Tuesday, February 21, 2012

တိုင်ရီ (သို့) မြန်မာချီကာဂို

အမေရိကန်သမိုင်းမှာ အလုပ်သမားနေ့ ဖြစ်လာတဲ့ ဖြစ်ရပ်ဟာ ချီကာဂိုကနေစတင်ခဲ့ပါတယ်။ အလုပ်သမားတွေကို မတရားခေါင်းပုံဖြတ် တာကနေစဖြစ်ခဲ့တာပါ။ အခုလည်း မြန်မာနိုင်ငံ မှာ ခေါင်းပုံဖြတ်မှုကို မခံနိုင်လို့ ဆန္ဒပြမှုကို တိုင်ရီကနေစနေပါပြီ။ ဘာလို့ သူတို့ ဆန္ဒပြ ကြရတာပါလည်း ???? တိုင်ရီကို ဘာလို့ ချီကာဂိုနဲ့ နှိုင်းလည်းဆိုတာ အောက်မှာ ဖတ်ကြည့်ပါဦး။

လစာ

နိုင်ငံတကာမှာ အမြဲတမ်း ၀န်ထမ်းခန့်ရင် အလုပ်ချိန်ထက် ကျော်သွားပါက OT ပေးရပါတယ်။ OT ကို သူရတဲ့ ၁ နာရီနှုန်းထားရဲ့  ၂ ဆ ပေးရပါတယ်။ အစမ်းခန့်ကို ၃ လပဲ သတ်မှတ်ကြ ပါတယ်။ တိုင်ရီသူဌေးက ၀န်ထမ်းတွေကို အမြဲတမ်း
ဝန်ထမ်းခံရင် OT ပေးရမှာမို့ လုပ်သတ် ၁၀ နှစ်ရှိတဲ့ သူတွေကိုတောင် အမြဲတမ်းဝန်ထမ်း မခန့်ပါဘူး။ အလုပ်သမား ၁၈၀၀ ကျော်ကို နာရီစားခန့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးဝန်ထမ်းကို ၃၅၀၀၀ အစိုးရက သတ်မှတ် ပေးထားပါတယ်။ အနိမ့်ဆုံး လစာကို ရက် ၃၀ နဲ့ စားကြည့်ရင် ၁၁၆၇ ကျပ်ရပါတယ်။ တနေ့ ၈ နာရီအချိန် ရှိတာမို့ ၈ နဲ့စားရင် ၁၄၅ ကျပ် ရနေပါတယ်။ တိုင်ရီမှာတော့ တစ်နေ့ကို ၇၅ ကျပ်ပဲရနေပါတယ်။ မြန်မာနိုင်ငံရဲ့  အနိမ့်ဆုံး ၀န်ထမ်းရဲ့  တစ်နာရီ လစာ တ၀က်ကိုပဲ ရရှိနေရ သူတွေပါ။ အနိမ့်ဆုံး ရုံးဝန်းထမ်းတွေဟာ မနက် ၈ နာရီခွဲမှသည် ညနေ ၅ နာရီအထိသာ အလုပ်ဆင်းရသော်လည်း တိုင်ရီအလုပ်သမတွေမှာကတော့ မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ အလုပ်ဆင်းနေရပါတယ်။ သူတို့ အိမ်ပြန်ရောက်တော့ ၉ နာရီခွဲ ၁၀ နာရီ ထိုးနေပါပြီး။ မနက် ၇ နာရီခွဲ မှီဖို့ ၇ နာရီလောက်ထဲက အလုပ်ကို လာရတော့ သူတို့ဘ၀ဟာ ပျော်ရွှင်ဖွယ် မရှိတဲ့ ဘ၀သေကြီးပါ။ စာဖတ်ချိန်၊ တီဗွီကြည့်ချိန်မရှိတဲ့ ဘ၀သေကြီးကို ဖြတ်သန်း နေခဲ့ကြရ သူတွေပါ။


အလုပ်ချိန်

နိုင်ငံတကာမှာ အလုပ်ချိန်ကို တစ်နေ့ ၈ နာရီ သတ်မှတ်ပါတယ်။ ၈ နာရီထက် ကျော်ပါက OT ပေးရပြီး OT ကို အများဆုံး ၁ ရက် ၄ နာရီခန့်သာ အလုပ်ခိုင်းကြပါသည်။ တစ်နေ့ ၁၂ နာရီ လုပ်ရပါကလည်း ၂ ရက်လုပ် ၁ ရက်နားဖြင့် တပါတ် ၄၈ နာရီသာ လုပ်ကြရပါသည်။ ယခု တိုင်ရီ တွင် အလုပ်ချိန် ၈ နာရီမှ စသော်လည်း ၇ နာရီ ခွဲ မရောက်ပါက ၁ နာရီစာ ဖြတ်ပါသည်။ အလုပ်သမားတွေ စီက နာရီဝက်ကို ခိုးကာ အသုံးချလိုက်သည်။ ည ၉နာရီ အထိ ၁၄ နာရီ ဆက်တိုက် အလုပ်လုပ်ရသည်။ ၉နာရီ မထိုးမီ အလုပ်သိမ်းရမည် ဖြစ်သော်လည်း ၉ နာရီ ကျော်မှ အလုပ်သိမ်းသည့်အတွက် ၉ နာရီ ၁၀ မိနစ် ၁၅ မိနစ်လောက်မှ စက်ရုံးအပြင်ကို ထွက်ကြရသည်။ ညဖက်တွင် နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ်ခန့်ကို အလုပ်သမား တစ်ယောက်ချင်းစီထံမှ စနစ်တကျ ခိုးယူပြန်ပါသည်။ ပေးသည့်ငွေနည်းသည့်ကြားက အချိန်ပါ ခိုးသည့် အလုပ်ရှင်ပါ။


ရက်မှန်ကြေး

ရက်မှန်ကြေးကို ပထမ ၁၅ ရက် မှန်ပါက ၃ ထောင် ပေးပြီး နောက် ၁၅ ရက်မှန်ပါက ၃ ထောင်ပေးသည့် စနစ်ဖြင့် ကျင့်သုံးနေပါသည်။ တိုင်ရီအလုပ်သမများက ရက်မှန်ကြေး ပထမ ၁၅ ရက်ကို ၄ ထောင်၊ နောက် ၁၅ ရက် ရက်မှန်ပါက ၄ ထောင် စုစုပေါင်း ၈ ထောင်ပေး ရန် တောင်းဆိုသော်လည်း ရက်မှန်ကြေး မပေးတော့ဟု အလုပ်ရှင်မှ အကြပ်ကိုင်လာပါသည်။


ဖြတ်ငွေ

အဆောင်နေ တိုင်ရီ အလုပ်သမများကို ၁ လ ၁ ထောင်ဖြတ်ပါသည်။ ၀န်ထမ်းအားလုံးစီက ထမင်းစရိတ်ကို ၁ လ ၉ ထောင်ဖြတ်ပါသည်။ ကျွေးသည့် ပုံစံက ထမင်းအ၀စား သို့သော် ဟင်းက အသီးအရွက်ကြော်နှင့် တခါတလေ အသားအနည်းငယ်ဖြင့် ပုံစံဖြင့်ကျွေး သည်။ လေဘာကြေး ၁ လကို ၄၅၀ ဖြတ်ကာ ၀င်ငွေခွန်ကို ၁ လ ၁၂၀၀ ဖြတ်သည်။ စုစုပေါင်း ဖြတ်ငွေ - ၁၁၆၅၀ ဖြတ်ပါသည်။


စုစုပေါင်း အလုပ်သမ တစ်ဦးစီ၏ ရငွေ
တနေ့ ၁၄ နာရီ ၇၅ * ၁၄ = ၁၀၅၀
တပါတ် ၆ ရက် = ၆၃၀၀
၎ ပါတ် = ၂၅၂၀၀ သာရပါသည်။ ရက်မှန်ပါက ၆ ထောင် ထပ်ရကာ စုစုပေါင်း = ၃၁၂၀၀ သာရသည်။ ဖြတ်ငွေ ၁၁၆၅၀ ပြန်နှုတ်ပါက ၁၉၅၅၀ သာ ရနေကြသဖြင့် သပိတ် မှောက်နေ ရခြင်းဖြစ်သည်။


ကူညီကြပါ

အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများအားလုံး တိုင်ရီ အလုပ်သမားတွေ ဘက်က ရပ်တည်ပေးပါ လို့ မေတ္တာရပ်ခံပရစေ။ သူတို့ လစာ ၁ နာရီ ၁၅၀ တိုးမှ ယနေ့ခေတ် တိုးမြင့်နေသည့် ကုန်ဈေး နှုန်းကိုမှီနိုင်မည်ဖြစ်သည်။


၁၀ နှစ် အလုပ်သမ၏ ပြောကြားချက်

" အခု ကလေးတွေက လစာအရမ်းနည်းတော့ သူတို့တွေ မဟုတ်တာတွေ လုပ်ဖို့ စဉ်းစား လာကြတယ်။ အခုလာလုပ်တဲ့ သူတွေရဲ့  ၉၈ % ဟာ နယ်ကပါ။ အိမ်ကိုလည်း ပြန်ပို့ချင်ကြတယ်၊ ဒီမှာလည်း အလှပြင်ဖို့ ပစ္စည်းအနည်းအကျင်းလည်း ၀ယ်ချင်ကြတယ်။ အ၀တ်အစားတွေလည်း ၀ယ်ချင်ကြတယ် ပိုက်ဆံမလောက်တော့ မဟုတ်တာတွေ လုပ်ဖို့ စဉ်းစားလာကြတယ်။ သူတို့ လေးတွေ မပျက်စီးရအောင် ကျွန်မတို့ မနည်းထိန်းနေရတယ် "


ကျွန်တော်တို့ ဘာလုပ်ကြမလည်း ??????

မတရားမှုတွင် ကြားနေပါက မတရားမှုကို ထောက်ခံသောသူ ထက် ဆိုးရွာသူ ဖြစ်သည်။

တိုင်ရီ အလုပ်သမားဆနွပြပွဲ ခေါင်းဆောင်အား အမ်အမ်ဂျီ အက်မင် ကိုလင်းအောင်ပြည့်မှ တယ်လီဖုန်းဖြင့် မေးမြန်းချက်

တိုင်ရီ အလုပ်သမားခေါင်းဆောင် ကိုလွမ်းနောင်အား ဖုန်းနဲ့  မေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။

မေး - ဟုတ်ကဲ့ ကိုလွမ်းနောင်နဲ့  စကားပြောချင်လို့ ပါ။

ဖြေ - ကျွန်တော် ကိုလွမ်းနောင်ပါ ခင်ဗျ၊ အခု ဆန္ဒပြနေတဲ့ ခေါင်းဆောင်ပါ။

မေး - ဟုတ်ကဲ့ ခင်ဗျ။ အကိုတို့  သတင်းကို ကြားပါတယ်။ အဲဒီအတွက် ဆက်သွယ်တာပါ။ အကိုတို့ မှာ ဘယ်လို အခက်အခဲတွေ ရှိတယ်။ ကျွန်တော်တို့  ဘက်က ဘာတွေ ကူညီနိုင်မလည်းဆိုတာ သိချင်လို့ ပါ။

ဖြေ - ဟုတ်ကဲ့။ အခက်အခဲတွေကတော့ အများကြီးပေါ့။ အထူးသဖြင့်တော့ တိုင်ရီအဆောင်မှာ နေတဲ့ အမျိုးသမီးတွေ အတွက် စားသောက်တဲ့ကိစ္စနဲ့  ရေမလုံလောက်မှုတွေက ပိုဆိုးပါတယ်။ တိုင်ရီအဆောင်မှာ အမျိုးသမီး အလုပ်သမား (၈၀၀) ကျော်လောက် ရှိပါတယ်။

မေး - ဆန္ဒပြနေတာ ဘယ်နှစ်ရက်လောက် ရှိပြီလဲခင်ဗျ။

ဖြေ - ၁၃ရက် ရှိပါပြီခင်ဗျ။

မေး - နောက်ထပ် ဘယ်လောက်ကြာအုံးမယ်ထင်လည်း ခင်ဗျ။

ဖြေ - အဲ….. ဒီလကုန်ရင်တောင် အဆင်ပြေအုံးမယ် မထင်ဘူးခင်ဗျ။ သူတို့ ဘက်က လိုက်လျောမဲ့ အခြေအနေ မရှိဘူး။

မေး - အကိုတို့ ဘက်က ဘာတွေ တောင်းဆိုထားလဲခင်ဗျ။

ဖြေ - ကျွန်တော်တို့  တောင်းဆိုတာ ၂ချက်ပါ။ ၁နာရီ လုပ်ခ (၇၅) ကျပ်ကို (၁၅၀) ကျပ်တိုးပေးဖို့ နဲ့  ရက်မှန်ကြေး (၆၀၀၀) ကျပ်ကို (၈၀၀၀) ကျပ် တိုးပေးဖို့  ၂ချက်ပဲ တောင်းတာပါ။ သူတို့ ဘက်က (၇၅) ကျပ်မှာ (၂၅) ကျပ်ပဲ တိုးပေးတယ်ခင်ဗျ။ အကို စဉ်းစားကြည့်လေ။ ကြက်ဥ တလုံးတောင် ၀ယ်စားလို့  မရတဲ့ ပိုက်ဆံပဲ။

မေး - စက်ရုံ အလုပ်သမားအားလုံး ဘယ်လောက်ရှိလည်းခင်ဗျ။

ဖြေ - အားလုံး (၁၈၆၀) ယောက်ပါ။

မေး - ဆန္ဒပြတဲ့ ဦးရေရော ဘယ်လောက်ရှိလည်းခင်ဗျ

ဖြေ - (၁၈၂၀) ဦးပါ ခင်ဗျ။ ကျန်တဲ့ (၄၀)ဦးကတော့ သူတို့  လူတွေပေါ့။ အုပ်ချုပ်ရေးပိုင်းက လူတွေပါ။

မေး - ကျွန်တော် လာတွေ့ လို့ ရမလားခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ ရပါတယ်။ မနက်ဖြန် တနင်္ဂနွေတော့ ကျွန်တော်တို့  နားမယ်အကို။ တနင်္လာနေ့ ကို စက်ရုံရှေ့ မှာ ကျွန်တော်တို့  အားလုံး ရှိနေမှာပါ။ လာခဲ့လို့ ရပါတယ်။

မေး - ဟုတ်ကဲ့။ ကျေးဇူးပါ ခင်ဗျ။ အောင်မြင်ပါစေနော်။ အကိုတို့  အားလုံးရဲ့နောက်မှာ ကျွန်တော်တို့ တွေ အားပေးဖို့  ရှိနေပါမယ်။ အားတင်းထားပါခင်ဗျ။

Credit: http://multiplygroups.multiply.com/journal/item/1599/1599

ဆက်စပ်သတင်း: http://www.news-eleven.com/index.php?option=com_content&view=article&id=12428:2012-02-19-19-46-43&catid=42:2009-11-10-07-36-59&Itemid=112

No comments: