Friday, August 5, 2011

ဘဲကင်မွှေးမွှေး၊ ကိုက်လန်ရွက် ခရုဆီနှင့် စွန်တန်ဟင်းရည်

ဒုတိယရက်

ဘဲကင်မွှေးမွှေး၊ ကိုက်လန်ရွက် ခရုဆီနှင့် စွန်တန်ဟင်းရည်

ဘဲကင်မွှေးမွှေး
တချို့ရက်တွေမှာ ထမင်းဝိုင်းကို အပြင်က ဘဲကင်ဝယ်လာပြီး လိုက်ဖက်တဲ့ဟင်းအစပ်တည့်စရာတွေနဲ့ ထမင်းမြိန်အောင်စားလိုက်တာ မျိုးလည်း ကောင်းတတ်ပါတယ်။
ဘဲကင်ဝယ်ဖို့ အလွယ်တကူမရှိခဲ့ရင်၊ အဆင်မပြေခဲ့ရင်တော့ ကြက်ကင်နဲ့လည်း တွဲစပ်စားလို့ရပါတယ်။ ကြက်ကင်ကတော့ ကြက်သား ကို ကိုယ်တိုင်ပဲကင်ကင်၊ နီးစပ်တဲ့ အကင်ဆိုင်ကပဲဝယ်ဝယ် အဆင်ပြေမယ်လို့ထင်ပါတယ်။

ကိုက်လန်ခရုဆီ (ပြင်ဆင်ကြော်ချက်ပုံ)
ကိုက်လန်ရွက်နုနု - ၂စည်း (အရွက်နဲ့အရိုးနုကို ခြွေပြီး ရေဆေးထားပါ)
ခရုဆီ (ရယ်ဒီမိတ်) - စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ - ၁၅မြွှာ (မညက်တညက် ထောင်းထားရန်)
စားရတဲ့(ကော်မှုန့်) - စားပွဲတင်ဇွန်း ၁ဇွန်း (ရေအနည်းငယ်နှင့် ဖျော်ထားပါ)
ဆား၊ သကြား - အနည်းငယ်
ပဲငံပြာရည်အပျစ် - စတီးဇွန်းသေး ၁ဇွန်း
ဆီ - သုံးကျပ်သားခန့်

ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီကျက်အောင် အပူပေးပြီး ကြက်သွန်ဖြူကိုထည့် ဆီသတ်ပါ။ ပြီးရင် ကိုက်လန်ရွက်နှင့် အရိုးနုလေးများ၊ ခရု ဆီ၊ ပဲငံပြာရည်၊ ဆား၊သကြားနဲ့ အရည်ဖျော်ထားတဲ့ ကော်ရည်များ အားလုံးထည့်ပြီး သမအောင်မွှေပေးပါ။ ဟင်းရွက်ကိုအကြာကြီး ကြော်စရာမလိုပါ။ ဟင်းရွက်များ အနည်းငယ်နွမ်းပြီး အစိမ်းနံ့ပျောက်သွားရင် ဟင်းအရသာမြည်းပြီး မီးဖိုပေါ်မှချလို့ရပါပြီ။

စွန်တန်ဟင်းရည်
စွန်တန်ခြောက် - သံပရာသီးလုံးခန့် (ကိုယ့်စိတ်ကြိုက်ပေါ်မူတည်ပြီးထည့်)
ကြက်ပြုတ်ရည် - နို့ဆီဘူး ၄ဘူး
ကြက်သွန်ဖြူ - ၁၀မြွှာ (မညက်တညက် ထုထောင်းထားပါ)
ချင်း - လက်တစ်ဆစ် (မညက်တညက် ထုထောင်းထားပါ)
ဆား၊ သကြား - အနည်းငယ်
ငရုတ်သီးစိမ်း - ၁၀တောင့် (အညှာခြွေ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ)

ဟင်းရည်ချက်မည့်အိုးထဲတွင် ကြက်သားပြုတ်ရည်၊ စွန်တန်၊ ကြက်သွန်ဖြူ၊ ချင်း၊ဆား၊သကြား၊ငရုတ်သီးစိမ်း အားလုံးထည့်ပြီး ပွက်ပွက် ဆူတဲ့အထိ တည်ပါ။ ဟင်းရည်ပွက်လာပြီဆိုရင် အရသာမြည်း၍ အိမ်သားများစိတ်ကြိုက်ဖြစ်ပြီဆိုရင် ချိုချဉ်စပ်အရသာလေးနဲ့ စွန်တန် ဟင်းရည်ကို ပူပူလေး သုံးဆောင်ပါ။ ငါးပိရည်၊ တို့စရာ ကြိုက်နှစ်သက်လျှင် တွဲဖက်စားသုံးလို့ရပါတယ်။

No comments: