Monday, February 27, 2012

ဝိပဿနာနှင့် လူငယ်တို့သတိပြုစရာ

မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံရှိ လူငယ်အတော်များများ ၀ိဿနာကို စိတ်ဝင်စားလာကြကြောင်း ၀မ်းမြောက်ဖွယ်တွေ့ရှိရသည်။ လွန်ခဲ့သောဆယ်စုနှစ် တစ်စုလောက်အထိ ၀ိပဿနာနှင့် ပတ်သက်သော စာအုပ်စာတမ်းများသည် အသက်ငါးဆယ်၊ ခြောက်ဆယ် ကျော်အရွယ် လူကြီးပိုင်းအတွက်သာ အဓိကထားရည်ရွယ်ရေးသား စီစဉ်ထုတ်ဝေခဲ့ကြသော်လည်း ယခုအခါမူ အသက်နှစ်ဆယ်မှ လေးဆယ်ဝန်းကျင်လူငယ်ထု စာဖတ်ပရိသတ်အကြိုက် အရေးအသား၊ အပြင်အဆင်များဖြင့် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အနုပညာ လောကမှ နာမည်ကြီးသော၊ လူငယ်ပရိတ်သတ်လည်းရှိသော ပုဂ္ဂိုလ်များကိုယ်တိုင်ပင် ၀ိပဿနာနှင့် ပတ်သက်သည့် အပြောအဆို အရေးအသားများရှိလာခဲ့သည်။ ၀ိပဿနာကို လေ့လာလိုက်စားသည့် လူငယ်များတွင် နောက်ခံအကြောင်းရင်းအမျိုးမျိုးရှိစေကာမူ မြတ်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာကျင့်သုံးလာကြသည်မှာ ကျွန်ုပ်တို့အဖို့ သာဓုခေါ်စရာပင်ဖြစ်သည်။ ၀ိပဿနာလိုက်စားသူတွေ များ လာလေလေ ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာများ၊ ကမ္မဋ္ဌာန်းတိုက်များလည်း မြန်မာနိုင်ငံအ၀ှမ်း တိုးပွားလာလေလေပင်ဖြစ်တော့သည်။

ဤနေရာတွင် ကျွန်ုပ်တို့ သတိပြုအပ်သည်မှာ ထိုကမ္မဋ္ဌာန်းတိုက်တို့အနေနှင့် အရေအတွက်သာမက အရည်အချင်းပါ တိုးတက်လာစေ ရေး ဖြစ်သည်။ ကမ္မဋ္ဌာန်းတိုက် အတော်များများမှာ ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ သံဃာတော်အရှင်မြတ်များ၊ လူဝတ်ကြောင်ဆရာကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်၊ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ပို့ချလျက်ရှိရာ သာသနာတော်အတွက် လွန်စွာအားရကျေနပ်ဖွယ် လည်း ကောင်းလှပါသည်။ သို့ရာတွင် အချို့အချို့သော ကမ္မဋ္ဌာန်းတိုက်များမှာကား ဗုဒ္ဓဘာသာပိဋကတ်စာပေကို သင်ရိုးနည်းကျလည်း မသင်ဖူး၊ ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ ဆရာသမားများထံမှာ စနစ်တကျနည်းနာခံယူဖူးခြင်းလည်းမရှိပါဘဲ မိမိကိုယ်ကို ဆရာတစ်ဆူအဖြစ်ခံ ယူကာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် လုပ်နေကြသူများရှိနေသည်ကို ၀မ်းနည်းဖွယ်ရာ သိရှိရပေသည်။

ထိုပုဂ္ဂိုလ်များသည် ပိဋကတ်စာပေလာ ၀ိပဿနာဘာဝနာပွားနည်းတို့ကို သင်ရိုးနည်းကျသော်လည်းကောင်း၊ ဆရာသမားကောင်းထံ နည်းနာခံယူ၍သော်လည်းကောင်း၊ မသင်ကြားမနာယူခဲ့ဖူးဘဲ ကမ္မဋ္ဌာနစရိယအဖြစ် မိမိဘာသာ သတ်မှတ်ထားကြခြင်းဖြစ်သည်။ ထိုသို့ ဗုဒ္ဓဒေသနာကို သင်ရိုးနည်းကျမသင်ယူခဲ့ရခြင်း၊ ဆရာသမားကောင်းထံ မဆည်းပူးခဲ့ရခြင်းဟူသော အားနည်းချက်ကိုဖုံးဖိရန်အလို့ငှာ အခွင့်သာတိုင်း ပိဋကတ်စာပေနှင့်ယှဉ်၍ စနစ်တကျ ၀ိပဿနာကမ္မဌာန်း နည်းပြနေသူများကို 'ပရိယတ္တိသမားတွေ'၊ 'စာခံနေလို့ တရား ထူးမတွေ့နိုင်သူတွေ' ဟု တိုက်ခိုက်ဟောပြော ပုတ်ခတ်လေ့ရှိကြသည်။

ဗုဒ္ဓဘာသာတွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ဟူ၍ သာသနာသုံးရပ် ရှိပေသည်။ ခေတ်စကားဖြင့် နားရှင်းအောင်ပြောရလျှင် 'ပရိယတ္တိ'ဟူ သည် 'နည်းလမ်း' (လမ်းညွှန်သဘောတရား၊သီအိုရီ)၊ 'ပဋိပတ္တိ' ဟူသည် နည်းလမ်းအတိုင်းလက်တွေ့ကျင့်သုံးမှု၊ 'ပဋိဝေဓ' ဟူသည် နည်းလမ်းအတိုင်း လက်တွေ့ကျင့်သုံးမှုကြောင့် ထွက်ပေါ်လာသော 'အကျိုးရလဒ်'ပင်ဖြစ်သည်။ သို့ဖြစ်ရာ 'နည်းလမ်း'တည်းဟူသော 'ပရိယတ္တိ 'မပါဘဲ မည်သို့မျှ 'ပဋိပတ္တိ'ကို ကျင့်ကြံအားထုတ်၍ မရနိုင်ချေ။ တချို့က ဟောကြပြောကြသေးသည်။ 'တို့ကတော့ ပဋိပတ္တိ သမား၊ လက် တွေ့သမားပဲဟေ့။ ပရိယတ္တိ တတ်တာလောက်နဲ့ နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားက အကျင့်တရား အထိုင်တရား စာသိမဟုတ် ဘူး၊ ခန္ဓာသိကွ' ဟုဆိုလေ့ရှိကြသည်။

စာရေးသူအနေနှင့် ၀ိပဿနာတရား အားထုတ်ရန် ကြံရွယ်နေသော လူငယ်မောင်မယ်များအား အထူးသတိပေးလိုပါသည်။ အထက်က ဆိုခဲ့သောစကားနှင့် အဓိပ္ပာယ်တူတရားတွေ ဟောနေပြီဆိုလျှင် ထိုဝိပဿနာကမ္မဋ္ဌာန်းပြဆရာသည် ဗုဒ္ဓတရားတော်၏ အခြေခံမျှကိုပင် ကောင်းစွာ နားလည်ခြင်းမရှိသော၊ လိမ်လည်လှည့်ဖျားနေသော ဆရာတုဆရာယောင်မျှသာ ဖြစ်သည်ဆိုခြင်းပင်။

ပရိယတ္တိဟုဆိုလိုက်သည်နှင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ထဲတွင် သူတို့မရရှိခဲ့သော ဗုဒ္ဓဘာသာ ပိဋကတ်ဆိုင်ရာဘွဲ့များ၊ မအောင်မြင်ခဲ့သော အတန်းများနှင့် သူတို့မသင်ခဲ့ရဖူးသော ပိဋကတ်စာပေတို့ကိုသာ မြင်ယောင်နေမိတတ်ကြသည်။ ယခုအခါ နည်းမှန်လမ်းမှန်ဖြင့် သင်ကြားပို့ချနေသော ၀ိပဿနာ ကမ္မဋ္ဌာန်းပြဆရာတွေထဲတွင် ပိဋကတ်စာပေကို သင်ရိုးနည်းကျ မသင်ယူခဲ့ဖူးသူ များစွာရှိပါသည်။ သို့သော် သူတို့သည် ပိဋကတ်စာပေတတ်ကျွမ်းသည့် ဆရာကောင်း သမားကောင်းတို့ထံမှ ၀ိပဿနာကမ္မဋ္ဌာန်းကို နည်းမှန်လမ်းမှန် သင်ယူခဲ့ကြသူများဖြစ်သည်။

ပမာဆိုရသော် ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာသည် ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့ သင်ရိုး နည်းကျ သင်ယူခဲ့ဖူးခြင်းမရှိချေ။ သို့သော်သူ့ကို စာပေပရိယတ္တိမတတ်ကျွမ်းသူဟု ဆိုလိုက်ပါက လုံးဝမှားသွားပါလိမ့်မည်။ ပရိယတ် ဆိုသည်မှာ အထက်ကဆိုခဲ့သည့်အတိုင်း 'နည်းလမ်း'ကိုဆိုလိုခြင်းသာဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ၀ိပဿနာနည်းလမ်းကို မှန်ကန်တိကျစွာ သိရှိတတ်ကျွမ်းသူသည် ပရိယတ် ကျွမ်းကျင်သူပင်ဖြစ်သည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ဆရာဖြစ်သော ငွေစာရင်းမင်းကြီးဟောင်း ဆရာကြီးဦးဘခင်ဆိုသည်မှာလည်း ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့ သင်ရိုးနည်းကျ သင်ယူခဲ့ရသူမဟုတ်ပါ။ပိဋကတ်စာပေအရာတွင် သူမတူအောင် ဆရာတစ်ဆူ ပါရဂူမြောက်သည် အထိ ကျွမ်းကျင်တော်မူသော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏တပည့်ရင်း ဆရာသက်ကြီးထံမှ ၀ိပဿနာတရား အားထုတ် နည်းကို သင်ယူခဲ့သူဖြစ်ပါသည်။ ထို့အပြင် မိမိဘာသာလည်း ပိဋကတ်စာပေကို တတ်အားသရွေ့ လေ့လာမှတ်သားခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး ဥိးဂိုအင်ကာတို့ကို ပရိယတ် မတတ်ကျွမ်းသူများဟု လုံးဝမမှတ်ယူနိုင်ပါချေ။ ထိုဆရာကြီးများကလည်း မည်သည့်အခါကမျှ ပရိယတ္တိစာပေ လေ့လာသူများအပေါ် ပြစ်တင်ရှုတ်ချမှု မပြုခဲ့ပေ။

စင်စစ်အားဖြင့် ပိဋကတ်စာပေကို သင်ရိုးနည်းကျလည်းမသင်ခဲ့ဖူး၊ ဆရာသမားကောင်းနှင့်လည်း နည်းနာမခံယူဖူးပါဘဲ ကိုယ့်လှေကိုယ် ထိုး ပဲခူးရောက်ရောက်လုပ်နေသူတို့သာလျှင် ပရိယတ္တိစာပေ လေ့လာသင်ကြားမှုကို ပြစ်တင်ရှုတ်ချနေကြခြင်း ဖြစ်ပေသည်။ ထိုသူများ သည် 'ပရိယတ္တိ'ဆိုသည့်ဝေါဟာရကိုပင် ကောင်းစွာနားလည်ခြင်းမရှိသူများ ဖြစ်ကြသည်။ ထိုသူများထံ တပည့်ခံနားယောင်မိသူ အချို့က လည်း သံယောင်လိုက်ကြသေး၏။ 'ငါတို့ဆရာက ပရိယတ်ကို အားမပေးဘူး။ သံသရာရှည်တယ်။ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိမယ့် ခန္ဓာဥာဏ်သိ နည်းလမ်းကိုသာပြတယ်' ဟု ဆိုကြသည်။ အမှန်မှာ ခန္ဓာဥာဏ်သိနည်းလမ်းပဲဖြစ်ဖြစ်၊ ပိဋကတ်စာပေတွင် ဖော်ပြထား သည့်နည်းလမ်းပဲဖြစ်ဖြစ် 'နည်းလမ်း' ဟုဆိုလိုက်သည်နှင့် 'ပရိယတ္တိ' ပင်ဖြစ်သည်ဆိုခြင်းကို သူတို့ သဘောမပေါက်ကြခြင်းပင် ဖြစ် သည်။ ဟောပြောသည့်နည်းက မှားသည်မှန်သည်ကိုပင် ခဏထားပါဦး။ ကမ္မဋ္ဌာန်းနည်းပြ၏ နှုတ်မှဟောပြောလိုက်သော 'နည်းလမ်း' သည်ပင် 'ပရိယတ္တိ' ဖြစ်ပေတော့သည်။

ပရိယတ္တိစာပေ ဆိုသည်မှာလည်း ဗုဒ္ဓဟောကြားခဲ့သော 'နည်းလမ်း'များကို စာဖြင့်ရေးသားမှတ်တမ်းတင်ထားခြင်းမျှသာ ဖြစ်ပေသည်။ နည်းလမ်းမရှိဘဲ လက်တွေ့လိုက်နာကျင့်သုံးရသော 'ပဋိပတ္တိ'ဆိုသည်မှာ ဖြစ်ပေါ်မလာနိုင်ပေ။ ထို့ကြောင့် 'နိဗ္ဗာန်ရဖို့ ပရိယတ္တိမလိုပါ' ဟုဆိုလာလျှင် ထိုဆရာသည် ပရိယတ္တိဆိုသည့် ဝေါဟာရ၏အဓိပ္ပာယ်ကိုမျှနားမလည်သည့် ဆရာတု၊ဆရာယောင်သာ ဖြစ်သည်ဟု အသေအချာ သတ်မှတ်နိုင်ပါသည်။

အချို့သော ဆရာတု၊ ဆရာယောင်တို့သည် သူတို့ဟောပြောနေသည်များကို ဗုဒ္ဓဟောကြားခဲ့သော 'နည်းလမ်း'နှင့် တိုက်ဆိုင်စစ်ဆေး လိုက်ပါက သူတို့ အလိမ်ထုပ်ကြီး ဗူးပေါ်သလိုပေါ်လာမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့၏အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်းနည်း များကိုရေးသား ဖော်ပြထားသည့် စာအုပ်စာတမ်းများ၊ ဟောပြောထားသည့် တိတ်ခွေများကို လူထုအတွင်းတရားဝင်ဖြန့်ချိခြင်း မပြုဝံ့ကြ ပေ။ တရားဝင်ဖြန့်ချိခွင့်လည်း ရလိမ့်မည် မဟုတ်သည်ကို သိရှိပြီးဖြစ်သည့်အလျောက် 'ငါဟောထားတဲ့တရားကို သူတို့ဥာဏ်တစ်ထွာ တစ်မိုက်နဲ့ အမှားအမှန်ဆုံးဖြတ်နိုင်လို့လား၊ သူတို့သင်ထားတဲ့ ပရိယတ္တိပေတံလေးနဲ့ တိုင်းလို့ရမလား' စသည်ဖြင့် ပိဋကတ်စာပေ တတ်ကျွမ်းသူတို့အား ပုတ်ခတ်ထိပါး ပြောဆိုတတ်ကြသည်။

အချို့ဆရာတု ဆရာယောင်တို့ကမူ သူတို့ကိုယ်ကို 'ရဟန်းကိစ္စပြီးပြီ' ဟုရဲရဲကြီးကြေငြာတတ်ကြသည်။ ရဟန်းကိစ္စပြီးသည်ဆိုခြင်းမှာ 'ငါရဟန္တာဖြစ်ပြီ' ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် ၀ိပဿနာလိုက်စားရန် ကြံရွယ်နေသည့် လူငယ်မောင်မယ်များ အထူး သတိပြုသင့်သောအချက်တစ်ခုကို ထပ်မံတင်ပြလိုပါသည်။

မိမိတို့ကိုယ်ကို 'ရဟန်းကိစ္စပြီးပြီ' ဟုတွင်တွင်ကြီးအထပ်ထပ်အခါခါ ပြောဆိုသူမှန်သမျှ 'ရဟန်းကိစ္စပြီးသူမဟုတ်' ဆိုခြင်းပင်ဖြစ်သည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် ဘုရားသားတော်ရဟန်းအဖြစ် ခံယူထားသူမှန်လျှင် ပုထုဇဉ်ရဟန်းကို မဆိုထားဘိ၊ မဂ်ဖိုလ်ကို မျက်မှောက် ပြုပြီးဖြစ်သည့် ရဟန္တာအရှင်သူမြတ်တို့ပင်လျှင် ၀ိနည်းတော်ကို အသက်တစ်မျှအလေးထား စောင့်ထိန်းကြရစမြဲ ဖြစ်ပါသည်။ ၀ိနည်း ဥပဒေပညတ်ချက်တို့မှာလည်း ပြစ်မှုအကြီးအသေးအလိုက် ပြစ်ဒဏ်ကျရောက်မှု အကြီးအသေး ခြားနားမှုရှိပါသည်။

အကယ်၍ ရဟန်းတစ်ပါးသည် ဈာန်၊ မဂ်တစ်ခုခုကို မရသေးမှန်း မိမိကိုယ်တိုင် သိပါလျက် 'ဈာန်၊မဂ်တစ်ခုခုဆိုက်နေသူပါ' ဟုကြေငြာ ပြောဆိုပါက ဘုရားသာသနာတော်တွင် အကြီးလေးဆုံးသော ပြစ်မှုကြီးကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

ယင်းကို 'ပါရာဇိကသိက္ခာပုဒ်' ကျူးလွန်သည်ဟုလည်း ခေါ်ပေသည်။ 'ပါရာဇိကသိက္ခာပုဒ်'ကျူးလွန်မိသောသူသည် ဘုရားသာသနာတွင် မြတ်သောရဟန်းဘ၀ဖြင့် ဆက်လက်နေထိုင်ခွင့် မရှိတော့ပါ။ သက်ဆုံးတိုင် ရဟန်းဘ၀ကို စွန့်လွှတ်ရမည်သာဖြစ်ပါသည်။ အကယ်၍ ရဟန်းအဖြစ် ဆက်လက်ခံယူနေပါက ဗုဒ္ဓမြတ်စွာ၏ ဥပဒေကိုဆန့်ကျင်သူ၊ သာသနာ့ရန်စွယ် ဓမ္မန္တရာယ်သာဖြစ်တော့သည်။

အကယ်၍ ရဟန်းတစ်ပါးသည် ဈာန်၊မဂ်တစ်ခုခုကို အမှန်တကယ် ရရှိသောကြောင့် မိမိကိုယ်ကို အဆိုပါဈာန်၊မဂ်တစ်ခုခုကို ရရှိထားသူပါ ဟု ၀န်ခံပြောဆိုလျှင်ပင် 'ပါစိတ်အာပတ်' သင့်စေဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပါသည်။

ပါစိတ်ဆိုသည်မှာ 'ပါစိတ္တိယ' ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကုသိုလ်စိတ်ကို ကျဆင်းစေ၊ ပျောက်ပျက်စေသော အာပတ် ဖြစ်ပါသည်။

ပရိဝါပါဠိတော်၊ ဂါထာသင်္ဂဏိကတွင် - အကြင်အာပတ်ကို 'ပါစိတ္တိယ' ဟုဆိုအပ်၏။ အကြင် အာပတ်သည် ကုသိုလ်တရား(ကုသိုလ်စိတ် ကို) ကျစေတတ်၏။ အရိယာမဂ်ကိုဖျက်ဆီးတတ်၏။ စိတ်တွေဝေခြင်း၏ အကြောင်းလည်းဟုတ်၏။ ထို့ကြောင့် ဤအာပတ်ကို 'ပါစိတ် ဟုခေါ်ဆိုအပ်လေသည်' ဟုဖော်ပြထားပေသည်။

ယခုအခါတွင်မူ အချို့ဆရာတု ဆရာယောင်တို့သည် သူတို့ကိုယ်ကို 'ရဟန္တာ'ဟု သူတို့အားကိုးကွယ်သူ ပရိသတ်အပေါင်းအား တစ်ကြိမ်မက ပြောင်ပြောင်တင်းတင်းကြေငြာနေကြခြင်းသည် ရဟန်းဝိနည်းတည်းဟူသော ဘုရားဥပဒေတော်ကြီးကို ရဲရဲကြီးဖီလာ ဆန့်ကျင်မှု ပြုနေကြခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိုကဲ့သို့အခွင့်သာတိုင်း ၀ိနည်းဥပဒေကို ချိုးဖောက်နေသူတို့သည် ဘုရားနည်း လမ်းတကျအားထုတ်ပါမှ ဖြစ်လာနိုင်သည့် ရဟန္တာစင်စစ်ဟုတ်နိုင် မဟုတ်နိုင်ဆိုသည်ကို ခေတ်လူငယ်တို့အနေနှင့် ကိုယ်ပိုင်ဦးနှောက် ဖြင့် ဆုံးဖြတ်သင့်လှပေသည်။

အချို့ကလည်း မိမိ၏တရားစခန်းတွင် လာရောက်အားထုတ်ပါက မည်သို့သောပုဂ္ဂိုလ်ကိုမဆို ဘယ်နှစ်ရက်ဖြင့် 'ဘာမဂ်ရစေရမည် ဘာဖိုလ်ဆိုက်စေရမည်' စသည်ဖြင့် ဆွယ်တရားဟောကြသည်။ ရောက်လာသူများကိုလည်း သူတို့သတ်မှတ်ရက် ပြည့်သည့်အခါ 'ဘာမဂ်ရသွားပြီ၊ ဘာဖိုလ်ဆိုက်သွားပြီ' စသည်ဖြင့် ရဲရဲကြီးအဆုံးအဖြတ်ပေးလိုက်ကြသည်။ လာရောက် အားထုတ်သူများကလည်း ဘုမသိ၊ ဘမသိနှင့် အကျေနပ်ကြီး ကျေနပ်သွားကြသည်။ ထိုထိုသောဆရာတု ဆရာယောင်တို့၏ နည်းတု၊ နည်းယောင်များဖြင့် အားထုတ်ရာမှ မဂ်တူ၊ မဂ်ယောင်၊ ဖိုလ်တု၊ဖိုလ်ယောင်များကို အဟုတ်ထင်ဘ၀င်မြင့်ရုံသာဆိုလျှင်ကား ကိစ္စမရှိသေးပါ။ အထူးစိုးရိမ်ရ သည်မှာ ဆရာတု၊ဆရာယောင်တို့သင်ပြသော လမ်းမှားကိုလျှောက်မိခြင်းကြောင့် စိတ်ဂယောင် ချောက်ချား၊ သွေးလေမညီမညွတ် ဖြစ်ကာ ရူးသွပ်သွားတတ်ခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ ၀ိပဿနာကို လေ့လာလိုက်စားတော့မည်ဟု ကြံရွယ်နေကြသော လူငယ်မောင်မယ်တို့အနေနှင့် အောက်ပါအချက်များကို အထူးသတိပြုရန် အကြံပေးရင်း ဤစာစုကို နိဂုံးချုပ်အပ်ပါသည်။

၁။ 'ပရိယတ္တိသင်ယူခြင်းသည် အလကား၊ ပဋိပတ္တိကျင့်ခြင်းသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရား'ဟုဆိုသူများထံ မည်သည့်အခါမျှ ဆည်းကပ်အားထားမှုမပြုပါနှင့်။ ထိုသူများသည် ပရိယတ္တိနှင့် ပဋိပတ္တိဆိုသော ဝေါဟာရတို့၏အဓိပ္ပာယ်ကိုမျှ မသိပါဘဲ ဗုဒ္ဓသာသနာတွင် ဆရာတုဆရာယောင်လုပ်နေသူများ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ရဟန်းတစ်ပါးသည် မိမိကိုယ်ကို 'ရဟန္တာပါ' သို့မဟုတ် 'ရဟန်းကိစ္စပြီးသူပါ' ဟုပြောင်ပြောင်တင်းတင်းဝန်ခံကြေငြာနေပြီဆိုလျှင် ထို ရဟန်းသည် ရဟန်းတုရဟန်းယောင်၊ ဆရာတု ဆရာယောင်မျှသာဖြစ်ကြောင်း သဘောပေါက်ပြီး ဝေးဝေးမှရှောင်ကြဉ်ကြပါ။ သာသနာ့ ၀န်ထမ်း ရဟန်းတော်မှန်လျှင် ပုထုဇဉ်သံဃာပင် ဘုရားရှင်ပြဋ္ဌာန်းခဲ့သည့် ၀ိနည်းကိုအသက်တမျှ အလေးထားစောင့်ထိန်းတတ်ကြစမြဲ ဖြစ်ပါသည်။ ရဟန္တာဆိုလျှင်ကား အထူးဆိုဖွယ်မရှိပါ။ ထို့ကြောင့် မည်သည့် ရဟန္တာအစစ်ကမျှ မိမိကိုယ်ကို 'ရဟန္တာပါ၊ ရဟန်းကိစ္စပြီး သူပါ' ဟု အတိအလင်း ၀န်ခံပြောကြားလိမ့်မည် မဟုတ်ပါ။ရဟန္တာဟု ထင်ရှားသော၊ တပည့်ပရိသတ်တို့က ရဟန္တာများပါဟု သမုတ်ခြင်း ခံခဲ့ရသော မိုးကုတ်ဆရာတော်၊ ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်အစရှိသည့် ပုဂ္ဂိုလ်ကြီးများသည် မည်သည့်အခါကမျှ မိမိတို့ ကိုယ်ကို ရဟန္တာဟု တိုက်ရိုက်ဖွင့်ဟ ပြောဆိုရန် မဆိုထားဘိ၊ သွယ်ဝိုက်၍ပင် အရိပ်အယောင်မျှ မပြောခဲ့ကြပါ။

၃။ မည်သူမဆို သူတို့ထံလာပါက 'ဘယ်နှစ်ရက်ဖြင့် ဘာမဂ်ရစေရမည်' ဟုကျူရှင်ဆရာများ အနီးကပ်၊ ရက်ပြတ်သင်တန်း ကြော်ငြာ သလို ကြော်ငြာနေသူများသည်လည်း ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဗီဇ၊ ပတ်ဝန်းကျင်ချင်း မတူ သည့်အလျောက် ကံ၊ဥာဏ်၊၀ီရိယချင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ချင်း မတူညီကြပါ။ ဗုဒ္ဓ၏တရားသည် ဤမျက်မှောက်ဘ၀ တွင်ပင် လက်ငင်းဒိဋ္ဌဓမ္မ အကျိုးခံစားရသော တရားဖြစ်သည်ကားမှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ်ချင်းမတူသလို အကျိုးခံစားရန်အား ထုတ်ရသော ကာလအပိုင်းအခြားချင်း လုံးဝကွဲပြား ခြားနားလှပေသည်။ တစ်ဦးကခုနှစ်ရက်နှင့် တရားထူးရကောင်း ရနိုင်စေကာမူ၊ အခြားတစ်ဦးက ခုနှစ်နှစ်ကြာအောင် အားထုတ်ကောင်း အားထုတ်ရတတ်ပါသည်။ လူတိုင်းဘယ်နှစ်ရက်နှင့် ဘာမဂ်၊ ဘာဖိုလ်ဆိုက် စေရမည်ဟူ၍ ဘုရားရှင်ကိုယ်တော်တိုင်ပင် အာမခံဖြင့်တရားမပြနိုင်ခဲ့ပါ။ထိုသို့ ကျူရှင်ဆရာဆန်ဆန် ရက်ပြတ်သင်တန်းဖွင့်နေပြီ ဆိုကတည်းက ထိုပုဂ္ဂိုလ်များသည် လူလိမ်များသာဖြစ်ကြောင်း နားလည်ကြပါ။

၎။ ပုဂ္ဂိုလ်တစ်ဦး၏ '၀ိပဿနာကမ္မဋ္ဌာန်း' ဆိုင်ရာ တရားတိတ်ခွေ၊ တရားစာအုပ်အစရှိသည်တို့ကို တရားဝင်ခွင့်ပြုချက်ယူပြီး မဖြန့်ဝံ့ဘဲ လက်သိပ်ထိုးဖြန့်နေပြီဆိုလျှင် ယင်းတိတ်ခွေ၊ ယင်းစာအုပ်များပါအကြောင်းအရာများတွင် ပိဋကတ်စာပေတတ်ကျွမ်းသူတို့ လက်ခံနိုင် ခြင်းမရှိသော၊ ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သွေဖည်သော ဟောပြောရေးသားချက်များသာ ဖြစ်သည်ဆိုခြင်းကို သတိပြုပါ။ ထိုသို့ သွေဖည်နေသူများ၏ တိုးတိုးတိတ်တိတ်သွေးဆောင်ဖြားယောင်းမှုတို့ကို ဝေးဝေးမှရှောင်ရှားပါ။

၅။ ၀ိပဿနာတရား အားထုတ်ခြင်းမပြုမီ ဆရာစစ်ဆရာမှန်ရဖို့ လွန်စွာအရေးကြီးပါသည်။ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစုတစ်ခုခုသည် အထက်ဖော်ပြပါအချက်လေးချက်အနက် တစ်ချက်ချက်နှင့် ကိုက်ညီနေပါက ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ ထိုသူတို့ကို ဆရာတင်မိပါက တရားထူးမရဘဲ သွက်သွက်ခါအောင် ရူးသွပ်သွားနိုင်ပါသည်။ လူငယ်မောင်မယ်တို့အနေနှင့် ဘာသာတရားကို ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည်အထိ လေးလေးနက်နက် လိုက်စားခြင်းမပြုမီ ရဟန်းတို့လိုက်နာရမည့် ၀ိနည်းစည်းကမ်းများဖြစ်သည့် သိက္ခာပုဒ် ၂၂၇-သွယ်ကို နားလည်သဘောပေါက်အောင်လေ့လာ ဖတ်ရှုထားသင့်ပါသည်။ ထိုသို့လေ့လာပြီးပါမှ မိမိကဆရာတင်မည့် ကမ္မဋ္ဌာန်းနည်းပြဆရာသည် ရဟန်းဖြစ်ခဲ့သော် ဘုရားဥပဒေနှင့် အညီကျင့်သုံးနေထိုင်သော ရဟန်းစစ်၊ ရဟန်းမှန်လား၊ သို့တည်းမဟုတ် ၀ိနည်းမျှပင်နားမလည်ဘဲမိမိဘာသာ ကမ္မဋ္ဌာနာစရိယအဖြစ် သတ်မှတ်နေသည့် ဆရာတုဆရာယောင်လားဆိုသည်ကို မှတ်ကျောက်တင် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ရဟန်းဝိနည်းအားလေ့လာရာတွင် အလွယ်ကူအရှင်းလင်းဆုံး စာအုပ်တစ်အုပ်ကို ညွှန်းပါဟုဆိုလျှင်ကား ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးသားပြုစုခဲ့သည့် 'ဘုရားဥပဒေတော်ကြီး' စာအုပ်ကို ညွှန်ပြလိုပါကြောင်း။

ဝင်းသိန်းဦး

(မြတ်သတိဝါဒီ၊ အမှတ် ၉၊ ၂၀၀၁ခုနှစ်၊မတ်လ။)

No comments: