Thursday, August 11, 2011

Secrets of Luck

ကံကောင်းခြင်းရဲ့ လျှို့ဝှက်ချက်များ

ခုတလော ကံမကောင်းဘူးလို့ စိတ်ထဲထင်နေသလား၊ သူများတွေကျတော့ ကံကောင်းလိုက်တာ ကိုယ်ကျတော့ 'ဒီနေ့ကံမကောင်းပါ လား' လို့ အားကျနေပါသလား။ ကံကောင်းရခြင်းရဲ့လျှို့ဝှက်ချက်ကို သိလိုပါသလား။ အဲဒီလျှို့ဝှက်ချက် သင့်မှာရှိပြီးသားပါ။ သင်သတိ မထားမိသေးလို့ပါ။ အဲဒါကတော့ သင်ကိုယ်တိုင်ပါပဲ။ သင့်ကို ကံကောင်းစေမယ့် လျှို့ဝှက်ချက်ဟာ သင့်ရဲ့တွေးပုံခေါ်ပုံ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်ချက်ရှိမှု၊ အကောင်းမြင်စိတ်ရှိမှု၊ ပေါင်းသင်းဆက်ဆံရေး စတဲ့အချက်တွေပေါ် အများကြီးမူတည်နေပါတယ်။ သင် ကံ ကောင်းချင်ရင် သင့်ကိုယ်သင် ကောင်းအောင် အရင်ဆုံးလုပ်ရမှာပါ။ အောက်ပါတို့ကတော့ သင့်ကံကိုမြင့်စေနိုင်မယ့် အခွင့်အလမ်း ကောင်းတွေ ကြုံတွေ့စေနိုင်မယ့် နည်းလမ်းကောင်းတချို့ပါပဲ။


အလုပ်လုပ်ပါ

ကြားဖူးကြမှာပါ 'ကံဆိုတာအလုပ်၊ အလုပ်ကောင်းမှကံကောင်းမည်' ဆိုတာကိုပေါ့။ ဘာမှမလုပ်ဘဲ ကံများကောင်းမလားဆိုပြီး ဒီအတိုင်း ထိုင်စောင့်နေပါက သေချာပါတယ် ဘာမှကိုဖြစ်လာမှာမဟုတ်ပါဘူး။ ထီပေါက်ချင်ရင်တောင် ထီတော့ထိုးရတာပဲ မဟုတ်လား။ အတိတ် ကံကောင်းလွန်းပြီး ထီလက်မှတ်ကောက်ရတာမျိုးဆိုတာ အင်မတန့်အင်မတန်ကို ရှားပါးလှတဲ့ဖြစ်ရပ်ပါ။ ကံကောင်းချင်ရင်တော့ အလုပ် ကိုကြိုးစားလုပ်ကိုင်ဖို့ အများကြီးလိုအပ်လှပါတယ်။


ပြင်ဆင်ထားပါ

'ကံဆိုတာ ပြင်ဆင်ထားမှုဟာ အခွင့်အလမ်းနဲ့ ကြုံတွေ့တဲ့အခါ ဖြစ်ပေါ်လာမှု' လို့တောင်ပြောနိုင်ပါတယ်။ သင့်မှာ အစစအရာရာ ပြင် ဆင်ထားပါက အခွင့်အလမ်းကောင်းနဲ့ တွေ့တဲ့အခါ အသင့်ဖြစ်နေမှာပါ။ အခွင့်အလမ်းကောင်းတွေကိုလည်း အချိန်မရွေး လက်မလွတ စတမ်း ဆုပ်ကိုင်နိုင်မှာပါ။


အပေါင်းအသင်းနယ်ပယ်ချဲ့ထွင်ပါ

ကံကောင်းတဲ့လူတွေမှာ အသိအကျွမ်း မိတ်ဆွေပေါများပါတယ်။ အသိုင်းအ၀ိုင်းနယ်ပယ်ကျယ်ဝန်းကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေဟာ ကံကောင်းတတ်ကြပါတယ်။ ဒါကြောင့် လူစိမ်းတွေနဲ့ စကားစတင်ပြောဆိုဖို့ ၀န်မလေးပါနဲ့။ ကိုယ်နဲ့မရင်းနှီးသူ တွေနဲ့ သက်သောင့်သက်သာစကားပြောတတ်အောင်ကျင့်ပါ။ စကားဝိုင်းဖွဲ့ပြောဆိုရာမှာလည်း တက်ကြွစွာဆွေးနွေးပါ။ သူများပြော တာကိုလည်း ဂရုစိုက်နားထောင်ပါ။ စကားများများပြောပါက ခင်မင်ရင်းနှီးမှုပိုလာသလို စကားထဲကလည်း ကိုယ့်အတွက် အကျိုးရှိ စေမယ့် အကြောင်းအရာတွေ တွေ့ရှိလာနိုင်ပါတယ်။ ဒါဟာ အခွင့်အလမ်းကောင်းတွေ့ကြုံနိုင်တဲ့ အဓိကအချက်ပါပဲ။ လူတွေနဲ့များ များစကားပြောလေ လူတွေအပေါ် စိတ်ဝင်စားမှုများပြားလေ၊လူတွေနဲ့များများ ရင်းနှီးလာလေဖြစ်သလိုသင်လိုချင်တဲ့ အခွင့်အလမ်း မျိုးလမ်းညွှန်ပေးနိုင်သူတွေနဲ့ တွေ့နိုင်ခြေပိုပြီးများလေလေပါပဲ။


သင့်ရဲ့စိတ်အာရုံကို ယုံကြည်လိုက်ပါ

များသောအားဖြင့် စိတ်အာရုံမှာပေါ်လာတာကမှန်နေတတ်ပြီး ဒါကို ကံကောင်းသူတွေကသိကာအသုံးချတတ်ကြပါတယ်။ ကြုံဖူးကြမှာပါ။ တစ်ခုခုပေါ်အာရုံကျမိသွားတာမျိုးပေါ့။အဲဒီလိုအချိန်မျိုးမှာ ဆင်ခြင်ဥာဏ်တွေ၊ယုတ္တိတန်မတန်အတွေးတွေပေါ်လာပြီးတွေဝေနေတာ ကြောင့် အခွင့်အရေးလက်လွှတ်ဆုံးရှုံးရတာမျိုးလည်း ကြုံတွေ့ဖူးကြမှာပါ။ အဲဒီလိုတစ်ခုခုလုပ်ဖို့ အာရုံကျနေတုန်းတွေဝေမိနေပါက အချိန်ခဏလေးပေးကာ ရှုင်းရှင်းလင်းလင်းသိရအောင်တွေးခေါ်ကြည့်ပါ။ အာရုံကျရခြင်းအကြောင်းရင်းကိုတွေးကြည့်ပါ။ သူ့ဟာသူအ လိုလိုသင့်ရဲ့အတွင်းစိတ်အာရုံကျရခြင်းမျိုးလား၊ သင့်ရဲ့အိမ်ထောင်ဖက်၊ မိဘ၊ဆရာ၊အလုပ်ရှင်၊မိတ်ဆွေစတဲ့ တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်လားဆိုတာ သုံးသပ်ပြီးမှသာ ဆုံးဖြတ်လိုက်ပါ။


လမ်းသစ်ဖောက်ပါ

အတွေးအခေါ်သစ်၊ အယူအဆသစ်တွေကို ကြိုဆိုလေလေ၊ သင်ကံကောင်းဖို့အခွင့်အရေးများလေလေပါပဲ။ ကံကောင်းသူတွေဟာ စိတ်ချယုံကြည်ရတဲ့လမ်းဟောင်းအတိုင်းမလျှောက်ဘဲ လူသိနည်းတဲ့လမ်းသစ်ကိုဖောက်ကာ လမ်းတစ်လျှောက်ရှိ အခွင့်အလမ်းတွေကို ယူတတ်ကြပါတယ်။ အဲဒီလမ်းသစ်ပေါ်ခြေချလိုက်ပါ။ သင်ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတာတွေ စမ်းလုပ်ကြည့်ပါ။ သင်မနှစ်သက်လောက် ဘူးထင်တဲ့ ကိစ္စတွေတောင်စမ်းကြည့်ပါ။ တစ်ယောက်ယောက်က ညွှန်းထားတဲ့အရာကိုလည်း စမ်းကြည့်ပါ။ ရဲရင့်ပါ။


စိတ်အေးအေးထားပါ

စိုးရိမ်ပူပန်စိတ်နဲ့ သောကတွေဟာ ကံကောင်းခြင်းရဲ့ ရန်သူတွေပါ။ သူတို့က သင့်ကိုပူလောင်မှုနဲ့ သံသယတွေပဲ ပေးစွမ်းနိုင်ပါတယ်။ ပူလောင်သူတစ်ယောက်ဟာ ကံကောင်းဖို့ အခွင့်အလမ်းကြုံလာရင်တောင်မှ ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတာကြောင့် ကံကိုတောင်သတိ မထားမိဘဲဖြစ်နေတတ်ပါတယ်။ အခွင့်အလမ်းတွေကြုံလာတဲ့အခါ သတိပြုမိပြီး ဆုပ်ကိုင်လိုက်နိုင်ဖို့ အရေးကြီးပါတယ်။ ကံကောင်းတဲ့ သူဟာ ယခုလက်ရှိအချိန်ဟာ မနက်ဖြန်လိုပဲ အရေးကြီးနေသလို မနေ့ကထက်အများကြီး ပိုအရေးကြီးမှန်း ယုံကြည်ထားပါတယ်။ အတိတ်ကို ပြန်တွေးကာ ဆွေးမနေပါနဲ့တော့။ အတွေ့အကြုံတွေကနေ သင်ယူလိုက်ပါ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မနက်ဖြန်ဆိုတာ အမြဲရှိ နေတာကြောင့် နောက်ကြောင်းပြန်မတွေးဘဲ ဒီနေ့မှာ အကောင်းဆုံး နေထိုင်လိုက်ပါ။ ဒါမှ မနက်ဖြန်အတွက် အားပြည့်နေမှာပါ။


အကောင်းမြင်စိတ်ရှိပါ

အကောင်းဆုံးကို မျှော်လင့်ပါ။ သူများတွေတောင် လုပ်နိုင်သေးတာပဲ။ ကိုယ့်ကျဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ထားပါ။ အရာရာ ကို အကောင်းဘက်ကတွေးမြင်ကာ သင်အလိုချင်ဆုံး ရလဒ်တွေထွက်အောင် ဖန်တီးပါ။ ကံကောင်းသူတွေဟာ အကောင်းမြင်စိတ်ရှိကာ သူတို့အတွက် ကောင်းတဲ့အရာတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လေ့ရှိပါတယ်။ ကောင်းတဲ့အနာဂတ်ကို မျှော်တွေးကာ လုပ်ဆောင်နေ တာကြောင့် တော်ရုံတန်ရုံ အခက်အခဲတွေ့တာနဲ့ စိတ်ဓာတ်မကျဘဲ စိတ်ခွန်အားအပြည့်နဲ့ ဆက်လျှောက် နေနိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အများစုဟာ 'ငါ့ကျမှ ဘာလို့ဒီလောက်ကံဆိုးနေရတာလဲ' ဆိုပြီး တွေးကာ ကိုယ့်ကိုယ်ကို သနားတတ်ကြပါတယ်။ အဲဒီလို တွေးခြင်းမျိုးကို ရပ်တန်းကရပ်ကာ အကောင်းဆုံးကိုမျှော်လင့်လိုက်ပါတော့။


အခက်အခဲများမှ သင်ခန်းစာယူပါ

နို့တွေချဉ်သွားလို့ စိတ်ညစ်နေသလား။ ကိစ္စမရှိပါဘူး။ ဒိန်ချဉ်လုပ်မလား၊ ဒိန်ခဲလုပ်မလား။ ပျက်သွားတဲ့နို့အတွက် လုပ်စရာတွေ အများ ကြီးပါ။ ကိုယ်မျှော်မှန်းသလိုဖြစ်မလာတဲ့ ချွတ်ချော်မှားယွင်းမှုတွေရှိခဲ့ရင် အဲဒါတွေကို စိတ်ပျက်အားငယ်စွာ ထိုင်ငိုနေမယ့်အစား အဲဒီအ တွေ့အကြုံကနေ ဘ၀သင်ခန်းစာတွေ ယူလိုက်ကာ အတွေ့အကြုံဆိုးကနေ ထွက်ရှိလာတဲ့ ဖြေရှင်းနည်းအသစ်တွေကို ရှာကြည့်လိုက် ပါ။ သင့်ဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အခြေအနေကို ဖက်တွယ်ကာ ၀မ်းနည်းလို့မဆုံးနိုင်ဖြစ်နေပါက အဲဒီကနေ ရုန်းမထွက်နိုင်တော့ ကာ သင့်ရဲ့တိုးတက်မှုနဲ့ ကံကြမ္မာကို ရပ်တန့်ထားသလို ဖြစ်နေတော့မှာပါ။ နောက်ပြီး ၀မ်းနည်းပူဆွေးမှုမျက်မှန်ကြီးတပ်ပြီး ကမ္ဘာကြီး ကိုကြည့်နေရင်လည်း ကံကောင်းဖို့အခွင့်အလမ်းတွေနဲ့ကြုံခဲ့ရင်တောင် ပူဆွေးမှုအလွှာကြောင့် သဲသဲကွဲကွဲမမြင်ရဘဲ ကျော်သွားတတ် ကြပါတယ်။ ဒါကြောင့် အဲလိုစိတ်ပျက်စရာကောင်းတဲ့ အခြေအနေကနေ ရုန်းထွက်ကာ ကိုယ်သွားရမယ့်လမ်းကြောင်းကို ဆက်ဖောက် ကာ ဆက်လျှောက်လိုက်ပါ။

ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင် စိတ်ဓာတ်ကျ ၀မ်းနည်းနေရတဲ့အချိန်မျိုးတွေ ဘ၀မှာတစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံတွေ့ရ မှာပါ။ ဥပမာအားဖြင့် ကိုယ်ချစ်ခင်နှစ်သက်သူကို ဆုံးရှုံးသွားရတာမျိုးလိုပေါ့။ အဲလိုအခြေအနေမျိုးမှာ အဲဒီလိုဆုံးရှုံးမှုကြောင့် မစားနိုင် မသောက်နိုင်ဖြစ်ကာ ရာသက်ပန်လွမ်းဆွေးငိုကြွေးနေမယ့်အစား သူ့ကိုသတိရစိတ်နဲ့ သူ့အတွက်ရည်စူးပြီး အလုပ်ကိုကြိုးစားလုပ်တာ က ပိုကောင်းပါတယ်။ ၀မ်းနည်းမှုနဲ့ အခက်အခဲတွေကြောင့် ဘ၀ကိုရေစုန်မမျှောမိဖို့နဲ့ အဲဒီအတွေ့အကြုံတွေကနေပြီး သင်ခန်းစာယူ တတ်ဖို့၊ အားမွေးတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။


ကိုယ့်ဘ၀ကို ကိုယ်ပုံသွင်းပါ

သင့်ကိုယ်သင် ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာကြီးအလိုကျ ကြိုးဆွဲရာ လိုက်ကနေရသူလို့များ ထင်နေပါသလား။ ဒါဆိုရင်တော့ ပုံသွင်းဖို့ အချိန်ကျပါပြီ။ သင်သာလျှင် သင့်ကံကြမ္မာကို ပုံသွင်းနိုင်သူပါ။ သင်သာလျှင် သင့်ကံကြမ္မာရဲ့ ဇာတ်ဆရာပါ။ သင်ဟာ ကံကောင်းသူ တစ်ယောက်ပါ။ အသက်ရှင်ခွင့်ရတာကိုက ကံကောင်းနေတာပါ။ အသက်ရှင်ခြင်းဆိုတာ ကျွန်တော်တို့ လူသားအားလုံးရရှိထားတဲ့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။ ဒီကံကောင်းမှုကို တန်ဖိုးထားကာ ဘ၀ကိုအပြည့်ဝဆုံးဖြစ်အောင်နေသွားရမှာပါ။

နောက်ပြီး ကိုယ့်ကိုယ်ကို ကံဆိုးလှချည်ရဲ့လို့ စိတ်ပျက်ကာ ကံကောင်းမယ့်နေ့ကို ထိုင်စောင့်မနေပါနဲ့။ မိမိကိုယ်သာ မိမိကိုးကွယ်ရာပါ။ ကိုယ့်ကံကောင်းဖို့ ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာပါ။


သင်ကြားမှုဘယ်တော့မှမရပ်ပါနဲ့

ဒီဟာက အခွင့်အလမ်းသစ်တွေကို တံခါးဖွင့်ကြိုဆိုခိုင်းတဲ့အချက်နဲ့ ဆက်စပ်နေပါတယ်။ ကံမကောင်းသူတွေဟာ ကျောင်းပြီးတာနဲ့၊ ဘွဲ့ ရပြီးတာနဲ့ သူတို့ရဲ့လေ့လာသင်ကြားမှုကို ရပ်ပစ်လိုက်တတ်ကြပါတယ်။ ကံကောင်းသူတွေကတော့ ဒါဟာဘ၀ရဲ့အစပဲဖြစ်ကြောင်းသိ သလို ဘ၀ကို တက္ကသိုလ်ကျောင်းကြီးတစ်ခုကဲ့သို့ သတ်မှတ်ပြီး ဘ၀ထဲက သင်ခန်းစာတွေကို လေ့လာတတ်ကြပါတယ်။ဘ၀တက္ကသိုလ် ကျောင်းကြီးမှာ သူတို့အတွက် လေ့လာစရာတွေကလည်း မကုန်ဆုံးနိုင်တော့ပါဘူး။ ခက်ခဲတဲ့၊ ပျင်းဖို့ကောင်းတဲ့အရာတွေကိုတောင် လို အပ်ရင်လိုအပ်သလို လေ့လာကြတာကြောင့် ကံကောင်းသူတွေက အရာရာမှာ နှံ့စပ်ကြပါတယ်။ ဗဟုသုတကြွယ်ဝပြီး အမြင်ကျယ်ကြ ပါတယ်။ ဒါကြောင့်လည်း ကံကောင်းနိုင်မယ့် အခွင့်အလမ်းတွေကို သူများတွေထက်အရင်တွေ့ရှိကာ အောင်မြင်ကြတာပဲဖြစ်ပါတယ်။


လူတွေအပေါ် လေးစားသမှုရှိပါ

လူတွေအပေါ် လေးစားသမှုရှိဖို့ဆိုရင် သူတို့ရဲ့အမြင်တွေကိုလည်း သိဖို့လိုပါတယ်။ ခုနကပြောသလို ဗဟုသုတကြွယ်ဝနှံ့စပ်ပါက အတွေးအမြင်တွေကောင်းလာကာ အများတကာရဲ့ ရှုထောင့်ကနေတွေးခေါ်နိုင်ပါတယ်။ တခြားသူတွေရဲ့ သဘောထားကို လေးစားမှု ရှိခြင်းဖြင့် သင့်သဘောထားနဲ့ ကိုက်ညီအောင်အတင်းငြင်းခုံလုပ်ဆောင် နေမှာမဟုတ်တာကြောင့် သင်ဟာအလိုလို ကံကောင်းနေပါ လိမ့်မယ်။ သင့်ရဲ့အတွေးအခေါ် သင်လုပ်ပုံကိုင်ပုံကသာ မှန်တယ်ဆိုပြီး ငါတကော ကောကာမနေဘဲ အများအမြင်ကိုပါထည့်သွင်း စဉ်းစားတာကြောင့် အမှားအမှန်ခွဲခြားသိလွယ်တယ်။ သူတစ်ပါးအပေါ် လေးစားမှုရှိတာကြောင့် မိတ်ဆွေပေါမယ်။ တခြားသူတွေရဲ့ ရှုထောင့်ကနေ ကြည့်မြင်တတ်တာကြောင့် အောင်မြင်မှုလမ်းစပေါ် ရောက်စေမယ့် အခွင့်အလမ်းကောင်းတွေနဲ့ တွေ့နိုင်ပါလိမ့်မယ်။


ကိုယ့်ကိုယ်ကိုလည်း လေးစားပါ

ကိုယ့်ကိုယ်ကို မလေးစားမှတော့ ဘယ်သူမှလည်း ကိုယ့်ကိုလာပြီး လေးစားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို လေးစားမှုလျော့စေ မယ့်အပြုအမူတွေ၊ ကိုယ့်စိတ်ကိုယ် မလုံစေမယ့်အပြုအမူတွေ၊ ကိုယ့်ကိုယ်စောင့်နတ်မကြိုက်မယ့် အပြုအမူတွေ မပြုလုပ်မိပါစေနဲ့။ အ ကယ်၍မှားယွင်းပြီးလုပ်ခဲ့ရင်တောင် ခွင့်လွှတ်ကာ နောင်အဲလိုမဖြစ်အောင် အမှားထဲက သင်ခန်းစာယူပါ။ ကိုယ့်ကိုယ်ကို မလေးစားသူ ဟာ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ရပ်တည်မှုပျောက်ကာ ကံဆိုးမှုတွေ ဆက်တိုက်ကြုံဆုံလာနိုင်ပါတယ်။


ကျန်းမာရေးကို ဂရုစိုက်ပါ

ကျန်းမာရေးကောင်းနေပါမှ အခွင့်အလမ်းကောင်းတွေ ကြုံလာတဲ့အခါ အပြည့်အ၀ ဆုပ်ကိုင်နိုင်မှာပါ။ မဟုတ်ပါက စိတ်သွားတိုင်းကိုယ် မပါနိုင်ဘဲ အခွင့်အရေးကို ကိုယ်မှန်းသလောက် အကောင်အထည်မဖော်နိုင်ဘဲဖြစ်နေမှာပါ။ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာနေမှ လောက ကြီးကနေပျော်ပြီး အမြဲသွက်လက် တက်ကြွနေကာ အခွင့်အလမ်းကြုံလာတာနဲ့ လက်မလွတ်တမ်းဆုပ်ကိုင်ကာ ကံကောင်းအောင်မြင် လာမှာပါ။


သပ်သပ်ရပ်ရပ်နေပါ

သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပါဆိုလို့ နာမည်ကြီး Brand အ၀တ်အစားတွေကို ဈေးကြီးပေးဝယ်ဝတ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားကို သပ်ရပ်သန့်ရှင်းအောင်ဝတ်တတ်ဖို့သာ အရေးကြီးတာပါ။ ကိုယ်က သန့်ပြန့်နေမှ ကိုယ့်ကိုယ်ကို လေးစားမှု၊ ယုံကြည်မှုတိုးကာ အများအမြင်မှာလည်း တင့်တယ်နေပါတယ်။ ဒီအချက်ကလည်း ကံကောင်းခြင်းကို တစ်နည်းတစ်ဖုံ အထောက်အပံ့ပေးနေပါတယ်။


စိတ်ထားကောင်းလျှင် ကံကောင်းမည်

ဒီအချက်ကို နောက်ဆုံးမှပြောပေမယ့် အရေးကြီးဆုံးအချက်ပါပဲ။ 'ကံ ကံ၏အကျိုး'ဆိုတဲ့အတိုင်း သူများတာကို မကောင်းတာလုပ်ရင် ကိုယ်လည်းမကောင်းတာခံရမှာပါ။ တစ်ချိန်ချိန်မှာတော့ ၀ဋ်လည်မှာသေချာပါတယ်။ ကိုယ့်အနေနဲ့ ကံကောင်းချင်ရင် သီလကောင်း ဖို့လိုပါတယ်။ ကိုယ့်စိတ်က သန့်ရှင်းစင်ကြယ်နေဖို့ လိုပါတယ်။ ကိုယ်အောင်မြင်ဖို့အတွက် သူများတာကို အသုံးချတာတို့၊ အကောက် ကြံတာတို့ မလုပ်ပါနဲ့။ သူများတာကို ဒုက္ခပေးသူဟာ ကိုယ်ကိုယ်တိုင်လည်း ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် စိတ်ထားကောင်း ကောင်းထားပါ။ 'စိတ်ထားကောင်းလျှင် ကံကောင်းမည်' ဆိုတဲ့ဆောင်ပုဒ်ကို စိတ်ထဲအမြဲထည့်သွင်းထားပါ။


Tips

- ကံဆိုတာ လုပ်ယူလို့ရပါတယ်။ ကိုယ့်ကိုယ်ကို ကံမကောင်းဟု ယူဆသူအများစုဟာ ဥပမာပြောရရင် အရူးလက်ထဲရွှေရောက်နေသလို ကိုယ့်မှာရနေတဲ့ အခွင့်အလမ်းတွေကိုအသုံးမချတတ်၊ အသုံးချရကောင်းမှန်းမသိဖြစ်နေသူတွေပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ရင်၊ ကိုယ့် အရည်အချင်း ကိုယ်ယုံရင်၊ ဒီဆောင်းပါးထဲက ကံကောင်းရခြင်းလျှို့ဝှက်ချက် ၁၅ချက်ကို အသုံးပြုရင် သင်ဟာ ကံကောင်းမှုတွေနဲ့ ကြုံ မှာမလွဲဧကန်ပါ။


- ကိုယ်ဖြစ်ချင်တာကို စိတ်ကူးထဲပုံဖော် မြင်ယောင်ကြည့်ခြင်း၊ ပန်းတိုင်တွေချမှတ်ခြင်းစတဲ့ နည်းလမ်းတွေ အသုံးပြုကာ ကိုယ့်ကံကို ကိုယ်ဖန်တီးပါ။ ဒီနည်းလမ်းတွေက မကြာခဏကြားဖူးနေလို့ ရိုးကောင်းရိုးနေနိုင်ပေမယ့် တကယ်ကို ထိရောက်တဲ့နည်းတွေပါ။ ဘ၀မှာ သင်လိုချင်တဲ့အရာရဖို့၊ သင်ဖြစ်ချင်တဲ့ပန်းတိုင်ရောက်ဖို့ ဒီနည်းလမ်းတွေက သင့်ကိုအာရုံမလွဲ လမ်းကြောင်းမလွဲအောင် ပြုလုပ်ပေးနေ ပါတယ်။


- နေ့စဉ်နေ့တိုင်း မှန်ကြည့်ကာ အခိုင်အမာပြောဆိုရေရွတ်ပါ။ 'ဒီနေ့ ငါကံကောင်းရမည်' 'ဒီနေ့တခြားသူတွေ ကံကောင်းအောင် ကူညီ ပေးရင် ငါကိုယ်တိုင်လည်း ကံကောင်းရမည်' ဆိုပြီးတော့ပေါ့။ 'ဒီနေ့ ငါကံကောင်းရမည်' ဆိုတဲ့စာသားကိုလည်း ထင်သာမြင်သာတဲ့ နေရာမှာ ကပ်ထားကာ အကောင်းမြင်စိတ်အပြည့်၊ မျှော်လင့်ချက်အပြည့်နဲ့ တစ်နေ့တာကို ဖြတ်သန်းလိုက်ပါ။


- ကိုယ့်ကို အားထုတ်စေမယ့် ဆောင်ပုဒ်ကောင်းတွေကို မှတ်သားထားပါ။ စိတ်ဓာတ်တက်ကြွစေနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မား စေနိုင်တဲ့ စာအုပ်တွေကို လေ့လာဖတ်ရှုပါ။


- ကြွစောင်းစောင်းမနိုင်ပါနဲ့။ နှိမ့်ချနေပါ။ ကံကောင်းလာတာနဲ့အမျှ လူကအောက်ခြေလွတ်ကာ ကြွစောင်းစောင်းနိုင်ပြီး တခြားသူတွေ ထက် ကိုယ်ကသာတယ်လို့ မြင်လာတတ်ပါတယ်။ အဲဒီအခါ တခြားလူတွေအပေါ် လေးစားမှုမရှိတော့သလို သင့်အနေနဲ့သင်ကြားလေ့ လာမှုတွေလည်း မလိုတော့ဘူးထင်တာ ရပ်ပစ်လိုက်တတ်ပါတယ်။ အဲဒါ ကံဆိုးမှုရဲ့အစပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လောက်ပဲ ကံ ကောင်းလာပါစေ အောက်ခြေမလွတ်ဖို့ အရေးကြီးပါတယ်။

စာဖတ်သူ သူငယ်ချင်းတို့အားလုံး ကံကောင်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို အသုံးချကာ အခွင့်အလမ်းကောင်းတွေကြုံပြီး ကံကောင်းကြ ပါစေ။


Credit: The Chic Magazine August 2011

No comments: