Saturday, June 2, 2012

ပြည်ကြီးငါးနှင့် ငရုတ်ချိုဆော့စ်ချက်နည်း၊ ပုစွန်ဆိတ်ကြော်နဲ့ ကန်စွန်းရွက်ချဉ်ရေဟင်း

ငါး..ငါး...ကျွန်တော် ထမင်းစားတိုင်း ငါးဟင်းတစ်မျိုးမျိုးတော့ပါနေတတ်ပါတယ်။ သူငယ်ချင်းကလည်းပြောတယ် မင်းက ငါးအမျိုးမျိုး ကိုစားနေတော့တာပဲတဲ့။ ဟုတ်လည်းဟုတ်တယ် ကျွန်တော်က ငါးကို ရေလဲစားတာလေ။ တခြားအသားတွေကိုတော့ တစ်ခါတလေပဲ စားဖြစ်ပါတယ်။ အခုလည်း ရန်ကုန်ရောက်မှ စားဖြစ်ရတဲ့ ပြည်ကြီးငါးကို ငရုတ်ချိုဆော့စ်နဲ့ချက်မယ်။ ပုစွန်ဆိတ်လေးတွေကြော်ပြီး ကန်စွန်းရွက်ချဉ်ရေဟင်းချက်စားကြည့်ကြမယ်နော်။

ပြည်ကြီးငါးနှင့် ငရုတ်ချိုဆော့စ်ချက်နည်း

ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး (အကောင်ကြီး) - ငါးဆယ်သား
ငရုတ်ချိုဆော့စ် (ရယ်ဒီမိတ်) - စတီးဇွန်းသေး ၂ဇွန်း
ကြက်သွန်ဖြူ - ၁၀မြွှာ
ကြက်သွန်နီ (ဥကြီး) - တစ်ဥ
နံနံပင် - အနည်းငယ်
ချင်း - လက်တစ်ဆစ်
ဆား၊သကြား - သင့်ရုံ
ဆီ - သုံးကျပ်သားခန့်

ပြင်ဆင်ချက်ပြုတ်ပုံ
ပြည်ကြီးငါးကို အညစ်အကြေးနဲ့ အရိအရွဲများစင်အောင် ပြုလုပ်၍ ရေနှင့် နှစ်ထပ်သုံးထပ် ပြန်ဆေးပါ။ ပြည်ကြီးငါးကို ငရုတ်ချိုဆော့စ်၊ ဆား၊ သကြားတို့နဲ့ နယ်ထားပါ။ (ပြည်ကြီးငါးကို ဆားအနည်းငယ်မျှသာ ထည့်နယ်ပါ။ ငါးက အငန်ဓာတ်ရှိတဲ့အတွက် ဖြစ်ပါတယ်။) ကြက်သွန်အနီ၊အဖြူ၊ချင်းကို အခွံနွှာရေဆေးပြီး ညက်အောင်ထောင်းပါ။ နံနံပင်ကို သဲများစင်အောင် ရေဆေးထားပါ။ ပြီးရင် ဆီပူအိုး ထဲမှာ ကြက်သွန်များထည့် ဆီသတ်ပါ။ ကြက်သွန်များနွမ်းလာရင် နယ်ပြီးနှပ်ထားတဲ့ ပြည်ကြီးငါးများကိုထည့်၍ သမအောင်မွှေပြီး အဖုံး အုပ်ထားပါ။ ပြည်ကြီးငါးချက်ရာတွင် ရေထည့်ရန်မလိုပါ။ ၁၅မိနစ်ခန့်တည်ပြီး ဆီပြန်လာရင် နံနံပင် အုပ်ခတ်လိုက်ပါ။

ငရုတ်ချို အရသာလေးနဲ့ နံနံပင်အနံ့လေးသင်းနေပြီး ထမင်းမြိန်စေမယ့်ဟင်းတစ်မျိုးဖြစ်ပါတယ်။

ပုစွန်ဆိတ်ကြော် ပြင်ဆင်ချက်ပြုတ်ပုံ
ပုစွန်ဆိတ် - အစိတ်သား (ရေဆေးပြီး ဆား၊သကြား နယ်ထားပါ)
ဆီ - ခုနှစ်ကျပ်ခွဲသား
ဆား၊သကြား - အနည်းငယ်စီ

ဆီပူအိုးထဲတွင် ပုစွန်ဆိတ်ကလေးများကို ရွှေဝါရောင်သန်းပြီး ကြွပ်ရွလာတဲ့အထိကြော်၍ ပန်းကန်တစ်ချပ်ထဲမှာ ဆယ်ထားပါ။ နောက် တစ်နည်းကတော့ ပုစွန်ဆိတ်ကလေးများထဲတွင် ဂျုံမှုန့်အနည်းငယ် ထည့်နယ်၍လည်း ကြော်စားနိုင်ပါတယ်။

ကန်စွန်းရွက်ချဉ်ရေဟင်း ပြင်ဆင်ချက်ပြုတ်ပုံ
ကန်စွန်းရွက် (အစည်းကြီး) - ၁စည်း (အရွက်နှင့်အရိုးများခြွေပြီး ရေဆေးထားပါ။)
ပုစွန်ခြောက်မှုန့် - စတီးဇွန်းသေး ၂ဇွန်း
မျှင်ငါးပိ(အချိုစား) - ကွမ်းသီးလုံးခန့်
ခရမ်းချဉ်သီး (၂လုံး) - ရေဆေးပြီး လေးစိတ် စိတ်ထားပါ။
ကြက်သွန်ဖြူ ၅မြွာ - ထုထောင်းထားပါ။
ဆား၊သကြား - အနည်းငယ်စီ
မန်ကျည်းသီးမှည့် - အနည်းငယ်
(ပုစွန်ခြောက်မှုန့် မကြိုက်လျှင် ငါးအသား သုံးနိုင်ပါတယ်။)

ချက်ပြုတ်ရန် ပြင်ဆင်ပြီးရင် အနေတော် ဒန်အိုးထဲတွင် ခြွေထားတဲ့ကန်စွန်းရွက်များ၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မျှင်ငါးပိနဲ့ အချို၊ အငန်အားလုံးထည့်၊ ရေကိုသင့်တင့်ရုံထည့်ပြီး ဟင်းရည် ဆူပွက်လာတဲ့အထိ တည်ပါ။
ဟင်းရည် ဆူပွက်လာပြီး အရွက်များ အစိမ်းနံ့ပျောက်၍ နူးအိသွားပြီဆိုလျှင် ချဉ်ရေဟင်း သုံးဆောင်လို့ရပါပြီ။

No comments: