Thursday, February 9, 2012

Text Message သုံးပြီး အကြောင်းမကြားသင့်တဲ့ အကြောင်းအရာ (၈)ချက်



Text Message ပို့တာကို စည်းကမ်းသတ်မှတ်ချက်တွေချပြီး ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါဟာ ကိုယ်ရေးကိုယ်တာမို့ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ထိန်းချုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းဆောင်တာတိုင်းမှာ လုပ်သင့်၊မလုပ်သင့်ဆိုတဲ့ နားလည်မှုနဲ့ကျင့်ဝတ် လေးတွေ ရှိနေကြစမြဲပါ။ ဖုန်းနဲ့ Text Message ပို့နေကျဆိုပေမယ့်လည်း Text Message သုံးပြီး မပြောသင့်တဲ့ အကြောင်းအရာလေး တွေရှိနေပါတယ်။ ဒီအချက်အလက်လေးတွေကို အားလုံးသတိပြုဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးချင်ပါတယ်။

(၁) လမ်းခွဲစကားပြောခြင်း

အပျော်သဘောတွဲဖြစ်ကြတဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊ အလေးအနက်ထားပြီးချစ်ကြတဲ့ ချစ်သူတွေပဲဖြစ်ဖြစ် Text Message ပို့ပြီး လမ်းခွဲ စကားပြောတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ လမ်းခွဲပြတ်စဲတယ်ဆိုတာ အလေးအနက်ရှိသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပါ။ Message ပို့ပြီးပြတ်စဲတယ်ဆိုတာကတော့ တစ်ဖက်လူကို စော်ကားရာကျပါတယ်။ သင့်အနေနဲ့ ပေါ့ပြက်ပြက်သဘောထားနေသလို ပါပဲ။

(၂) အတူတူအပြင်ထွက်ဖို့ချိန်းခြင်း

ရင်းနှီးမှုဟာ ရင်းနှီးမှုပါပဲ။ သင်ဘယ်သူနဲ့ ဘယ်လောက်ပဲရင်းနှီးပါစေ ညစာအတူစားဖို့၊ နေရာတစ်ခုကို အတူသွားဖို့ Message ပို့ပြီး စတင်ချိန်းဆိုတာမျိုးကို မပြုလုပ်သင့်ပါဘူး။ မိဘနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် အတူတူတွေ့ဆုံဖို့ ချိန်းဆိုတဲ့အခါ မျက်နှာချင်းဆိုင်တွေ့ပြီး မပြောဖြစ်ရင်တောင် ဖုန်းဆက်ပြီး သေသေချာချာ ပြောပြတာမျိုးတော့ ပြုလုပ်သင့်ပါတယ်။

(၃) ကိုယ်ဝန်ရှိနေကြောင်းပြောခြင်း

သတင်းကောင်းပဲဖြစ်ဖြစ် သတင်းဆိုးပဲဖြစ်ဖြစ် အလေးအနက်ထားရမယ့် သတင်းမျိုးကို Message ပို့ပြီးမပြောပါနဲ့။ သင်ကိုယ်ဝန်ရှိနေပြီ ဆိုတာကို သတင်းဆိုးအနေနဲ့ပဲဖြစ်ဖြစ်၊ သတင်းကောင်းအနေနဲ့ပဲဖြစ်ဖြစ် သင့်မိဘတွေကို ပြောပြတဲ့အခါ သင့်အသံကို သူတို့ကြားနိုင် အောင်တော့ အနည်းဆုံး ဖုန်းဆက်ပြောပြသင့်ပါတယ်။ သင့်အတွက် သတင်းဆိုးဆိုရင်သူတို့က မျှဝေခံစားပေးမှာဖြစ်ပြီး သတင်း ကောင်းဆိုရင်တော့ အတူတူဝမ်းသာကြည်နူးပေးကြမှာ အမှန်ပါ။

(၄) ကျန်းမာရေးသတင်း

Message ပို့ပြီး သတင်းတစ်ခုပြောရတယ်ဆိုတာ လွယ်ပါတယ်။ တစ်ဖက်လူ အား၊မအား၊ အဆင်ပြေ၊မပြေ သိစရာမလိုဘဲ သင်အဆင် ပြေသလို ပြောချင်ရာပြောနိုင်တာပါပဲ။ ဒါပေမဲ့ ဆိုးရွားတဲ့ ကျန်းမာရေးသတင်း၊ တစ်ယောက်ယောက် ကားအက်ဆီးဒင့်ဖြစ်သွားတဲ့ သတင်းမျိုးတွေဆိုရင်တော့ Message ပို့ပြီး မပြောပြသင့်ပါဘူး။ လက်ရှိမှာတော့ အခြေအနေ ဘယ်လိုရှိတယ်၊ စိုးရိမ်စရာမလိုတော့ဘူး ဆိုတာတွေကို ဖုန်းဆက်ပြီး သေသေချာချာပြောပြသင့်ပါတယ်။

(၅) စေ့စပ်ကြောင်းလမ်းတဲ့သတင်း

သင့်ရဲ့စေ့စပ်ပွဲလေးကို ကျင်းပဖို့ သေချာသွားပြီဆိုပါစို့။ ဒါဆိုရင်တော့ ဒီပျော်စရာအချိန်ကို Message လေးတစ်ကြောင်းပို့ပြီး အသိ မပေးသင့်ပါဘူး။ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်တိုင်ဖုန်းဆက်ပြီး အလေးအနက်ပြောပြသင့်တဲ့ အကြောင်းအရာမျိုးပါ။

(၆) အပြောင်အပျက်စကားလုံးများ

အချစ်ဆုံးသူငယ်ချင်းတွေကလွဲပြီးတော့ ရိုးရိုးခင်တဲ့ သူငယ်ချင်းတွေကို အပြောင်အပြက် စကားပြောတာတွေ၊ နောက်ပြောင်ပြီး Message ပို့တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒီလိုပို့ခြင်းဟာ ပိုပြီးရင်းနှီးစေတယ်လို့ လူအများစုက ထင်နေကြပါတယ်။ အမှန်တော့ သာမန် သူငယ်ချင်းတွေအတွက် ဒါဟာ စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုပါပဲ။

(၇) အလုပ်ကိစ္စအတွက် အသုံးပြုခြင်း

သင်ဟာ လုပ်ငန်းရှင်တစ်ယောက်ပဲ ဖြစ်နေပါစေ လက်အောက်ငယ်သားတွေကို စီမံကွပ်ကဲဖို့အတွက် Message ကိုအသုံးချတာမျိုး မပြုလုပ်ပါနဲ့။ အလုပ်ကိစ္စဟာ အရေးထားပြီး သေချာမှုရှိအောင် လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တဲ့အတွက် သေချာမှုမရှိတဲ့ Message ပို့ပြီး လုပ်ဆောင်တာမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

(၈) သင်မူးနေပြီဆိုရင် Message ပို့ပြီးမနှောင့်ယှက်ပါနဲ့

တချို့သူတွေကတော့ 'ငါတော့ မူးအောင်သောက်ထားတယ်။ ဘယ်လိုမှ မဟန်နိုင်တော့ဘူး' ဆိုတာမျိုးကို Message ပို့တတ်ကြပါတယ်။ တစ်ဖက်လူက စိတ်ပူနေချိန်မှာ သူကတော့ အမူးပြေပြီး အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ဒီလိုကိစ္စမျိုးကို သူငယ်ချင်းဆီ Message ပို့ တာဟာ နှောင့်ယှက်ရာကျပါတယ်။ တစ်ဖက်လူက Message ကိုတွေ့ပြီး စိတ်ပူနေချိန်မှာ Message ပို့တဲ့သူက ပုံမှန်အတိုင်း ပြန်ဖြစ် နေစမြဲပါ။

No comments: