ်တစ်ဆူပဲရှိတာ တွေ့ခဲ့ရတယ်'


'သမိုင်းဝင်စေတီတော်မို့ မြို့ခံလူထုက အလေးအမြတ်ထားကြတာထင်ပါရဲ့'


'မဟုတ်ဘူးဗျ၊ ဒီစေတီသက်တမ်းက ရှိလှအနှစ်လေးဆယ်ပေါ့၊ ဒါပေမယ့် သူ့မှာက တခြားစေတီတွေနဲ့မတူတဲ့ ထူးခြားချက်လေးတွေ ရှိသဗျ'


'တန်ခိုးပြတာတို့၊ ရောင်ခြည်တော်ကွန့်မြူးတာတို့ ရှိလို့လား၊ ဒါမှမဟုတ် ဆုတောင်းပြည့်တယ်လို့ ကျော်စောနေလို့လား'


'ခင်ဗျားပြောတာတွေ တစ်ခုမှမဟုတ်ဘူးဗျို့၊ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ ရင်ပြင်တော်ပေါ်မှာ လျှောက်လေ့လာကြည့်တာပေါ့၊ ဗုဒ္ဓမြတ်စွာရုပ်ပွားတော်တွေရှေ့က အလှူခံမှန်ပုံးထဲ ကြည့်လိုက်တော့လည်း တစ်ကျပ်တန်လေးတွေ လေး၊ငါးရွက်စီပဲတွေ့ရတယ်၊ အလှူငွေသိပ်ပြီး ရဟန်မတူပါဘူး'


'မြို့ကလည်းငယ်သကိုးဗျ'


'ဒါနဲ့ ကျွန်တော်လည်း ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း တစ်နေရာအရောက်မှာ ထူးခြားချက်ကြီးတစ်ခုကို တွေ့လိုက်ရတော့တာပါပဲဗျာ'


'ဘာများလဲဗျ'


'တခြားဟုတ်ရိုးလားဗျာ၊ ကျွန်တော်တို့မြို့ရန်ကုန်က စေတီတော်တစ်ဆူနဲ့အလားတူပေါ့၊ ရင်ပြင်ပေါ်မှာ သူတော်စင်များဗိမာန်ဆိုပြီး လုပ် ထားလိုက်တဲ့အဆောင်ကြီးဗျာ၊ စေတီငယ်ငယ်နဲ့တောင်မလိုက်ပါဘူး။ အထဲကရုပ်ထုတွေကလည်း စုံမှစုံပဲကိုဝင်းရေ၊ ရှင်အဇ္ဇဂေါဏ၊ ဘားမဲ့၊ ယက္ကန်းစင်တောင်၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စတဲ့ ၀ိဇ္ဇာဇော်ဂျီ တပဿီကြီးတွေရဲ့ လူတစ်ရပ်စာရုပ်ထုကြီးတွေ၊ သူရဿတီ၊ လက်ချမီး၊ ကာလီ၊မဏိမေခလာ၊မဟာပိန္နဲစတဲ့ ဟိန္ဒူဗြာဟ္မဏ နတ်သမီး နတ်သားပုံတွေ၊ ဘိုးတော် အန်းကုန်း၊ ကွမ်ယင်မယ်တော်စတဲ့ မဟာယာန တရုပ်ဗုဒ္ဓဘာသာဝင်တွေ အများဆုံးကိုးကွယ်လေ့ရှိတဲ့ ဗောဓိသတ္တဆင်းတုတော်တွေ အစုံအစုံပါပဲဗျာ။ ဘယ်ကနေဘယ်လို လာပြီး ဘာအယူရှိမှန်းမသိဘဲ မ စတယ်ဆိုတိုင်း ရမ်းသန်းကိုးကွယ်နေကြတဲ့ မဟိန္ဒရာ သူတောင်စင်ဆိုတဲ့ ဖကီးရုပ်ပုံကြီးတောင်ပါလိုက် သေးသဗျ'


'ဟား၊စိတ်ပျက်စရာပါလား ကိုလင်းရာ'


'အံမယ် စိတ်မပျက်နဲ့ကိုယ့်လူ၊ ဆက်နားထောင်ဦး၊ အဲဒီစေတီနားမှာ ဂေါပကလုပ်နေတဲ့မြို့ခံမိတ်ဆွေကို ကျွန်တော်က အခုလို ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ကိုးကွယ်ပူဇော်ပသမှုမျိုးတွေကို ဘာလို့လက်ခံထားရတာလဲလို့မေးကြည့်တော့ သူကပြုံးပြုံးကြီးလုပ်ပြီး အဲဒီရုပ်တုတွေရှေ့ကအလှူခံပုံးတွေကို လက်ညိုးထိုးပြသဗျ၊ ဒီတော့မှ ကျွန်တော်လည်း မျက်လုံးပြူးသွားတော့တာပဲဗျို့'


'ဘာတွေများ အံ့သြစရာတွေ့လိုက်ရလို့လဲဗျာ'


'တွေ့ပြီလား ကိုဝင်းရယ်၊ အခုနဗုဒ္ဓရုပ်ပွားတော်ရှေ့ အလှူခံမှန်ပုံးထဲကနဲ့ဘာဆိုင်လို့တုံး၊ အသေးဆုံးအရွက်က ဆယ့်ငါးကျပ်တန်ပဲ၊ နှစ်ရာတန်တွေဆိုမနည်းဘူး၊ ကျွန်တော်ကြက်သေသေ ဖြစ်နေတုန်း သူကဆက်ပြီး ဒီမြို့မှာဟောဒီစေတီငယ်လေးက တစ်မူထူးပြီး ရွှေရောင်တ၀င်းဝင်းနဲ့သပ္ပာယ်နေနိုင်တာဟာ သူတို့ကျေးဇူးပဲပေါ့တဲ့'


'အို့ဟိုး လက်စသတ်တော့ ထေရ၀ါဒသာသနာတော်နဲ့ မဆိုင်သူတွေအတွက် လှူဒါန်းငွေထဲက စိုက်ထုတ်ပြီး စေတီတော်ကို မွမ်းမံပြင် ဆင်ကြတာကိုး'


'ဒါပေါ့ဗျာ၊ တခြားစေတီလို ရိုးရိုးကြီးလုပ်နေလို့ကတော့ ဗုဒ္ဓရုပ်ပွားတော်ရှေ့ အလှူခံပုံးထဲက ကျပ်တန်လေးတွေနဲ့ ဘာသွား ၀ယ်လို့ရ မှာတုံး၊ ဒါကြောင့် ယုံကြည်သူတွေလည်း ကိုယ့်ယုံကြည်မှု အလျောက် လုပ်ချင်ရာလုပ်နိုင်ကြသလို၊ တစ်ဖက်က စေတီတော်သပ္ပာယ် ထည်ဝါဖို့ ရည်ရွယ်ပြီး အခုလိုပြုထားတာပဲတဲ့'


'ဒီတော့ ကိုလင်းက ဘယ်လိုပြန်ပြီးဆွေးနွေးခဲ့သတုံး'


'ကိစ္စပြတ်နေပြီပဲကိုဝင်းရာ သူတို့ကိုယ်တိုင်က မသင့်လျော်မှန်း သိပေမယ့် တစ်ဖက်က စေတီတော်အကျိုးအတွက် လုပ်တာဆိုတော့ ဘာမှပြန်မပြောသာတော့ဘူးလေ၊ သူတို့ကျွေးမွေးဧည့်ခံတာ စားသောက်ပြီး ပြန်လာခဲ့ရတော့တယ်'


'အင်း.....ခင်ဗျားကပါ ဒီလိုယုံကြည်ကိုးကွယ် ပူဇော်ပသမှုတွေကြောင့်တိုးပွားလာတဲ့ အလှူငွေတွေနဲ့ စေတီတော်အကျိုးအတွက် ထူးထူး ခြားခြား ဆောင်ရွက်နိုင်တာမို့ အကျိုးအမြတ်ရှိတယ်လို့ ယူဆလာခဲ့တယ်ဆိုပါတော့'


'ဟုတ်တယ်လေဗျာ၊ အဲဒီဘိုးမင်းခေါင်တို့၊ ကွမ်ယင်တို့ ဘာတို့ ညာတို့အတွက် အလှူငွေထဲက စိုက်ထုတ်ပြီးမွမ်းမံလို့သာ ဒီစေတီ ငယ်ဟာ အဲဒီမြို့မှာ အသပ္ပာယ်ဆုံး ဖြစ်နေတာပေါ့။ ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှန်ပုံးထဲက အလှူငွေနဲ့ဆို ဒါမျိုးအိပ်မက်တောင် မက်ဝံ့စရာ မရှိဘူးလေ၊ ဒါကြောင့် ဘာပဲပြောပြော ဗုဒ္ဓသာသနာအတွက် အမြတ်ထွက်တာပေါ့ဗျ'


'ခင်ဗျား အယူအဆတွေမှားနေပြီကိုလင်း၊ အဲဒါ ဗုဒ္ဓသာသနာအတွက် အကျိုးအမြတ်ထွက်တာမဟုတ်ဘူး။ ရှုံးတာမှ အရှုံးကြီးရှုံးတာ ခင်ဗျ'

'ဟာ၊ ရှုံးတယ်လို့ဆိုရအောင် စေတီအတွက်ဘာများထိခိုက်နစ်နာသွားလို့လဲ'


'ခင်ဗျားတို့က မြင်သာတဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို အပေါ်ယံရှပ်ကြည့်ပြီး မြတ်တယ်လို့ယူဆနေပေမယ့် အဲဒီပကာသနတွေအတွက် ဗုဒ္ဓသာသနာတော်ဘက်က ပေးဆပ်လိုက်ရတဲ့ မမြင်သာတဲ့တန်ဖိုးက အဆမတန် ကြီးမားလွန်းလို့ပဲဗျ'


'သူတို့အပြောအရဆိုရင် ဒါတွေလက်ခံလိုက်ပြီးမှ ဘုရားဖူး ပရိတ်သတ်တွေပိုစည်ကား များပြားလာပါသေးတယ်ဗျာ'


'သူတို့က အဲဒီစည်ကားလာတဲ့ ပရိတ်သတ်ဦးရေနဲ့ အလှူငွေကိုသာမြင်ပြီး အဲဒီပရိတ်သတ်ရဲ့ နှလုံးစိတ်ဝမ်းထဲက ခံယူချက်သဘော ထားကိုမှ မမြင်နိုင်ကြဘဲကိုး။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတဲ့ ပုံသဏ္ဌာန်တစ်ခုတည်းကိုကြည့်ပြီး အမြတ်ထွက်အကျိုးရှိတယ် လို့ ယူဆတာဟာ ဗုဒ္ဓ၀ါဒနဲ့ လုံးဝသွေဖည်တဲ့ ကိစ္စတစ်ခုဆိုတာလည်း သတိပြုကြဦးမှပေါ့'


'ကျွန်တော်ကတော့ ဘာအလုပ်ပဲဖြစ်ဖြစ် အမှန်အမှားကိုမြင်တွေ့ရတဲ့ အကျိုးရလဒ်နဲ့ပဲ ပိုင်းဖြတ်ချင်တယ်။ အခု အဲဒီစေတီငယ်မှာ ထေရ၀ါဒန ဗုဒ္ဓသာသနာနဲ့ မသက်ဆိုင်တာတွေ လက်ခံထားတာမှန်ပေမဲ့ အဲဒါတွေကပဲ ထေရ၀ါဒဗုဒ္ဓသာသနိက အဆောက်အအုံဖြစ်တဲ့ စေတီတော်ကြီး သပ္ပာယ်ကြည်ညိုဖွယ်ရာ ဖြစ်လာအောင် အထောက်အကူပြုနေတဲ့အတွက် ဒီလုပ်ရပ်ကို ပညာဥာဏ်နဲ့ပြည့်စုံသူတွေရဲ့ လုပ်ရပ်ဖြစ်ပေတယ်လို့ ချီးမွမ်းမှာပဲ'


'ရယ်စရာတော့ကောင်းနေပြီ ကိုလင်းရေ၊ ခင်ဗျားရဲ့ အယူအဆဟာ ဗုဒ္ဓ၀ါဒနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဆိုသလို ခြားနားလှပါတယ်။ တူ မယ့်တူ အနောက်တိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ပရက်ဂမာဝါဒ (Pragmatism) နဲ့သာတူပါလိမ့်မယ်'


'ဘာလဲဗျ၊ ပရက်ဂမာဝါဒဆိုတာ'


'အလွယ်ဆုံးအကျဉ်းဆုံးပြောရရင် ခင်ဗျားအခုနပြောသလို ဘာလုပ်ရပ်ပဲဖြစ်ဖြစ် မြင်သာတဲ့ရလဒ်ကိုသာကြည့်ပြီး အမှားအမှန်ဝေဖန် ဆုံးဖြတ်တဲ့ဝါဒမျိုးပေါ့ဗျာ။ ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ် ဆိုတာ ကိုယ့်အတွက်ရုပ်ဝတ္ထုပစ္စည်း အကျိုးအမြတ်ထွက်ခြင်း-မထွက်ခြင်းပေါ်သာ မူတည်တယ်လို့ ယူဆကြတယ်။ ဘာလုပ်လုပ် ထင်သာမြင်သာတဲ့ အကျိုးအမြတ်ရှိရင် အဲဒီအလုပ်ဟာမှန်တယ်ပေါ့။ အခုလည်း ဒီကယ်တင်ရှင်ယောင်ယောင် ဘာယောင်ယောင်တွေကို ပူဇော်ပသမှုပြုခြင်းအားဖြင့် လောလောလတ်လတ် ပူဇော်သူရဲ့စိတ် ထဲမှာ မစားရ၀ခမန်းမျှော်လင့်ချက်တွေဖြစ်လာပြီး တိုတောင်းထဲ့ကာလတစ်ခုအထိ ကျေနပ်နှစ်သိမ့်မှုကိုခံစားကြရတယ်။ တစ်ဖက်က ကြည့်ရင် သူတို့လှူတဲ့အလှူငွေတွေနဲ့ စေတီတော်ကို ပြုပြင်မွမ်းမံ၊ ရွှေသင်္ကန်းကပ်လှူနိုင်ကြတယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေဟာ မှန်တယ်လို့ ကောက်ချက်ချတာပဲမဟုတ်လား'


'အေးလေဗျာ၊ ဘယ်လိုပဲဆင်ခြင်တုံတရားနဲ့ချင့်ချိန်ပြီး မလုပ်သင့်ဘူး၊ မှားတယ်လို့ဆိုပေမယ့် လက်တွေ့မှာ အကျိုးအမြတ်တွေ့မြင် နေရမှဖြင့် မှန်တယ်လို့ ယူဆရတော့မှာပေါ့'


'ဒါက မျက်မွှေးတစ်ဆုံးကြည့်လို့ပါ ကိုလင်းရာ။ တကယ်တော့ ခင်ဗျားတို့တွေ့ခဲ့တဲ့စေတီကို ရွှေသင်္ကန်းတွေကပ်၊ အမျိုးမျိုးခမ်းနား ထည်ဝါအောင်လုပ်တာတွေအားလုံးဟာ ဗုဒ္ဓဘုရားရှင်ကို အာမိသပူဇာနဲ့ပူဇော်တဲ့အဆင့်ပဲရှိတယ်။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါကလည်း သူ့ကိုအမှန်တကယ် လေးစားကြည်ညိုပါတယ်ဆိုရင် ဓမ္မပူဇာနဲ့ပူဇော်ကြဖို့ကိုသာ အခွင့်သာတိုင်းဆုံးမခဲ့ပါတယ်'

'ဓမ္မပူဇာဆိုတာက ဘာလဲဗျ'


'ဓမ္မပူဇာဆိုတာ ဗုဒ္ဓညွှန်ပြခဲ့တဲ့ဓမ္မလမ်းစဉ်နှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ရဲ့ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသည်ထက်ပြည့်စုံ အောင် ကြိုးပမ်းအားထုတ်ခြင်းကို ဆိုလိုတာပဲဗျ။ သူတစ်ပါးက လာဖြည့်ဆည်းပေးလို့မရဘဲ ကိုယ်တိုင်အားထုတ်မှသာရနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာစွမ်းပကားပြည့်ဝမှုကိုသာ ယုံကြည်အားထားပြီး ကိုယ့်ဘ၀ကြီးပွားတိုးတက်ရေးလမ်းကို တစ်လှမ်းခြင်းတက်လှမ်းကြဖို့ပဲ၊ ဒီလိုတက်လှမ်းကြသူတွေကို ဟန့်တားဖျက်ဆီးနေကြတဲ့ အကြီးမားဆုံး အန္တရာယ်ကတော့ မိမိရဲ့ကိုယ်ပိုင် သီလ၊သမာဓိ၊ပညာ စွမ်းပကားမှတစ်ပါး အခြားမှာ အားထားရာရှာခြင်းပဲဗျ'


'ကိုဝင်းက အခုစေတီပေါ်က သူတော်စင်များဗိမာန်လို့ အမည်ခံထားတဲ့အဆောင်ကြီးထဲက ဖန်ဆင်းရှင်ယောင်ယောင်၊ ကယ်တင်ရှင် ယောင်ယောင်တွေကိုသာ မိမိဘ၀တက်လမ်းအတွက် အားထားရာအဖြစ် ယုံကြည်ကိုးစားပြီး ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာကို အား မထားကြတာဟာ ဗုဒ္ဓလိုလားတော်မူတဲ့ ဓမ္မပူဇာနဲ့ပူဇော်မှုကို ကျောခိုင်းဆန့်ကျင်လိုက်တာလို့ ဆိုလိုချင်တာလား'


'သိပ်ဟုတ်တာပေါ့၊ ကိုယ့်ရဲ့သီလ၊သမာဓိ၊ပညာ စွမ်းပကားကို အားမကိုး အလေးဂရုမပြုတဲ့လူတွေနဲ့ စုစည်းထားတဲ့ လူ့အဖွဲအစည်းမျိုး လောက် အန္တရာယ်ကြီးမားတာ လောကမှာမရှိတော့ဘူးဗျ။ ကယ်တင်ရှင်တွေရဲ့စောင်မကြည့်ရှုမှုကိုသာ မျှော်ကိုးပူဇော်ပသနေကြပြီး ကိုယ်ကျင့်သီလ မစောင့်ထိန်း၊ တည်ကြည်တဲ့ သမာဓိကမရှိ၊ ပညာလည်းကင်းမဲ့ နေမှတော့ ဒီလူတွေဟာ ဘယ်မှာလာ ကြီးပွားတိုးတက် ဖို့လမ်း ရှိပါဦးတော့မှာလဲ'


'ဒါဖြင့် ခင်ဗျားတို့ကျွန်တော်တို့ ရွတ်ဆိုနေတဲ့ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ စသည်ဖြင့် ရတနာသုံးပါးကို ကိုးကွယ်အားထားပါကြောင်း ၀န်ခံပြောဆိုနေကြတာကရောဗျာ၊ မိမိကိုယ်ကိုမှတစ်ပါး အားထားရာရှာတာပဲမဟုတ်လား'

'မဟုတ်ဘူးဗျ၊ ရတနာမြတ်သုံးပါးကို ကိုးကွယ်တယ်ဆိုတာက ဘုရား၊တရား၊သံဃာကို ဖန်ဆင်းရှင်၊ ကယ်တင်ရှင် တန်ခိုးဣဒ္ဓိပါဒ်ရှင်ကြီး တွေအဖြစ်နဲ့ သူတို့ဆီကကျရောက်လာမယ့် ကောင်းချီးမင်္ဂလာကိုမျှော်ကိုးပြီး ပူဇော်ပသဆုတောင်း ဆုယူပြုနေကြတာမှမဟုတ်ဘဲ။ ဗုဒ္ဓ မြတ်စွာကို မိမိဘ၀ရဲ့လမ်းညွှန်ပုဂ္ဂိုလ် ဆရာသခင်အဖြစ်နဲ့အလေးဂရုပြုကြတာ။ သူ့ရဲ့ဓမ္မလမ်းစဉ်တွေကို တစ်သဝေမတိမ်း ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ရဟန်းသံဃာတော်များရဲ့ လမ်းညွှန်မှုကိုနာခံခဲ့ကြပြီး သီလ၊သမာဓိ၊ပညာနဲ့ ပြည့်စုံအောင်ကြိုးပမ်းခြင်းကို ဆိုလိုတာ ပဲဗျ၊ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်အခါက သူကိုယ်သူဖန်ဆင်းရှင်၊ တန်ခိုးရှင်အဖြစ် ဘယ်တုန်းကမှ ၀န်မခံခဲ့ဘူး၊ အခုသူ့ရဲ့ နောက်လိုက် သံဃာအစစ်အမှန်တွေကလည်း သူတို့ကိုယ်ကို တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေလို့ ထင်ယောင်လာအောင်လုပ်ပြီး လူထုရဲ့ ပူဇော်သက္ကာရကိုခံယူမှု မပြုကြပါဘူး'


'အင်း....ဒီအတိုင်းဆို အဲဒီစေတီငယ်လေးရဲ့ တိုးတက်ပုံက ဗုဒ္ဓအလိုကျလို့ ပြောလို့ဘယ်ဖြစ်ပါတော့မလဲနော်'


'ဒါပေါ့ကိုလင်းရာ၊ လူတွေအမြင်မှာ ထုံးသင်္ကန်းကနေ ရွှေသင်္ကန်းဖြစ်သွားတာကြည့်ပြီး အကျိုးအမြတ်ထွက်တယ်လို့ ထင်စရာပါပဲ၊ ဒါပေမယ့် ဗုဒ္ဓအလိုတော်နဲ့အညီ ဆန်းစစ်ကြည့်ရင် ဗုဒ္ဓသာသနာအတွက် ကြီးကျယ်တဲ့ အရှုံးကြီးပဲ။ ဒီလိုထေရ၀ါဒနဲ့ မသက်ဆိုင်တာ တွေကို ကိုးကွယ်ခွင့်ပေးလိုက်လို့ များပြားလာတဲ့ ဘုရားဖူးပရိတ်သတ်ကိုသာမြင်ပြီး သူတို့ရဲ့နှလုံးစိတ်ဝမ်းထဲမှာ တည်ရှိပြည့်ဝနေရမယ့် သီလ၊သမာဓိ၊ပညာအရည်အသွေးတွေကျဆင်းနေတာကို မမြင်ကြဘူးမဟုတ်လား၊ တစ်နည်းပြောရရင် ဗုဒ္ဓမြတ်စွာကို ဓမ္မပူဇာနဲ့ပူဇော်လို တဲ့ ပဒုမ္မာကြာနဲ့တူသူ အထက်တန်းစား ဥပါသကာ ဗုဒ္ဓဘာသာဝင်တွေလျော့ပါးပြီး အာမိသပူဇာကိုသာ အလေးထားတဲ့ ဒွန်းစဏ္ဍားနဲ့တူ သူ အညံ့စားဥပါသကာ ဗုဒ္ဓဘာသာဝင်တွေ တိုးပွားလာအောင် လုပ်ပေးနေတာနဲ့ အတူတူပဲဗျ'


'အေးဗျာ-တန်ဖိုးကြီးမားလှတဲ့ စိတ်ပိုင်းဆိုင်ရာတွေးခေါ်မြော်မြင်မှု အရည်အသွေးနဲ့နှိုင်းစာရင် ဘာမှမဖြစ်လောက်တဲ့ ပကာသနတွေ ကိုကြည့်ပြီး အမြတ်ထွက်တယ်၊ အကျိုးရှိတယ်လို့ ယူဆမိကြတာဟာ မဟာအမှားကြီးပဲဗျ'


'ဒါကြောင့် ဘာပဲလုပ်လုပ် မြင်သာတဲ့ ရုပ်ဝတ္ထုအကျိုးအမြတ်လောက်ကိုကြည့်ပြီး အမှန်အမှား မဆုံးဖြတ်မိကြဖို့ အရေးကြီးတယ်ဗျ၊ တကယ်တော့လည်း ဘာလုပ်လုပ် အစကတည်းက စင်ကြယ်အောင်လုပ်ပါလို့ ဗုဒ္ဓမြတ်စွာက လမ်းညွှန်ခဲ့ပြီးသားပါ။ အစကတည်းက မစင်ကြယ်ခဲ့ရင် ထွက်ပေါ်လာတဲ့ရလဒ်ဟာ အမြင်အားဖြင့် ဘယ်လောက်ပင် ခမ်းနားထည်ဝါနေပါစေ၊ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင် ခေါင်ဆိုသလို ဖြစ်နေတော့မှာပဲ။ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့အနေနဲ့ ရွှေကျောင်းကြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာအောင် လုပ်ကိုင်ကြရမှာ ဖြစ်သလို တစ်ဖက်ကလည်း သီလ၊ သမာဓိ၊ပညာဆိုတဲ့ ၀မ်းစာတရားတွေပြည့်စုံအောင် ကြိုးပမ်းအားထုတ်ဖို့ သန္နိဌာန် ပြုရင်း ဒီကနေ့စကားဝိုင်းလေး နားကြဦးစို့ ကိုလင်းရေ'


ဝင်းသိန်းဦး

(၁၉-၅-၉၃)

ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ သြဂုတ်လ။

No comments: