Wednesday, February 22, 2012

ဂျိမ်းစ်ဘွန်း ၀တ္ထုများ


ဂျိမ်းစ်ဘွန်း ဇာတ်ကောင် ဖန်တီးရှင် အီယန် ဖလီးမင်း အကြောင်းကို ၂၀၀၉ခု ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ စာရေးသူ ရေးသား ခဲ့ပြီးပါပြီ။

ယခု ဒီဆောင်းပါး မှာတော့ ဖလီးမင်း စတင်မွေးဖွား ပေးလိုက်တဲ့ ဇာတ်ကောင်ကို ဖလီးမင်း ကွယ်လွန်သွားပြီး နောက်မှာ ဆက်လက် ထိန်းကျောင်းသွားတဲ့ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ ၀တ္ထုတွေ အကြောင်း ဖော်ပြပေး လိုက်ပါတယ်။ ဖလီးမင်း ရေးခဲ့တဲ့ ဂျိမ်းစ်ဘွန်း ၀တ္ထုများဟာ အလွန် လူကြိုက်များ ခဲ့ပြီး ရုပ်ရှင်အဖြစ် ဖန်တီး ရာမှာလည်း တစ်ကမ္ဘာလုံး ပွဲလျှံ၊ ရုံလျှံ အားပေးမှု ခံခဲ့ရတယ်။ ဒါကြောင့်လည်း ဂျိမ်းစ်ဘွန်း အမှတ် တံဆိပ်ဟာ စီးပွားရေး သမားများရဲ့ စားကြော ၀ါးကြောကြီး ဖြစ်ခဲ့ရတယ်။ ဖလီးမင်း ရေးခဲ့တဲ့ ၀တ္ထုစာရင်း တင်ခဲ့တုန်းက ၂ အုပ်ကျန် နေခဲ့တာ ဒီမှာ ဖြည့်စွက်ပေး ပါရစေ။

ဒီ ၂ အုပ်ကတော့ The Man With The Golden Gun နဲ့ Octopussy/ The Living Daylights (၀တ္ထုတို နှစ်ပုဒ်ကို ပေါင်းထုတ်) တို့ ဖြစ်ပါတယ်။ ၁၉၆၅ ခုက ထုတ်ဝေခဲ့တဲ့ The Man With The Golden Gun ၀တ္ထုကို ဖလီးမင်း ပြီးအောင် မရေးနိုင် ခင်မှာ ကွယ်လွန် သွားပါတယ်။ ရှဲဒိုး စာရေးဆရာ တစ်ဦးက ဆက်ရေးပြီး ဖလီးမင်း နာမည်နဲ့ ထုတ်ဝေ ခဲ့ပါတယ်။ နောက်ပိုင်း လုပ်စားတဲ့ စာရေး ဆရာတွေ ထဲက Sebastian Faulks (၁၉၅၃ ခုမွေးဖွား၊ အင်္ဂလိပ် လူမျိုး၊ ယခု အသက် ၅၈နှစ်)ကလည်း “Devil May Care” ဂျိမ်းစ်ဘွန်းဝတ္ထု ရေးပြီး(Writing as Ian Eleming) “ဖလီး မင်းကိုယ်စား ရေးပါတယ်”လို့ ပြောင်ပြောင်တင်းတင်း ကြော်ငြာပါတယ်။ လေးရက်အတွင်း အုပ်ရေ ၄၄,၀၉၃ အုပ် ရောင်းရပါတယ်။

ဖလီးမင်း နောက်မှာ ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ရေးသူများ အနက် The Man With The Golden Gun ကို ရှဲဒိုး ရေးသူဟာ “ကင်စလေအေးမစ်”(၁၉၂၂-၁၉၅၅) ဖြစ်တယ်လို့ ဆိုကြတယ်။ ဂျိမ်းစ်ဘွန်းဝတ္ထု စာရင်းပြုစု သူများနဲ့ အီယန် ဖလီးမင်း အတ္ထုပ္ပတ္ထိ ပြုစုသူများ ကတော့ “အေးမစ်” မဟုတ်နိုင်ကြောင်း ငြင်းခုံ ခဲ့ပါတယ်။ “အေးမစ်”ကို ဂျိမ်းစ်ဘွန်း ၀တ္ထုများ ထုတ်ဝေတဲ့ Glidrose Publications က “ရောဘတ်မာခမ်” ကလောင် အမည်ပေးပြီး ဂျိမ်းစ်ဘွန်း ၀တ္ထုရေးခိုင်း ခဲ့တယ်။ “မာခမ်”အမည်နဲ့ ထွက်လာတဲ့ ၀တ္ထုက “Colonel Sun” (ဗိုလ်မှူးကြီး နေမင်း) ဖြစ်ပါတယ်။ ကလောင် အမည်ရင်း ကင်စလေ အေးမစ်ကို ၁၉၂၂ခုက လန်ဒန်မြို့မှာ မွေးပါတယ်။ သူ့ဘ၀ တစ်လျှောက် ၀တ္ထုရေး ဆရာ၊ ကဗျာဆရာ၊ စာပေ ဝေဖန်ရေး ဆရာအပြင် တက္ကသိုလ် ကထိက တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့် နှစ်မှာ “ဆာ”ဘွဲ့ ပေးခြင်း ခံရပါတယ်။ ၁၉၉၅ ခု အသက်၇၃ နှစ် အရွယ်မှာ လေဖြတ်သလို ဖြစ်ပြီး ပြန်သက်သာ ခဲ့ရာမှ နောက်အခြေ အနေ ပြန်ဆိုးသွားကာ အဲဒီနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဆေးရုံမှာ ကွယ်လွန်သွား ရှာပါတယ်။ ဂျိမ်းစ်ဘွန်း ၀တ္ထု အနေနဲ့ တရားဝင် “Colonel Sun ” တစ်အုပ်သာ ရေးပေး ခဲ့ပါတယ်။ တခြားစာများ ရေးရန် ပိုအားသန်သူ မို့ပါ။

ဂျိမ်းစ်ဘွန်း ၀တ္ထု အများဆုံး ဆက်ရေး ပေးခဲ့သူ ကတော့ ဂျွန်ဂါဒ်နာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ကြောင်းကလည်း ဖလီးမင်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ့ကို ၁၉၂၆ ခုနှစ်မှာ မွေးခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အိမ်စောင့် တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ဆက်လက်ပြီး အင်္ဂလိပ် ရေတပ်နဲ့ ၄၂ ကွန်မန်ဒို အသေခံ တပ်တို့မှာ ၀င်ရောက် အမှုထမ်း ခဲ့တယ်။ ဖခင်က ခရစ်ယာန် ဘုန်းတော်ကြီး ဆိုတော့ သူ့သားကို တပ်ကထုတ်ပြီး ဘုန်းကြီးဝတ်ပေး လိုက်လို့ ဂါဒ်နာခမျာ ဘုန်းကြီး ဘ၀နဲ့ ၇ နှစ် နေလိုက် ရရှာတယ်။ နောက်ဆုံး “မဖြစ်ချေဘူး။ လစ်ပေးဦးမှ”ဆိုပြီး သူနဲ့ မအပ်စပ်တဲ့ ဘုန်းကြီး ၀တ်ရုံလွှာကို ခွာခဲ့တော့တယ်။ ဂါဒ်နာဟာ စာနယ်ဇင်း ဆရာဘ၀၊ ပြဇာတ် ဝေဖန်ရေး ဆရာ၊ စာရေး ဆရာ ဘ၀တွေ ထဲကို ခြေစုံ ပစ်ဝင်ခဲ့ပြီး ပထမဆုံး ၀တ္ထု (The Liquidator) ကို ရေးခဲ့တယ်။ သူ့ဇာတ်ကောင်က စုံထောက်ကြီး ဂျိမ်းစ်ဘွန်းရဲ့ ဆန့်ကျင်ဘက် တောင်မကျ၊ မြောက်မကျ၊ ကမောက်ကမ စုံထောက် ဇာတ်ကောင်ပါ။

သူဖန်တီးတဲ့ ဟာသစုံထောက် ဇာတ်ကောင်ဟာ အလွန်အောင်မြင် ခဲ့ပါတယ်။ The Liquidator ကို အမ်-ဂျီ-အမ် အမေရိကန် ရုပ်ရှင် ကုမ္ပဏီက ၀ယ်ယူပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ ဒီနောက်မှာ သူတခြား စုံထောက် ဇာတ်ကောင်တွေ ဖန်တီးပြီး တည်တည်တံ့တံ့ စုံထောက် ၀တ္ထုတွေ ဆက်ရေး နေချိန်မှာ ၁၉၈၁ ခုနှစ် ရောက်တော့ အီယန် ဖလီးမင်းရဲ့ ဂျိမ်းစ်ဘွန်း ၀တ္ထုများကို ပြန်လည် အသက်သွင်း ပေးဖို့ Glidrase Publications ထုတ်ဝေသူက တောင်းဆို လာတာကြောင့် ၁၉၈၁ ကနေ ၁၉၉၆ ခုအထိ ၁၅ နှစ်လုံးလုံး ဂျိမ်းစ်ဘွန်းဝတ္ထု ၁၆ အုပ် ရေးပေး ခဲ့ပါတယ်။ ဒီထဲမှာ ရုပ်ရှင် ထွက်ပြီးမှ လုံးချင်းဝတ္ထု အဖြစ် ပြန်ရေးတာ နှစ်ပုဒ် ပါဝင်ပါတယ်။ ဒီ ၁၆ အုပ်ကတော့ Licence Renewed (၁၉၈၁)၊ For Special Services (၁၉၈၂)၊ Icebreaker (၁၉၈၃)၊ Role of Honour (၁၉၈၄)၊ Nobody Lives Forever (၁၉၈၆)၊ No Deals Mr.Bond (၁၉၈၇)၊ Scorpius(၁၉၈၈)၊ Win, Lose or Die (၁၉၈၉)၊ Licence to Kill (၁၉၈၉- ရုပ်ရှင်မှ ၀တ္ထုအဖြစ် ပြန်ရေး)၊ Broken Law (၁၉၉၀)၊ The Man From Barbarossa (၁၉၉၁)၊ Death is Forever (၁၉၉၂)၊ Never Send Flower (၁၉၉၃)၊ Sea Fire (၁၉၉၄)၊ Golden Eye (၁၉၉၅- ရုပ်ရှင်မှ ၀တ္ထုအဖြစ် ပြန်ရေး)၊ COLD (၁၉၉၆)တို့ ဖြစ်ပါတယ်။

၁၉၉၆ နောက်ပိုင်းမှာ ဂါဒ်နာဟာ ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ဆက်မရေး တော့ပါ။ ၁၅ နှစ်လုံးလုံး ၁၆ အုပ် အထိ ရေးသား ခဲ့ပြီးခါမှ “တကယ်တမ်း ဂျိမ်းစ်ဘွန်းစစ်စစ် စတင် ဖန်တီးသူက ဖလီးမင်းပါ။ ဖလီးမင်း ကိုယ်စား ဆက်လက်ဈာန်ဝင် ရေးနေ ရတာကို စိတ်မသန့်တော့ တာကြောင့် ရပ်တန်းက ရပ်လိုက်တာပါ”လို့ ဆိုကာ ၀၀ စားပြီးနောက် ဝေးဝေးကို သွားပါတော့တယ်။ ဒီနောက်မှာ ကျန်းမာရေး မကောင်းလှ တာကြောင့် စာရေးခြင်းမှ ခေတ္တ အနားယူ ခဲ့ပါတယ်။ သူ့မှာ ကင်ဆာရောဂါ ရှိနေပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ၀တ္ထုသစ် တစ်အုပ် ပြန်စရေးတယ်။ Day of Absolution ဆိုတဲ့ သူ့ဝတ္ထုဟာ စာပေ ဝေဖန်ရေး ဆရာတွေရဲ့ ချီးမွမ်းခြင်း များစွာကို ခံခဲ့ရပါတယ်။ ဂျိမ်းစ်ဘွန်း လမ်းကြောင်းကနေ ခွဲထွက်ခဲ့ပြီး ငါးနှစ်ခန့် အနား ယူခဲ့ကာ သူ့လမ်း သူထွင် ပြန်လျှောက်တဲ့ အခါမှာ သူ့ကလောင်က ထက်တုန်းပါပဲ။ ဒါပေမဲ့ လူက ဇရာနဲ့ ရောဂါကို ခံနိုင်ရည် ဘယ်ရှိမှာလဲ။ တစ်နေ့မှာ ဈေးဝယ်ထွက်ရင်းက လဲကျသွားတယ်။ နှလုံးရပ်ပြီး လဲသွားတာလို့ ယူဆကြတယ်။ ဆေးရုံ အမြန် ပို့ပေမဲ့ အသက် မမီတော့။ သေတော့ ၂၀၀၇ ခု၊ သြဂုတ်လ ၃ ရက်နေ့၊ အသက် ၈၁ နှစ်။

“ဂါဒ်နာ”က ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ဆက်မရေး ချင်တော့ချိန်မှာ ထုတ်ဝေသူ က “ရယ်တာပေါ့၊ ရယ်တာပေါ့” “ကဲ-နောက်တစ်ယောက်၊ အပ်ချလောင်း” ဆိုပြီး “ရေမွန်ဘင်ဆင်”ဆိုတဲ့ စာရေးဆရာ လက်ထဲကို ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ရေးဖို့ချက်ချင်း အပ်လိုက်ပါတယ်။ “ဘင်ဆင်”က သူ့ အရင် သုံးဦးလို အင်္ဂလိပ် စာရေးဆရာ မဟုတ်။ အမေရိကန် နိုင်ငံ တက်ဆက်စ် ပြည်နယ်သားပါ။ ၁၉၅၅ ခုမှာ မွေးပါတယ်။ “ဂါဒ်နာ” နားလိုက်တဲ့ ၁၉၉၆ မှာ သူဝင်လာပြီး ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ဆက်တိုက် ရေးပေးပါတယ်။ ပင်ကိုကတော့ စန္ဒရား တီးတာ၊ သံစဉ်ရှာတာ၊ ပြဇာတ် ၀ါသနာ ပါတာ၊ ရုပ်ရှင်သမိုင်း လေ့လာတာ၊ ရုပ်ရှင် ဝေဖန်ရေး လုပ်တာ၊ ကွန်ပျူတာ ဂိမ်းတွေ တီထွင်တာ ပြီးတော့ စာပေ ရေးသားတာ။

အဲဒီနောက်ဆုံး ၀ါသနာကြောင့် ဂျိမ်းစ်ဘွန်း ၀တ္ထုတွေ ရေးထုတ် ပေးခဲ့တာမှာ Blast From the Past (၁၉၉၇ ၀တ္ထုတို)၊ Zero Minus Ten (၁၉၉၇)၊ Tomorrow Never Dies (၁၉၉၇- ရုပ်ရှင်မှ ၀တ္ထုအဖြစ် ပြန်ရေး)၊ The Facts of Death (၁၉၉၈)၊ Midsummer Night’s Doom (၁၉၉၉-၀တ္ထုတို)၊ Live at Five (၁၉၉၉- ၀တ္ထုတို)၊ The World is not Enough (၁၉၉၉- ရုပ်ရှင်မှ ၀တ္ထုအဖြစ် ပြန်ရေး)၊ High Time to Kill (၁၉၉၉)၊ Double Shot (၂၀၀၀)၊ Never Dream of Dying (၂၀၀၁)၊ The Man With the Red Tattoo (၂၀၀၂)၊ Die Another Day (၂၀၀၂- ရုပ်ရှင်မှ ၀တ္ထုအဖြစ် ပြန်ရေး) တွေ ဖြစ်ပါတယ်။

ခရစ္စတို ဖာဝုဒ်ကတော့ ရုပ်ရှင် ဇာတ်ညွှန်းမှ နေ၍ ၀တ္ထု ပြန်ရေးသူ ဖြစ်တယ်။ ဖလီးမင်း ရေးခဲ့တဲ့ The Spy Who Loved Me နဲ့ Moonraker ကို ရုပ်ရှင် ဇာတ်ညွှန်းရေးသား ရိုက်ကူးရာမှာ မူရင်း ၀တ္ထုကနေ ခွဲထွက်ပြီး (အထူးသဖြင့် The Spy Who Loved ဆိုရင် ဖလီးမင်းရဲ့ ၀တ္ထုခေါင်းစည်း ကိုသာ သုံးပြီး ဇာတ်လမ်းခွဲထွက်) ရိုက်ကူး ထားပါတယ်။ ဖလီးမင်းရဲ့ ကျန်ဝတ္ထု တွေကို ရုပ်ရှင်အဖြစ် အသွင် ပြောင်းရာမှာ အနည်းနဲ့ အများ အလျှော့အတင်း လုပ်ပြီး ဇာတ်လမ်းပြင်ဆင်၊ ရေခံမြေခံ ပြင်ဆင် ရိုက်ကူးတာ များပါတယ်။ ဒီလို လုပ်လာတာ ရုပ်ရှင် တစ်ကားထက် တစ်ကား ပိုသိသာ လာတယ်။ ဘာကြောင့်တုံး ဆိုတော့ ဖလီးမင်းရဲ့ဝတ္ထုတွေက ၁၉၅၀ နဲ့ ၁၉၆၀ အစောပိုင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတွေ။ သူဆင်တဲ့ ဇာတ်လမ်း နောက်ခံတွေက မှုန်မှုန် မှိုင်းမှိုင်းတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ လိင်ကိစ္စ ကိုလည်း ပက်ပက်စက်စက် သရုပ်ဖော် ထားတာတွေ ဖြစ်လို့ ပိတ်ကားပေါ်မှာ မမြင်သင့် လောက်အောင်တွေ ဖြစ်နေတယ်။ ဒီတော့ သူ့ဝတ္ထုတွေ အများစုကို ရုပ်ရှင်ပိတ်ကား ပေါ်ရောက်တော့ ပြင်ပစ် လိုက်တာတွေ အများကြီးပါ။ ဒါကြောင့်လည်း ရုပ်ရှင် ပိတ်ကားပေါ်က ဂျိမ်းစ်ဘွန်းဟာ လူသတ် ရရင်တောင် စကားလုံးကြွယ် ကြွယ်လေးတွေ သုံးပြီးသတ်တာ။ ဝေါဟာရ လှလှနဲ့ ဟာသလေးတွေ နှောပြီး ပြောတာတွေ အဖြစ် ပေါ့ပေါ့ပါးပါး ဇာတ်ကောင်ဖြစ်လာ ခဲ့ပါတယ်။ ဒီတော့ ခရစ္စတို ဖာဝုဒ်ဟာ ဇာတ်လမ်း ဇာတ်ကွက်တွေ မတူတော့တဲ့ ပြောင်းထားတဲ့ စောစောက ပြောတဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကားကို ၀တ္ထုနှစ်အုပ် အဖြစ် ပြန်ရေး လိုက်တာ ဖြစ်ပါတယ်။

၁၉၃၀ ခုက London Sunday Times မှာ ဖလီးမင်း ၀င်ရောက် လုပ်ကိုင်စဉ်က သူ့ရဲ့လက်ထောက် ဂျွန်ပီယာဆင် ဆိုသူကလည်း ဖလီးမင်းရဲ့ အတ္ထုပ္ပတ္ထိ ကို ဂျိမ်းစ်ဘွန်းနဲ့ ဆက်နွယ်ကာ James Bond: The Authorised Biography of 007 အမည်နဲ့ ၁၉၇၃ ခုမှာ ၀တ္ထုတစ်အုပ် ရေးခဲ့ပါတယ်။

အမျိုးသမီး စာရေး ဆရာမ Samantha Weinberg ကလည်း ကိတ်ဝက်စ် ဘရွတ်ခ်ဆိုတဲ့ ကလောင်ခွဲနဲ့ ဂျိမ်းစ်ဘွန်း ဆက်နွယ်တဲ့ ၀တ္ထုစာအုပ် ငါးအုပ် ထုတ်ခဲ့တယ်။ ဂျိမ်းစ်ဘွန်း ၀တ္ထုတွေမှာ အမ်အိုင် ၆ (MI 6) ရဲ့ အကြီး အကဲဖြစ်တဲ့ M ရဲ့ ကိုယ်ရေး အတွင်းရေးမှူး Miss Moneypenny ဆိုတဲ့ အမျိုး သမီးကို ဇာတ်ကောင်ပြု လုပ်စား ခဲ့တာပါ။ သူရေးခဲ့တဲ့ ၀တ္ထုတွေက The Moneypenny Diaries: Guardian Angel (၂၀၀၅)၊ For Your Eyes Only, James (၂၀၀၆-၀တ္ထုတို)၊ Secret Servant: The Moneypenny Diaries (၂၀၀၆)၊ Moneypenny’s First Date With Bond (၂၀၀၆-၀တ္ထုတို)၊ The Moneypenny Diaries: Final Fling (၂၀၀၈)တို့ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှ ချာလီဟစ်ဂ်ဆန် ဆိုတဲ့ အင်္ဂလိပ် စာရေး ဆရာက ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ကို ငယ်ဘ၀ ပြန်ပို့ပြီး ဂျိမ်းစ်ဘွန်းရဲ့ငယ်ဘ၀ ၀တ္ထုများ ရေးခဲ့တယ်။ ဂျိမ်းစ်ဘွန်းကို ဆယ်ကျော်သက် အရွယ် အီတန် ကောလိပ်ကျောင်းသား ဘ၀သို့ ပြန်ပို့ကာ ကာလ ယန္တယား ကိုလည်း ၁၉၃၀ ပြည့်နှစ်သို့ ပြန်သွားခဲ့တယ်။ ဂျိန်းစ်ဘွန်း လူပျိုပေါက် အရွယ် စွန့်စားခန်း ၀တ္ထုတွေ ကတော့ Silver Fin (၂၀၀၅)။ ဒီဝတ္ထု ထွက်ပြီးတာနဲ့ အလွန် အောင်မြင်ပြီး ကွန်ပျူတာ ဂိမ်းပါ တစ်ခါတည်းကို ကျော်ကြား ခဲ့ပါတယ်။ Blood Fever (၂၀၀၆)၊ Double or Die (၂၀၀၇)၊ Hurricane Gold (၂၀၀၇)၊ By Royal Command (၂၀၀၈)၊ Silver Fin: The Graphic Novel (၂၀၀၈-ရုပ်ပြ၀တ္ထု)၊ Danger Society: The Young Bond Dossier (၂၀၀၉)စာအုပ်များဖြစ်ပါတယ်။ ဒါတွေ ရေးပြီးမှ ဟစ်ဂ်ဆန်ဟာ လိုင်းပြောင်း သွားပြန်ပါတယ်။ အခု သူလက်ရှိ ရေးနေတာ တွေက ကလေးများ အတွက် ဖုတ်ဝင်တစ္ဆေ ၀တ္ထုဇာတ်လမ်း တွေပါ။

၂၀၁၁မှာ ဂျိမ်းစ်ဘွန်းဝတ္ထု Carte Blanche ထွက်လာပါတယ်။ ရေးသူက ဂျက်ဖရီ ဒီဗာ ဖြစ်ပါတယ်။ သူဟာ စာနယ်ဇင်းဘွဲ့နဲ့ ဥပဒေဘွဲ့ရရှိထားတဲ့ အမေရိကန် နိုင်ငံသားပါ။ အခုအသက် ၆၁ နှစ်ရှိပါပြီ။ အမေရိကန် မှုခင်း စာရေး ဆရာပါ။ သူ့ကို Ian Fleming Publications Ltd. က ဘွန်းဝတ္ထု ရေးပေးရန် ရွေးချယ် ခဲ့တာပါ။ ၁၉၅၃ ကစလို့ ၂၀၁၁ ခုအထိ ဂျိမ်းစ်ဘွန်းဝတ္ထု အများအပြား ထွက်ခဲ့ပြီး ပါပြီ။ ၀တ္ထုစာအုပ် သန်းပေါင်း ၁၀၀ ကျော် ရောင်းချ ခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ၀တ္ထုကနေ ရုပ်ရှင်အသွင် ပြောင်းသွားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားများ ကိုလည်း ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက် ကျော်ကျော်က ကြည့်ဖူးခဲ့ပြီး ဖြစ်ကြောင်း မှတ်တမ်း တင်လိုက် ရပါတယ်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ် ဖြစ်တဲ့ Skyfall ကို နောက်နှစ် ၂၀၁၂ ခု အောက်တို ဘာလမှာ စတင် ရုံတင်ပါမယ်။ ခေါင်းဆောင် မင်းသားကတော့ လက်ရှိ ဂျိမ်းစ်ဘွန်း မင်းသား ဒင်နီယာခ ရဲ့ဂ်ပါပဲလို့ ကြိုတင် သတင်း ပေးလိုက်ပါတယ်။

မျိုးညွန့်၊ရန်ကုန်တက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

No comments: