Saturday, February 25, 2012

သူငယ်ချင်းရေ

သို့

သူငယ်ချင်းရေ

အခုတစ်လော ရာသီဥတုက သိပ်မမှန်တော့ မင်းနေကောင်းရဲ့လား။ တစ်ချို့တွေကတော့ မျက်စိကျိန်းကြတယ်။ အပူရှပ်ဖျားတဲ့သူလည်းရှိ တယ်။ မင်းကတော့ နေကောင်းမှာပါ။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သူပဲ။ ကိုယ်လည်းနေကောင်းပါတယ်။ ကိုယ့်အနေနဲ့ မင်းဆီကို စာ တွေရေးနေတဲ့နေရာမှာ ကိုယ့်ခံစားချက် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အတွေးတွေကို မင်းဆီကို ရေးရေးနေတာတွေကို မင်းဖတ်တဲ့အခါမှာ ဘယ်လိုခံစားရသလဲ သူငယ်ချင်း။ ကိုယ်ဆိုလိုတာက စိတ်ဝင်စားစရာ မကောင်းဘူး အရေးမပါတာတွေ သိပြီးသား စတဲ့ခံစားချက်များ ခံစားရသလားလို့။ ကိုယ့်သူငယ်ချင်းဆီက စာလို့ သဘောထားပြီးဖတ်ပေးပါ.....ရတယ်မဟုတ်လား။

ကိုယ်ရေးတဲ့စာတော်တော်များများမှာ ကိုယ်သွားလာလှုပ်ရှားရာ နေထိုင်ရာ ပတ်ဝန်းကျင်က လူတွေအကြောင်းရေးလေ့ရှိတာ မင်းသိမှာ ပါနော်။ အခုလည်း မင်းကိုပြောပြရဦးမယ် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အကြောင်း။

'ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊အနားယူတာ လေ့ကျင့်တာတွေလုပ်ပါ။ ရယ်မောစရာ ရှိရင် ရယ်မောပစ်ပါ။ ဒီအလေ့အကျင့်ကို နေ့စဉ်လုပ်သွားဖို့လိုတယ်။'

ကိုယ်မနက်၆နာရီထိုးအမီ အားကစားကလပ်ကို သွားတယ်။ ၀ိတ်ကစားတယ်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ မနက်စာစားဖို့ အကြော်ဝယ်တယ်။ ခဏနားပြီးတော့ ထမင်းစားရေချိုးပြီး အလုပ်သွားဖို့ပြင်ဆင်တယ်။ ဒီလိုနဲ့ ကိုယ့်တစ်နေ့တာဟာ လည်ပတ်နေတာ ပေါ့။ အိပ်ရေး၀၀အိပ်ဖို့ဆိုရင် အလေ့အကျင့်နဲ့လည်းဆိုင်မယ်နဲ့တူတယ်။ ကိုယ်စာအုပ်ငှားလာတဲ့နေ့ဆိုရင် နောက်ကျမှ အိပ်ဖြစ်တယ်။ မနက်ကျတော့ အစောကြီးသွား အင်း....အဲဒီလိုဖြစ်တာ ကြာလာရင်တော်တော်သိသာတယ်။ ပိန်လာတယ်.....မျက်နှာချောင်ကျတာ တွေဖြစ်တာပေါ့လေ။ ကိုယ်စိတ်ပင်ပန်းလာတဲ့အခါ ဟာသကာတွန်းတွေဖတ်တယ်။ ဟာသာကားတွေကြည့်တယ် ပြီးတော့ စိတ်ထဲမှာ ထိန်းချုပ်မထားဘဲ လွတ်လွတ်လပ်လပ် ရယ်ပစ်လိုက်တယ်။ ကိုယ့်သူငယ်ချင်းတွေကတောင်ပြောတယ် မင်းဟာ ကလေးကျနေတာပဲ နည်းနည်းထိန်းပါကွတဲ့။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ကြံဖန်တွေးတော ပြုမူနေထိုင်နေရတာပေါ့ကွာ။

'ကြင်နာထောက်ထားပြီး ကူညီနိုင်သမျှကူညီပါ။ သက်ကြီးရွယ်အိုတွေ၊အိမ်နီးချင်းတွေ၊အကူအညီလိုအပ် နေတဲ့ ကိုယ့်ရဲ့ရင်းနှီးသူရော၊ မရင်းနှီးသူပါ ကူညီပါ။'ကိုယ်သွားလာလှုပ်ရှားတဲ့ ပတ်ဝန်းကျင်မှာ အသက်အရွယ်ကကြီး လုပ်ကျွေးမယ့်သူကမရှိလို့ တောင်းစားနေတဲ့ အဘိုးအဘွားရွယ်တွေကို တွေ့နေရတာ စိတ်ထဲမှာ တော်တော်မကောင်းဘူး။ သူတို့ကို ကူညီဖို့ဆိုတာလည်း ပိုက်ဆံနည်းနည်းပေးလိုက် တာပဲတတ်နိုင်သေးသည်။ လေလွင့်လူငယ်တွေ၊ အကျင့်ပျက် ပတ်ဝန်းကျင်တွေ မြင်တွေ့ရတာများလာတော့ ဘယ်လိုများကူညီရမှာလဲ။ ကိုယ့်ထက်နိမ့်ကျတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို ငွေကြေး တခြားအကူအညီပေးဖို့ တော်တော်ပျက်ကွက်တယ်။ ကိုယ့်ရဲ့ချို့ယွင်းချက် တစ်ခုပေါ့လေ။ ဒါပေမဲ့ သူ့ကို အကြင်နာပေးတာ၊ သူအခက်အခဲဖြစ်နေတာကို ပြောဆိုအကြံဥာဏ်ပေးတာတွေဟာ အကူအညီလို့ဆိုရင် တော့ ကိုယ်ပေးဖြစ်တဲ့ဟာတွေက အကူအညီလို့ဆိုနိုင်ပါတယ်။

'တလွဲ ဆံပင်ကောင်းတာ'မျိုးဖြစ်ရင်မကောင်းဘူးဆိုတာ ကိုယ်သဘောပေါက်တာကြာပါပြီ။ ဒါပေမဲ့ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် (အဆောင်)က လူငယ်တွေထဲမှာ အဲဒီလို တလွဲဆံပင်ကောင်းနေတဲ့သူတွေ အများကြီးပဲ။ ဥပမာပြောရရင် အခုကွန်ပျူတာ တက္ကသိုလ် တွေ စာမေးပွဲဖြေနေကြပြီ ကွန်ပျူတာကျောင်းသားတွေထဲမှာ ပိုက်ဆံတတ်နိုင်သူတွေပါသလို သာမန်ကျောင်းသားတွေလည်း ရှိတာ ပေါ့လေ။ မနက်က ကိုယ်နဲ့ခင်တဲ့ကျောင်းသားတစ်ယောက်ကပြောတယ် သူ့သူငယ်ချင်းကို သွားပြီးပြောဆိုတိုက်တွန်းခဲ့ရတာတွေကိုပေါ့။ အဲဒီကျောင်းသားမိဘက ချမ်းသာတယ်၊ အလိုလိုက်တယ် ကျောင်းပုံမှန်တက်နေရင်ကိုပဲ အိုကေနေတာ။ တစ်လတစ်လ အသုံးစရိတ်က သိန်းချီနေတာ၊ ကျောင်းဆိုလည်း တက်ချင်မှတက် စာမေးပွဲလည်းဖြေချင်မှဖြေတာ သုံးနှစ်ရှိပြီ သူနဲ့အတူတက်ခဲ့တဲ့ သူ့သူငယ်ချင်းတွေ တောင်အခု နောက်ဆုံးနှစ်စာမေးပွဲဖြေနေပြီ သူကတော့ ပထမနှစ်စာမေးပွဲဖြေရမှာ။ မနက်မနက်ဆိုရင် သူငယ်ချင်းတစ်ယောက်က စာမေးပွဲဖြေဖို့ လိုက်ပို့တိုက်တွန်းရတာ နေ့စဉ်နဲ့အမျှ။ ဒီနေ့စာမေးပွဲမရှိဘူး၊ မသွားတော့ဘူးကွာဆိုတာက သူ့စကားပေါ့။ စာမေးပွဲမဖြေမှာ စိုးလို့ သူငယ်ချင်းတွေက ကျောင်းထိလိုက်ပို့ရတာ။ သူတစ်ခါက ကိုယ့်ကိုပြောဖူးတယ် 'ဘွဲ့ရလည်းဒါပဲ၊ မရလည်းဒါပဲ၊ အဲဒီတော့ဘာလုပ် မှာလည်း'တဲ့လေ။ ဒီလောက်ဆိုရင်မင်းသဘောပေါက်လောက်ပြီ သူ့သဘောထားကို။ အသက်အရွယ်နဲ့မိဘ စတာတွေကို မတွေးကြည့် ဘူးနဲ့တူပါရဲ့။

'လူတစ်ယောက်အကြောင်းသိချင်တယ်ဆိုရင် သူနဲ့အမြဲတစေပေါင်းသင်းနေတဲ့ လူတွေရဲ့အကြောင်း လေ့လာလိုက်တာနဲ့ သိနိုင်တယ်'တဲ့။ အပေါင်းအသင်းဆိုတာ ကိုယ်ကခင်မင်လို့ပေါင်းသင်းတာရှိတယ်၊ သူတို့က ကိုယ့်ကိုခင်လို့ ကိုယ်ကပြန်လှန်ခင်မင်ပေါင်းသင်းတာရှိတယ် အများကြီးပေါ့လေ အပေါင်းအသင်းဖြစ်ရချင်းအကြောင်းတွေက။ အပေါင်းအသင်းကြောင့် ကိုယ့်ဘ၀ရှေ့ရေးတိုးတက်သွား နိုင်သလို ဆုတ်ယုတ်သွားနိုင်တယ်ဆိုတာ မင်းလည်းသိမှာပါနော်။ ကိုယ်နေထိုင်ရာ နေထိုင်ခဲ့ရာ ပတ်ဝန်းကျင်တစ်ချို့မှာ ဆေးစွဲနေတဲ့သူ ဆေးစွဲ ခဲ့သူများကို တွေ့ခဲ့ပါတယ်။ သူတို့ဘာကြောင့် ဆေးစွဲခဲ့ရပါသလဲ။ ကိုယ်စပ်စုကြည့်တဲ့အခါ တစ်ချို့က အပေါင်းအသင်းကြောင့်ဆိုတာ၊ တစ်ချို့က လူ့ပတ်ဝန်းကျင်ကို အရွဲ့တိုက်ချင်တာ၊ နယ်နိမိတ်တွေ စည်းဘောင်တွေရဲ့ ဟိုဘက်မှာ ဘာတွေရှိမလည်း စူးစမ်းချင်စိတ်၊ စမ်းသပ်ချင်စိတ်တွေနဲ့ စူးစမ်းတာကနေ စွဲလမ်းသွားတာ စသဖြင့်ပေါ့ အကြောင်းအရာများစွာနဲ့ စတင်ကြပါတယ်။

စိတ်ကြွဆေးစွဲသူတစ်ယောက်ရဲ့ နောက်အေ့စ်ရောဂါရသူတစ်ယောက်ရဲ့ ပြောပြချက်ကိုပြန်ပြောပြရရင် 'ဘိန်းဖြူလိုပဲ သူကလည်း တစ်မူထူခြားတဲ့ စိတ်ကြွမှုတွေကိုပေးပါတယ်။ သူ့တို့ဟာ အသက်ရှင်သန်တည်ရှိမှုကို ပိုမိုသိသာလာစေသလိုပဲ။ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိခံစားမိလာတယ်။ ကျွန်တော့်လို အပေါင်းအသင်းတွေစုမိတဲ့အခါ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေအကြောင်း ပြောဆို ခဲ့ကြတယ်။ ဒီမူးယစ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် သင်တယ်၊ စမ်းသပ်သုံးစွဲရင်း စကားတွေ အဆက်မပြတ်ပြောပြီးရင်းပြောမယ်၊ ပြီးတော့နှစ်သိမ့်ကြည်နူးသာယာမှုတွေကို ခံစားရပါလိမ့်မယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ဟာ ဘုရားသခင်အကြောင်းပြောဆိုခြင်းမှ ရပ်လိုက်ကြပြီး လိင်ကိစ္စအကြောင်းပြောဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ လက်တွေ့ကျကျပြုလုပ်ကြတယ်။ ဒီလိုဖြစ်စဉ် စက်ဝိုင်းဟာ မူးယစ်ဆေးစွဲသူတွေအတွက် စိတ်ပျက်ဖွယ် အဖန်ဖန်ထပ်နေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။' စတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ မူးယစ်ဆေးစွဲသူများရဲ့ သံသရာဟာဒီထက်ကျယ်ဝန်းအုံးမယ်လို့ ကိုယ်မြင်ပါတယ်။ ဘာကြောင့် ဆေးစွဲရသလဲ အပေါင်းအသင်း ကြောင့် ချည်းပဲလို့ လက်ညှိုးထိုးလို့ မရသလို ကိုယ့်စိတ်အပေါ်မှာမူတည်ပေမဲ့ အဲဒီစိတ်ကို ခိုင်မာအောင်တည်ဆောက်ထားသလားဆိုတာ အပေါ်မှာလည်းမူတည်ပါလိမ့်မည်။

'ဂီတဟန်တစ်ခုကို အမည်တပ်ဖို့အတွက် အဲဒီသီချင်းကို ဖွဲ့စည်းထားတဲ့ ကြန်အင်လက္ခဏာကိုပဲကြည့်ရမှာ ဖြစ်ပြီး ဟဲဗီးရော့ခ်အဖွဲ့က လူ တွေဆိုတိုင်း ဟဲဗီးရော့ခ်သီချင်းလို့ သတ်မှတ်မရသလို ပေါ့ပ်အဆိုတော် တွေဆိုတဲ့ သီချင်းတိုင်း ပေါ့ပ်သီချင်းလို့ပြောရင် အင်မတန်ဂီတ ဗဟုသုတနုံနဲ့ရာကျပါတယ်။' ကိုယ့်မှာပြည့်စုံတဲ့ အသိမရှိသေးဘဲ လက်လွပ်စပယ်လို ပြောဆိုပြုမူတတ်တဲ့ လူတစ်ချို့အတွက်အဲဒီ စကား ကသိပ်မှန်ပါတယ်။ ကျော်ကြားသူတစ်ယောက်က ပြောတိုင်းအဲဒီသီချင်းက ဘာအမျိုးအစားပါလို့ မျက်စိမှိတ်ယုံကြည်သူတွေများတဲ့ မြန်မာပြည်သားတချို့အတွက်တော့ အဲဒီစကားက သိပ်မှန်ပါတယ်။ ကျော်ကြားသူတစ်ယောက် အင်တာဗျူးတဲ့သူကို အချဉ်ပေါက်လို့ တစ်မျိုးဖြေနိုင်တယ်။ သူမသိတာကို သိသလိုလုပ်ပြီးတော့လည်း တစ်မျိုးဖြေနိုင်တယ်လေ။ မင်းရော အဲဒီစကားကို ဘယ်လိုမြင်မိပါသလဲ။ ကိုယ့်သူငယ်ချင်းကပြောလို့၊ကိုယ့်ဆရာက ပြောပြလို့စတဲ့အချက်တွေကြောင့် အမှန်လို့လုံးဝအကြွင်းမဲ့ မယုံကြည်သင့်ဘူးလို့ ကိုယ်တော့ ထင်ပါတယ်။ 'ဝေဖန်ပိုင်းခြား လေ့လာ'ပြီးမှ လက်ခံကျင့်သုံးတာ အကောင်းဆုံးပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာတော့ အရင်းနှီးဆုံးသူငယ်ချင်း က ပြောလို့၊ ဆရာကပြောတာ စသဖြင့်ယုံကြည်တတ်ကြတာတွေ့နေရတယ်။

ကိုယ်တို့ဘာသာမှာ သီတင်းကျွတ်ကာလမှာ ချစ်သူတွေ မင်္ဂလာဆောင်နှင်းအိမ်ယာထူထောင်လေ့ရှိကြတာ အများသားပါ။ 'သမီးရည်းစား ဘ၀တစ်ခုဟာ လူတစ်ယောက်ရဲ့ မျက်စိတစ်ဖက်ကို လက်နဲ့ပိတ်ထားသလိုပါပဲ။ မြင်ရတဲ့အမြင်က ကျဉ်းမြောင်းလှပါတယ်။ ပိတ်ထားတဲ့ ဘက်က အရာတွေကို မမြင်ရပါဘူး။ အပြစ်တွေဟာလည်း နည်းနေလိမ့်မယ်။ လင်မယားဘ၀ဆိုတာက ပိတ်ထားတဲ့ လက်တစ်ဖက်ကို ဖွင့် လိုက်သလို အမြင်တွေကျယ်လာမယ်။ ကောင်းတာရော ဆိုးတာရော တွေ့ရတော့မယ်။ ဒါကိုသိထားကြရမယ်လေ..' သမီးရည်းစားဘ၀လို ခဏတာလေးတွေ့၊ အချိန်ကျရင် အိမ်ပြန်ကြ၊ တွေ့ခဲ့တဲ့ အတွေ့အထိ အငွေ့အသက်လေးတွေကို တမ်းတမ်းတတနဲ့ လွမ်းမောကြပြီး သိပ် ချစ်တာပဲ၊ သိပ်ချစ်တာပဲနဲ့ နောက်တစ်နေ့တွေ့ကြ။ ပျော်စရာချည်းပဲလို့ သတ်မှတ်ပြီး လက်ထပ်ကြတဲ့ အချိန်မှာ အတူတူနေကြရမယ်။ ဘ၀တွေကို တိုက်ခိုက်ကြရမယ်။ သုခတွေ ဒုက္ခတွေကို လက်တွဲမဖြုတ်ဘဲတိုက်ခိုက်နိုင်မှ လှပသော အိမ်ထောင်သည်ဘ၀ကို တွေ့ရခံစား ရမှာပါ။ ဘ၀တစ်ခုကို အတူတူလက်တွဲပြီး ကြံ့ကြံ့ခံနိုင်ကြပါစေလို့ကိုယ်ဆန္ဒပြုပါတယ်။

လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုပါပဲ။ ကိုက်မိကြမှာပါ။ ဒါဟာသဘာဝတစ်ခုပါ။ အပြစ်မယူကြပါနဲ့။ 'နားလည်မှု၊ ကိုယ်ချင်းစာမှု' သဘော တရားတွေနဲ့ သည်းခံကြပါ။ ကိုယ်သိတာတွေကိုပြန်ပြောပြပြီး သူငယ်ချင်းတွေ အိမ်ထောင်ရေးအဆင်မပြေဖြစ်မှာ စိုးရိမ်တာလည်းပါလို့ ပြောမိတာ။ ကိုယ့်ပတ်ဝန်းကျင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြ။ အဆင်မပြေဖြစ်ပြီး ကွဲကွာကြ၊ချစ်လှပါချည်ရဲ့ ဆိုတာတွေဟာ အိမ်ထောင်ရဲ့ ဒုက္ခကိုလည်းလက်တွေ့ကြုံလာရော ချစ်တာတွေ မေတ္တာတွေအဝေးပြေးရော....ဆိုပါတော့။ ဒီကိစ္စတွေကို အိမ်ထောင်မပြု ခင်မှာ စဉ်းစားသေချာဆုံးဖြတ်ပြီးမှ ပြုသင့်တယ်လို့ကိုယ်တော့ထင်တယ်။ တစ်ချို့လူတွေပြောကြသလို 'အိမ်ထောင်ပြုတယ်ဆိုတာ ထီ ထိုးသလိုပဲ'ဆိုတာ အမှန်ပဲလို့ ကိုယ်တော့နည်းနည်းသံသယဖြစ်မိတယ်။

ကဲပါလေ....ကိုယ်ကသာစာတွေရေးနေတာ မင်းကဖတ်ချင်လားမသိ ဒီအကြောင်းအရာတွေကို။ သတိရကြောင်း တမ်းတကြောင်းစာတွေ ရေးတာတွေများလာတော့ ကိုယ်အဲဒီလိုစာတွေအစား ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အတွေး ကိုယ်ဖတ်ဖြစ်တာတွေကို ရေးပြတာ မင်းအတွက် အလကား မဖြစ်ဘူးပေါ့။ ကျန်းမာရေးကို ဂရုစိုက်၊ စာကိုလည်းမင်းပို့ချင်တဲ့အခါမှသာရေးပါ သူငယ်ချင်း။ ကိုယ်ကတော့ မင်းဆီကို စာတွေ ရေးဦးမယ်.....မင်းခွင့်ပြုတယ်မဟုတ်လား။

(မကြာခင် ကိုယ်ရန်ကုန်ကိုလာပြီးအလုပ်လုပ်ဖြစ်တော့မယ်ထင်တယ်ကွ အလုပ်လျှောက်ထားတယ်။)

သတိရခြင်းများစွာ.........တမ်းတခြင်းများစွာ......ချစ်ခြင်းများစွာဖြင့်

ဇာနည်။

စာကြွင်း ။ ။ ၂၀၀၇လောက်က Pen Friends ကဏ္ဍကတစ်ဆင့်ခင်မင်ခဲ့တဲ့ရန်ကုန်က သူငယ်ချင်းကို မန္တလေးစာတိုက် ကနေရေးရေးပို့တဲ့ စာတစ်စောင်ထဲကစာသားများဖြစ်ပါတယ်။ ဘာရယ်မဟုတ်ဘူး ပြန်လည်ဝေမျှလိုက်ခြင်းပါ။

No comments: