Wednesday, April 5, 2017

အားပေးတတ်တဲ့ပတ်ဝန်းကျင်


ကောင်လေးနဲ့ ကောင်မလေး သူငယ်ချင်းနှစ်ယောက် ဖုန်းပြောနေကြတယ်
‘နင် ခုဘယ်မှာလဲ’
‘ငါ ပြင်ဦးလွင် သွားနေတာ’
‘ဟင် ဘယ်သူနဲ့တုန်း’
‘တစ်ယောက်တည်းလေ၊ ငါ့ဟာငါ ကားမောင်းသွားတာ၊ အိမ်ကခိုင်းတဲ့ကိစ္စလေး ရှိလို့’
ရန်ကုန်ကနေ မှော်ဘီလောက်ကို တစ်ယောက်တည်း ကားမောင်းသွားတာတောင် ခပ်လန့်လန့် ဖြစ်နေခဲ့တဲ့ ကောင်လေးအတွက်တော့ ကောင်မလေးရဲ့အဖြေက တကယ့်အထူးတဆန်း၊၊
အဲဒီကောင်လေးက ဘယ်တော့မဆို မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ၊ အမြဲ ချီတုံချတုံ ဖြစ်နေတတ်တယ်၊ ဆုံးဖြတ်ချက်က မပြတ်သားဘူး၊၊
ကောင်မလေးကတော့ သူနဲ့ပြောင်းပြန်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ သတ္တိရှိတယ်၊ ဆုံးဖြတ်ချက် ပြတ်သားတယ်၊ မတွေဝေဘူး၊ မတွန့်ဆုတ်ဘူး၊၊
ဘာကြောင့် ဒီလိုတွေ ဖြစ်လာရလဲ
အကြောင်းရင်းခံတွေ စဉ်းစားကြည့်မိတယ်
ကောင်လေးရဲ့မိဘတွေက ချုပ်ချယ်တယ်၊ ငယ်ငယ်ကတည်းက ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့၊ ညဘက်ဆို အပြင်မထွက်နဲ့၊ ဘယ်နှနာရီဆို အိပ်၊ ဟိုလူနဲ့ မပေါင်းနဲ့၊ ဒီလူနဲ့ မဆက်ဆံနဲ့၊ လူကြီးပြောနေရင် နားထောင်၊ အထွန့်မတက်နဲ့၊၊
ဒီတော့ ကောင်လေးက ဘဝအကြောင်း မသိဘူး၊ လူတွေအကြောင်း မသိဘူး၊ ဘယ်မှလည်း မသွားဖူး မလာဖူး၊၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိဘူး၊၊
ကောင်မလေးရဲ့ မိဘတွေကတော့ လွတ်လွတ်လပ်လပ်ပဲ နေစေတယ်၊ သမီးကို အန္တရာယ်မဖြစ်လောက်သရွေ့ လွှတ်ထားပေးတယ်၊ စည်းကမ်းဆိုပြီး တစ်ဖက်သတ် လုပ်တာထက် ကလေးနားဝင်အောင် ရှင်းပြတယ်၊၊
ဒီအခါမှာ ကောင်မလေးက သတ္တိရှိတယ်၊ ရဲဝင့်တယ်၊၊
ကောင်လေးရဲ့မိဘတွေမှာက အပြစ်တင်တတ်တဲ့အကျင့် (Blaming culture) ရှိတယ်၊၊ တခုခုဆို ‘မင်း ဘာလို့ ဒီလိုလုပ်တာလဲ၊ အသုံးကိုမကျဘူး၊ မင်းအနာဂတ်တော့ မတွေးရဲဘူး’ ဆိုတာတွေက သူ့မိဘတွေဆီက အမြဲကြားနေကျ စကားတွေ၊၊
စာမေးပွဲအမှတ်နည်းတာလို ကိုယ်လုပ်လို့ရတာမျိုးတင်မကတော့ဘူး၊ ကိုယ်ဘာမှမတတ်နိုင်တဲ့ နေမကောင်းဖြစ်နေတာမျိုးမှာတောင် ‘ဖျားမှာပေါ့ အနေအထိုင်က ဟုတ်မှမဟုတ်တာ’ ဆိုတာမျိုး ပြောတတ်ကြသေးတယ်၊၊
ကြာလာတော့ နေမကောင်းရင်တောင် အိမ်ကမသိအောင် ကြိတ်ပြီး ဆေးသောက်ရတဲ့အထိ ဖြစ်လာတယ်၊ ဘာပဲလုပ်လုပ် မှားသွားမှာ အရမ်းကြောက်တတ်လာတယ်၊ ငါ့နောက်မှာ ဘယ်သူမှ မရှိဘူး၊ တခုခုများ ဖြစ်သွားရင် အပြောခံရမှာ ဆိုတဲ့အသိက ကောင်လေးကို တွေဝေစေတယ်၊ တွန့်ဆုတ်စေတယ်၊၊
ကောင်မလေးမိဘတွေကတော့ ဒီလိုမဟုတ်ဘူး၊ သူတို့မိသားစုလေးမှာ အပြစ်တင်တယ်ဆိုတာ မရှိဘူး၊ ဘယ်သူပဲ ဘာဖြစ်လာဖြစ်လာ ဖေးမတယ်၊ အားပေးတယ်၊ ပြဿနာတိုင်းကို အတူဖြေရှင်းတယ်၊၊
ငါ့နောက်မှာ ငါ့မိဘရှိတယ် ဆိုတဲ့အသိက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်၊၊ အမှားကို မကြောက်တော့ဘူး၊၊ မိသားစုနဲ့သူနဲ့ကြားမှာ ခိုင်မာတဲ့ Bond တစ်ခု ရှိနေတယ်၊၊
လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဗီဇနဲ့ ပတ်ဝန်းကျင်က ပုံဖော်ပေးသတဲ့၊၊ အဲဒီမှာမှ ပတ်ဝန်းကျင်က ပိုပြီးအရေးပါတယ်လို့ လက်ခံလာကြပြီ၊၊ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုသလိုပဲ အနီးကပ်ပြုစုပျိုးထောင်ပေးကြတဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုတွေကတော့ အရေးကြီးဆုံးပေါ့၊၊
တကယ်တော့ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုဟာ မိဘရဲ့အုပ်ထိန်းမှုပုံစံနဲ့ အများကြီးသက်ဆိုင်ပါတယ်၊၊
အကြောက်တရားနဲ့ အုပ်ထိန်းခဲ့သလား၊ လွတ်လွတ်လပ်လပ် နေစေခဲ့သလား၊၊
ကလေးတခုခုမှားသွားရင် ပြစ်တင်ကြိမ်းမောင်းတတ်သလား၊ ဖေးဖေးမမ ဆက်ဆံပေးသလား၊၊
ဒါလေးတွေက ကလေးကို ‘ဘယ်လိုလူမျိုး’ ဆိုပြီး ဖြစ်လာစေခဲ့တာပါ၊၊
ဆက်စပ်တွေးကြည့်မိတယ်၊၊
အမျိုးသမီးတွေရဲ့ စရိုက်ကို တရားသေသတ်မှတ်ပြီး ပြောလေ့ရှိကြတာတွေ ကြားဖူးပါတယ်၊၊ အမျိုးသမီးတွေက တွေဝေတယ်၊ မပြတ်သားဘူး၊ သတ္တိမရှိဘူး စသဖြင့်ပေါ့၊၊ ဒါကြောင့်မို့ သူတို့တွေကို ခေါင်းဆောင်နေရာပေးဖို့ ဆိုလည်း မပေးချင်ကြဘူး၊ လုပ်နိုင်မှာ မဟုတ်ဘူးပေါ့၊၊
တကယ်တော့ အဲဒါတွေက မိန်းကလေးမှန်ရင် ရှိကိုရှိနေတဲ့ စရိုက်လက္ခဏာတွေ မဟုတ်ပါဘူး၊၊ မွေးရာပါဗီဇ ဆိုတာထက် မိဘတွေရဲ့ သမီးမိန်းကလေးအပေါ် အုပ်ထိန်းမှုပုံစံကြောင့် ဖြစ်လာရတာပဲ၊၊
မိန်းကလေးမို့ ချုပ်ချယ်တယ်၊ သားယောကျာ်းလေးထက် မိန်းကလေးကို ပိုအပြစ်တင်တယ်၊ သားယောကျာ်းလေး ခိုက်ရန်ဖြစ်တာထက် သမီး ရည်းစားထားတာကို မိဘတွေက ပိုရှက်တယ်၊၊
ဒီအခါမှာ ခု ကျနော်တို့ မြင်နေရတဲ့ မိန်းကလေးတွေက ကြောက်တတ်တယ်၊ တွေဝေတယ်၊ မပြတ်သားဘူး ဆိုတာမျိုးတွေ ဖြစ်လာကြတော့တာ၊၊
တကယ်တော့ ရှင်းပါတယ်
အဓိကက အုပ်ထိန်းမှုပုံစံကြောင့်ပါ
ဒီအတိုင်းသာ ပျိုးထောင်ခံခဲ့ရရင် ယောကျာ်းလေးလည်း ဒီလိုပုံစံမျိုး ဖြစ်လာနိုင်ပါတယ်၊၊
ဒါတွေဟာ မိန်းကလေးတွေမှာ မွေးကတည်းက ပါလာတဲ့ စရိုက်လက္ခဏာတွေ မဟုတ်ပါဘူး၊၊
မိန်းကလေးဆို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်များ၊ ထိန်းချုပ်မှုများရဲ့ အကျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်၊၊
ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့သူတွေ ဖြစ်လာဖို့အတွက်
ငယ်စဉ်ကတည်းက အကြောက်တရားကင်းပြီး လွတ်လပ်တဲ့၊
အားပေးတတ်၊ ဖေးမတတ်တဲ့ အသိုက်အမြုံလေးတစ်ခုကို
ဖန်တီးပေးနိုင်ဖို့ လိုပါတယ်၊၊
ဒေါက်တာဖြိုးသီဟ
၁၃.၇.၂၀၁၆
Credit:  ဒေါက်တာ ဖြိုးသီဟရဲ့ Page

No comments: