Wednesday, August 31, 2011

ဝက်နံရိုးကြံမဆိုင်ဟင်း၊ ပဲပုပ်သုပ်၊ ငရုတ်သီးထောင်း၊ ခရမ်းကြွပ်သီး တို့စရာ

ပဉ္စမနေ့

ဝက်နံရိုးကြံမဆိုင်ဟင်း၊ ပဲပုပ်သုပ်၊ ငရုတ်သီးထောင်း၊ ခရမ်းကြွပ်သီး တို့စရာ

ဝက်နံရိုးကြံမဆိုင်ဟင်း (ပါဝင်ပစ္စည်းများ)
ဝက်နံရိုး - ၅၀ကျပ်သား (နှစ်လက်မအရွယ် အတုံး တုံး၍ရေဆေးပြီး ဆား၊သကြား၊နနွင်း နယ်ပါ)
ကြက်သွန်နီ - ၄ ဥ(ရေဆေးပြီး အကွင်းလိုက် မထူမပါး လှီးထားပါ)
ကြက်သွန်ဖြူ - ၁၅မြွှာ (မညက်တညက် ထောင်းထားပါ)
ဆား၊သကြား၊နနွင်း - အနည်းငယ်
ချင်း (ဂျင်း) - လက်တစ်ဆစ် (မညက်တညက် ထောင်းပါ)
ကြံမဆိုင် - နှစ်ဆယ်သား (တစ်လက်မအရွယ် ပိုင်းဖြတ်ထားရန်)
ဆီ - ၅ကျပ်သား

ချက်ပြုတ်ပုံ
ဟင်းစချက်မယ်ဆိုရင် ဆီပူအိုးထဲတွင် နနွင်းမှုန့်နဲ့ ထောင်းထားတဲ့ ကြက်သွန်များ၊ ဂျင်းများ ထည့်ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင် သန်းလာရင် ၀က်နံရိုးနှင့် အချို၊ အငန်များထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးလျှင် ရေကို သင့်တင့်ရုံထည့်ပြီး အဖုံးအုပ်တည်ပါ။ ၀က်နံရိုး များ နူးတဲ့အထိ တည်ပေးရပါမယ်။ ၀က်နံရိုးနူးပြီဆိုမှ ကြံမဆိုင်အဖတ်နှင့် ရေအနည်းငယ် ထပ်ထည့်ပြီး ဟင်းရည်ဆူလာတဲ့အထိ ချက်ပါ။ ဟင်းရည်လည်းဆူလာပြီး ကြံမဆိုင်အဖတ်လည်းနူးသွားရင် အရသာမြည်းကြည့်ကာ မီးဖိုပေါ်မှချလို့ရပါပြီ။ ၀က်နံရိုး ကြံမဆိုင်ဟင်းကို နနွင်းဖြင့် အ၀ါချက်ပဲ ချက်စားကြပါတယ်။ ဒါကြောင့် ငရုတ်သီးအစိမ်းမှုန့်ထည့်မထားတာပါ။

ဝက်နံရိုး ကြံမဆိုင်ဟင်းနဲ့ လိုက်ဖက်မယ့် ပဲပုပ်သုပ်နဲ့ ငရုပ်သီးထောင်းကိုလည်း ပြင်ဆင်ထားပါတယ်။

ပဲပုပ်သုပ်

ရှမ်းပဲပုပ် - ၁၀ချပ် (မီးဖုတ်ပြီး အရွယ်တော်ချေထားရန်)
ကြက်သွန်နီ - ၂ ဥ (ရေဆေးပြီး ပါးပါးလှီးထားပါ)
ဆား၊သကြား - အနည်းငယ်
ပဲဆီမွှေး - ၅ကျပ်သား

ပန်းကန်တစ်ချပ်ထဲတွင် ခြွေထားတဲ့ ပဲပုပ်များ၊ ကြက်သွန်နီ၊ အချို၊ အငန်နှင့် ပဲဆီများ အားလုံးထည့်ပြီး သမအောင်နယ်ပြီးရင် စားသုံး လို့ရပါပြီ။

ငရုတ်သီးထောင်း
ငရုတ်သီးစိမ်း - ၅ကျပ်သား (အညှာခြွေ ရေဆေး၍ ကျက်အောင် ပြုတ်ထားပါ)
ပုစွန်ခြောက်မှုန့် - နှစ်ကျပ်ခွဲသား
ကြက်သွန်ဖြူ - ၁၀မြွှာ (ညက်အောင် ထောင်းထားပါ)
ဆား၊သကြား - အနည်းငယ်

ငရုတ်ဆုံထဲတွင် ကျက်ပြီးသား ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။ ပြီးရင် ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား များကိုထည့်ပြီး သမအောင် ဆက်ထောင်းထားပါ။ သမသွားပြီးရင် ပန်းကန်ထဲ ဆယ်ထည့်ပါ။

ငရုတ်သီးထောင်းနဲ့ တွဲဖက်ပြီး ခရမ်းကြွပ်သီး လေးစိတ်ခွဲ၊ ကန်စွန်းရွက်ပြုတ်တို့နှင့်လည်း တို့စားလို့ရပါတယ်။

No comments: