Thursday, February 23, 2012

ဝက်သားအစပ်ချက်၊ ပဲပင်ပေါက်၊ပဲသွေး၊ပဲပြားကြော်၊ နှင့် သရက်သီးချဉ်ရည်ဟင်း

ကျွန်တော် ဒီနေ့ပျင်းပျင်းရှိတာနဲ့ ဟင်းချက်နည်းစာအုပ်ကိုကောက်လှန်လိုက်တာ ၀က်သားဟင်းကိုအစပ်ချက်တယ် ပြီးတော့ သရက်သီး ကိုချင်ရည်ဟင်းချက်သောက်တယ်ဆိုတဲ့ ရခိုင်ဟင်းလျာအတွဲအစပ်တစ်ခုကိုတွေ့လို့ စိတ်ဝင်စားတာနဲ့ပြန်လည်ဖောက်သည်ချလိုက်ပါ တယ်နော်။

ဝက်သားအစပ်ချက်

ပါဝင်သည့်ပစ္စည်းများ

ဝက်သား (အဆီအသားရောရာ) ၃၀ကျပ်သား၊ ၀က်သားသုံးထပ်သား ၃၀ကျပ်သား၊၊ ပဲငံပြာရည် (စားပွဲဇွန်း) ၁/၂ ဇွန်း၊ ဆား၊ ဟင်းခတ် မှုန့် အနေတော်၊ချင်းတက် ၂ကျပ်သား၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ကြက်သွန်နီ ၂ ဥ၊ ငရုတ်သီးခြောက် ၁၅တောင့်၊ရေနွေး ဓာတ်ဘူး တစ်ဘူးစာ၊ စိမ်းစားငါးပိ လက်မခန့်၊ ဆီ စားပွဲဇွန်း ၂ဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း

- ၀က်သားကို အဆီအခေါက်ညီအောင် တုံးထားပြီးရေဆေးပါ။

- ငရုတ်သီးခြောက်ကို ညက်နေအောင် ထောင်းပါ။ ကြက်သွန်ဖြူနီ၊ချင်းရောထောင်းပါ။

- ရေဆေးထားသော ၀က်သားအိုးထဲ ငရုပ်သီးထောင်း၊ဆား၊ဟင်းခတ်မှုန့်၊ စိမ်းစားငါးပိ၊ပဲငံပြာရည် စားပွဲဇွန်းတစ်ဝက်ထည့်ပြီး နာနာ နယ်ပါ။

- ဆီစားပွဲ ၂ဇွန်းထည့်ပါ။

- မီးဖိုပေါ်တင်ပြီး အသားလုံးလှော်ပါ။ ဆီပြန်လာလျှင် ရေနွေးနည်းနည်းချင်းစီ လောင်းထည့်ပေးပါ။ ရေနွေး ၄ကြိမ်ထည့်ပြီး ဆီပြန်လာ လျှင် နူးအိပြီး စားသုံးရန်အသင့်ဖြစ်နေမည့် ၀က်သားဟင်း အစပ်ချက်ကိုရရှိပါမည်။

(မူရင်း ဟင်းချက်နည်းထဲမှာတော့ အဆီအသားရောတဲ့ဝက်သားကို ၁ပိဿာ၊ သုံးထပ်သားကို ၃၀ကျပ်သားလို့ပြောထားပေမယ့် မိသားစုဝင်နည်းသူအတွက်ဆိုရင်တော့ ပါဝင်ပစ္စည်းတွေကို လိုတိုးပိုလျော့လုပ်သင့်ကြောင်းပါ။)

ပဲပင်ပေါက်ပဲပြားကြော်တာကတော့ လွယ်ကူတာကြောင့်မဖော်ပြတော့ဘဲ သရသ်သီးချဉ်ရည်ဟင်းချက်နည်းလေးကို ဆက်လက်ဖော်ပြ လိုက်ပါတယ်။

သရက်သီးချဉ်ရည်ဟင်း

ပါဝင်သည့်ပစ္စည်းများ

သရက်သီး ၁လုံး၊ ကြက်ရိုး ၅ကျပ်သားခန့် (သို့မဟုတ်) ပုစွန်ခြောက် (သို့) ပုစွန် လက်တစ်ဆုပ်ခန့်၊ စိမ်းစားငါးပိ လက်မခန့်၊ ကြက်သွန်ဖြူ ၂ဥ၊ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

-ကြက်ရိုးကို ရေစင်အောင် ဆေးပါ။ (သို့) ပုစွန်ခေါင်းဖြုတ်ပါ။ (သို့) ပုစွန်ခြောက် ၁၅ကောင်ခန့်ကို ရေစိမ်ပြီး ထောင်းပါ။

- ဒန်အိုးထဲ ရေနို့ဆီဘူး ၂လုံးခန့်ထည့်ပြီး ရေဆူအောင်တည်ပါ။

- ရေဆူလျှင် စိမ်းစားငါးပိ ထည့်ပါ။

- ကြက်ရိုး(သို့) ပုစွန်ခြောက်ထည့်ပါ။

- သရက်သီး အခွံခွာပြီး ရေဆေးပါ။ အသားကို ပါးပါးလှီးထည့်ပါ။

- ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။

- မြည်းစမ်းကြည့်ပါ။

- အနေတော်ဖြစ်ပါက ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ။

- ကြိုက်တတ်ပါက ဆူးပုပ်ရွက်ခပ်ပါ။

- နွေရာသီမှာ အလွန်သောက်၍ကောင်းပါသည်။

No comments: