Sunday, February 12, 2012

ယောက်ျားတွေ မေးတဲ့ဆေး (၃)


ကျွန်တော့်အသက် ၃၄ နှစ်ဖြစ်ပါတယ်။ အောက်ပါဆေးများကို သုံးစွဲခြင်းကြောင့် မည်သို့ အကျိုးဆက်များရှိသည်ကို သိလိုပါတယ်။ Diem Oil ဆေးကတော့ လိမ်းဆေးလို့ ပြောပါတယ်။ Erectile Dysfunction & Premature Ejaculation အတွက် ကောင်းတယ်လို့ ပြောပါတယ်။ Sex shop မှာ တရားဝင် ဆိုင်တင်ရောင်းတာ ဖြစ်ပါတယ်။ www.duroil.com ဆိုဒ်မှာ ရေးထားတာကိုလည်း တွေ့ရ ပါတယ်။ နောက်တစ်မျိုးကတော့ Perfomaxx ဆေးဖြစ်ပါတယ်။ သူ့ကိုတော့ Dietary Supplement အနေနဲ့ သုံးနိုင်တယ်လို့ပြောပါတယ်။ ဒါပေမယ့် ဆိုင်မှာမရောင်းပဲ Internet ကနေ တဆင့်မှာရပါတယ်။ www.perfomaxx.com ဆိုဒ်မှာ ဝင်ကြည့်ခိုင်းပါတယ်။ ကျွန်တော့် အနေနဲ့ Erection strength မှာ ပြဿနာ ရှိနေပါတယ်။

ပြောတဲ့နေရာ ၂ ခုလုံးမှာ ဖတ်ပါတယ်။
၁။ Perfomaxx capsule ဆေးတောင့်ဟာ (ဟာဗယ်လ်) ဆေး၊ Male sexual enhancement ယောက်ျားတွေအတွက် လိင်အရေး အားပေစေတယ်၊ ဘေးထွက်-ဆိုးကျိုးလဲ မရှိဘူး၊ Libido လိင်စိတ်ကဲစေ၊ Sexual energy လိင်ခွန်အားများစေ၊ Maximize penis length and size လိင်အင်္ဂါ ရှည်-ကြီးစေတယ်လို့လဲ ဖြစ်စေချင်မှာမှန်သမျှ အကုန်ရတဲ့သဘော ရေးထားပါတယ်။ ဘယ်သူမှ မလွတ်စေ ရအောင် ဖျော်ရည်နဲ့ လဲရ၊ အရက်နဲ့သောက်လဲ ရပါသတဲ့။ သက်ရောက်မှုကလည်း ချက်ချင်းလာတယ်တဲ့။ ဒီခေတ် ဈေးနုန်းတွေရေးလို ဒဿမ ၉၈-၉၈ နဲ့၊ ၃၉ မိနစ်တဲ့။ တကယ် ဆရာဝန်တွေကနေ ညွှန်တဲ့ Viagra, Cialis or Levitra ဆေး မှန်သမျှထက်လဲသာသေးတယ်။ နှိုင်းယှဉ်ထားတဲ့ ကိန်းဂဏန်းတွေလဲ ဇယားချ ပြထားပါသေးတယ်။

၂။ Duroil ဆိုတာကတော့ ကျား-လိင်အင်္ဂါကို နှိပ်နယ်ဘို့သုံးနိုင်တဲ့ အဆီတမျိုးဖြစ်တယ်။ အရှေ့နဲ့ အနောက်နည်းတွေ ပေါင်းစပ်ထားတယ်။ သူကတော့ Enhance erection သန်မာမှုကို ပိုစေမယ်၊ Size အရွယ်အစား ကြီးထွားစေမယ်၊ Pre-mature ejaculation သုက်လွှတ်စေတာ နှေးစေမယ်။

သုံးသပ်ချက်ပေးရရင် ဖတ်လို့ကတော့ ကောင်းတာတွေချည်းပါဘဲ။ ကျွန်တော်တို့လို ဆရာဝန်မျိုးတွေက ညွှန်းတာမျိုး မဟုတ်ပါ။ သူများပြောတာကို ပညာပိုင်းအရ ဝေဖန်တဲ့အခါ သံသယမျက်စိနဲ့ အရင်ကြည့် ပါတယ်။ ဆီ အမျိုးမျိုးကို သုံးပြီး ဘယ်နေရာမှာဖြစ်ဖြစ် နှိပ်နယ်ကြရာမှာ မြန်မာ့ရိုးရာ မုံညင်းဆီ၊ နှမ်းဆီ၊ မြေထဲပင်လယ်ဒေသမှာ သံလွင်ဆီ၊ အန္ဒိယမှာ မုံညင်းဆီ စသဖြင့် သုံးကြတယ်။ အပြင်ကနေ သက်ရောက် မှုအတွက် ဆီတွေဟာ သိပ်မကွာလှပါ။

နှိပ်နယ်ခြင်းလုပ်ပေးတာ အကျိုးရှိပါတယ်။ လိမ်းတဲ့အရေပြား အောက်ကိုစုပ်ယူသွားရာကနေ သွေးထဲရောက်တယ်။ နှိပ်ပေးရင် သွေးလျှောက်တာ ပိုများစေမယ်။ နှိပ်ပေးတာဟာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သလို သဘောမျိုးဘဲ။ လှုတ်ရှားပေးရင် အဆစ်တွေ ညောင်းနေတာမဖြစ်ဘူး။ သွေးပိုလျှောက်လို့ အဆိပ်အတောက် ဖယ်ရှားပေးတာ ပိုကောင်းစေတယ်။ ဆက်လုပ်စရာအလုပ်အတွက် အဆင်သင့်ဖြစ်စေမယ်။ ဒါတွေက မှန်တာတွေပါ။

ကျား-လိင်အင်္ဂါကိုသုံးတာဆိုတော့ သီးသန့်စဉ်းစာရမယ်။ အင်္ဂါမှာ တကယ်တော့ ကြွက်သားမရှိပါ။ ဆက်စပ်နေတဲ့ ကြွက်သားတွေတော့ ရှိတယ်။ ဒါတွေက အထဲထဲမှာ၊ ဆီမရောက်နိုင်ဘူး။ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်း ဆိုတာမှ အတွင်းထဲက ကြွက်သား နဲ့ အရွတ်တွေကို သန်မာအောင်လုပ်ပေးနိုင်တယ်။ သဘာဝဆီတခုခု သုံးတာဟာ ဟော်မုန်းတွေ (စတီရွိုက်) ဆေးတွေထက် စိတ်ချရပါ မယ်။ ကြော်ညာသလာက် ထိရောက်-မရောက် သုံးကြည့်မှ ပြောနိုင်ပါမယ်။ လက်တွေ့သုံးသူ လမ်းလှမ်းမီရာမှာတော့ မတွေ့သေးပါ။ ကိုယ့်လက်လှမ်းက တိုတာလဲဖြစ်ပါမယ်။

သောက်ဆေးကိုတော့ သတိထားစေချင်ပါတယ်။ အထူးသဖြင့် အသဲမကောင်းသူတွေ (ဟာဘယ်) ကိုသတိထားကြရမယ်။ အသဲကောင်းနေတယ်ဘဲ ထားပါတော့ ကြော်ညာသလောက်တော့ ဟုတ်ပါ့မလား သံသယရှိ ပါတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်က ပြောဘူးတယ်။ “ဒီလောက် ကောင်းတဲ့၊ ဈေးလဲ ပေါလွန်းတဲ့ ဗမာပြည်က ထန်းရည်ကို အစွမ်းမပျက်အောင် သိုမှီးထားနည်း တီထွင်နိုင် ရင် နိုဗယ်ဆုရမယ်ကွ”တဲ့။

ဒီဆေးကိုလဲ ကျွန်တော့် အနီးအနားမှာ မသုံးဘူးကြပါ။ မေးတဲ့သူ လိုချင်တာက Erection ဆိုတာ သိပ်ပြီး မသန်မာတာလား၊ သန်မာမှု ဖြစ်သင့်ချိန်မှာ မဖြစ်တာလား။ Erectile Dysfunction (ED) ဆိုတာ ရေးထား ပါတယ်။ တရားဝင်ခွင့်ပြုရောင်းတဲ့ လိင်ပိုင်းဆိုင်ရာဆေးတွေထဲမှာ Viagra ဆေးမျိုးက (ED) အတွက်သာ ကောင်းတယ်။ အင်္ဂါကို ပိုကြီး-ရှည်ချင်တာအတွက်လဲ ရေးထားပါတယ်။ ဒုက္ခရောက်တာတွေလဲ သူများဆီမှာရော ကိုယ့်နိုင်ငံမှာရော ကိုယ်တွေ့တွေ ပြောတာကိုလဲ ထည့်ရေးထားပါတယ်။

သေခြာတာတခုက ကျားအင်္ဂါ အရွယ်အစား၊ သန်မာမှု၊ စိတ်နည်းမှု၊ သာယာမှု ဆိုတာတွေကို ဆေးတမျိုး-တမယ်ထဲနဲ့ မရနိုင်ပါ။ ဖြစ်စေ၊ ပျက်စေတဲ့အခြေခံ အကြောင်းတရားတွေက မတူကြလို့ပါ။ ဒါကြောင့် ကုနည်းလဲ မတူနိုင်ပါ။ ဒီအရေးတွေရဲ့ အခြေခံဟာ ရုပ်၊ စိတ် နဲ့ ဟော်မုန်း (၃) မျိုး ဖြစ်ပါတယ်။ ရုပ်ထဲမှာ မျိုးဗီဇ နဲ့ မိမွေးတိုင်းဆိုတာကို ပြင်လို့ အခက်ဆုံးကနေ မရနိုင်တာအထိ ရှိတယ်။ စိတ်ဆိုတာလဲ ခက်တဲ့အထဲမှာပါတယ်။ ဟော်မုန်းကိုတော့ နည်းလမ်း မှန်မှန်ပေးရင် ရနိုင်တယ်။

Sex shop ထဲကိုဝင်ကတည်းက လိင်စိတ်က နိုးကြားနေတတ်တယ်။ တခုခုဝယ်သုံးတော့ အနည်းဆုံး ယုံကြည်စိတ်ကနေ အားတက်စေတယ်။ စိတ်ပိုင်းသက်ရောက်မှု တန်ခိုးဟာ ကြီးမားပါတယ်။ တချို့လူတွေ မှာ ကိုယ့်ကိုယ် ကို လျှော့တွက်သူတွေလဲရှိတယ်။ တကယ်ဆေးကုသဘို့လိုသူတွေကို (ပရော်ဖက်ရှင်နယ်လ်) ကျကျ အကြံပေးရရင် သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ စစ်ဆေးမှု၊ ကုသမှုလုပ်သင့်ပါတယ်။ ဆေး ကုသနည်း မှန်ရင် လုံးဝ ပျောက် ကင်းသွားတာ၊ သက်သာ-ကောင်းမွန်လာတာတွေ သေခြာပေါက် ဖြစ်ပါတယ်။

တခြားနေရာတွေပါ လေ့လာတော့ -
• ဆေးကြော်ညာ အညွှန်းမှာရေးထားသလို ကျားလိင်အင်္ဂါကို ၁၅ မိနစ်တာ ဆီလိမ်းပြီး နှိပ်နယ်ပေးရင် ဘယ်ဆီဘဲသုံးသုံး ဘယ်သူကနေဘဲ နှိပ်နယ်မှု လုပ်ပေးပေး၊ ပန်းသေ ပန်းညှိုးရောဂါ မရှိရင် အင်္ဂါသန်မာလာမှာပါ။
• လက်တွေ့ကျတာတခုက ဘယ်သူကနေ လိင်မဆက်ဆံခင်မှာ ၁၅ မိနစ်ကြာအောင် နှိပ်ပေးနိုင်မလဲ။ ဒီနေရာအတွက် အနှိပ်သည်လဲ မရှိဘူးထင်ပါတယ်။
• သိပ္ပံနည်းကျပြောရရင် ဒီကမ္ဘာမှာ လိင်အင်္ဂါကို ရာသက်ပန် ကြီး-ရှည်စေမဲ့ဆေးနည်း မရှိသေးပါ။
• ဆေးထဲမှာပါတဲ့ Medicinal Leech ဆိုတာကို အန္တရာယ်ရှိလေမလားလို့ လေ့လာနေပါတယ်။ Skin grafts and burns မီးလောင်နာ အရေပြား အစားထိုးရာမှာသာ သုံးပါတယ်။
• Ylang Ylang ဆိုတာကို Aphrodisiac လိင်စိတ်အားပေးစေတယ်လို့ လက်ခံသူများပါတယ်။ ဒါပေမဲ့ အရွယ်အစားကို မသက်ရောက်ပါ။
• More mushroomed penis head လိင်အင်္ဂါထိပ် ကွမ်းသီးခေါင်းဟာ မှိုပွင့်ကြီးလိုဖြစ်လာမယ်လို့ ရေးတာ လွန်သလား၊ လွဲသလား မသိပါ။ လေ့လာမှုတွေအရ အမျိုးသမီး အများစုက ဒီလို မှိုပွင့်ကို နှစ်သက်တယ်လို့ လက်မခံကြပါ။

ဒေါက်တာတင့်ဆွေ (၁ဝ-၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ယောက်ျားတွေ မေးတဲ့ဆေး (၃)

No comments: