Saturday, March 24, 2007

Bird Flu (2)

ကုမုဒြာ။ ။ တကယ်လို့ H5N1ဗိုင်းရပ်စ်လူကို ကူးစက်ရင် ဘယ်လိုသိနိုင်သလဲဆိုတာ ပြောပေးပါဦး။
ကြည်။ ။ စစချင်းလူမှဖြစ်တဲ့ တုပ်ကွေးလို ဖျားမယ်။၃၈ဒီဂရီစင်တီဂရိတ်ထက်ကျော်ပြီး ဖျားမယ်၊ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ကိုယ်လက်ကိုက်ခဲမယ်(Muscle Pain)၊အသက်ရှူကျပ်တယ်၊မောတယ်။ ဒါကိုမသင်္ကာဖွယ် ရာ သို့မဟုတ်ဖြစ်နိုင်ဖွယ်ရာအခြေအနေ[possible or suspected case of influenza type A(H5N1)]လို့ခေါ် တယ်။ဆရာဝန်ပြတော့ H5N1ဖြစ်တဲ့ကြက်ငှက်သို့မဟုတ် လူနာနဲ့ နီးနီးကပ်ကပ်(close contact history)ရှိခဲ့ လားပြန်စစ်ကြည့်ရမှာပေါ့။ ဖြစ်ဖြစ်ချင်း ၄၈နာရီအတွင်း ဆေးပေးရင် ပိုပြီးထိရောက်မှုရှိတယ်။ မြန်မာပြည်မှာ ခုထိတော့ လူကိုကူးတောမတွေ့သေးဘူး။ ဒါပေမဲ့ သတိထားဖို့တော့လိုပြီ။ အထိတ်တလန့် ကြောက်လန့်တကြား သတိထားဖို့ မဆိုလိုဘူး။လိုအပ်တဲ့ လိုက်နာမှုနဲ့ သတိချပ်မှု(awareness)ကိုဆိုလိုချင်တာပါ။
ကုမုဒြာ။ ။ လူအများက ဘယ်လိုသတိချပ်မှုတွေနဲ့ ကာကွယ်မှုတွေပြုလုပ်ဖို့ လိုပါသလဲချင်ဗျာ။
ကြည်။ ။ကြက်ငှက်တွေ သေတာဘာကြောင့်မှန်းမသိရင် သွားမကိုင်နဲ့၊သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပါ။ ငှက်မှန်သမျှသေတာ တွေ့တယ်ဆိုရင်ဂရုပြုပါ။ကြက်မွေးမြူရေးခြံတွေမှာ လေကောင်းလေသန့်ရအောင် သန့်ရှင်းရေးတွေ လုပ်ပေးရမယ်။ကြက်ချေးတွေကို နှာခေါင်းစည်းနဲ့ လက်အိတ် တွေဝတ်ပြီး သေချာရှင်းရမယ်။ကြက်တွေကို တစ်နေရာကနေ တစ်နေရာ သယ်မယ်ဆိုရင် ဇီဝလုံခြုံမှုအတွက် သေချာစိစစ်ရမယ်။ လူဝင်လူထွက် ဂရုပြုမယ်။ထရပ်ကားနဲ့ သယ်ထုတ်မယ်ဆိုရင် ဂိတ်ဝနားမှာ ရေကန်သေး သေးလေးလုပ်ပြီး ပိုးသတ်ဆေးဖျန်းထား၊ကားက အဲသည့်ထဲကဖြတ်သွားရမယ်။ဒါက ခြံထဲမှာမဖြစ်သေးဘူး။အနီး တစ်ဝိုက်မှာဖြစ်နေပြီ ဆိုတာနဲပ လုပ်ရမှာ။ခြံလုပ်သားတွေ အိမ်မပြန်ခင် ဖိနပ်တွေ၊အ၀တ်အစားတွေ အကုန်လဲရ မယ်။ မျက်နှာဖုံးစွပ်သင့်တယ်။ အနည်းဆုံးတော့ တစ်ခါသုံးmaskလေးတွေတပ်သင့်တယ်။ အရေးကြီးတာက လက်သေချာဆေးဖို့ပါပဲ။
ကြက်ခြံထဲမှာ ကြက်သုံးလေးကောင် H5N1တွေ့ပြီဆိုရင် ကျန်တဲ့ကြက်တွေ အကုန်သတ်ပစ်ရတယ်။ရောဂါမပြန့် ပွားသေးသော်လည်း ထိန်းချုပ်တဲ့အနေနဲ့ (cut the transmission)အကုန်သတ်ပစ်ရတာ။ Culling သို့မဟုတ် stamping out လို့ခေါ်တယ်။အဲသည့်နေရာနဲ့ တစ်ကီလိုမီတာ အကွာအတွင်းက ကြက်တွေလည်း အကုန်သတ်။ သူတို့မှာ မရှိသေးပေမဲ့ဖြစ်နိုင်ဖွယ်ရာရှိနေပြီ။ကြက်သေတာကိုမပြောဘဲ တိတ်တိတ်လေးနေလို့ H5N1ဖြစ်ခဲ့သော် အကုန်ပျံ့နှံကုန်မှာပဲ။ တာဝန်သိဖို့လိုတယ်။ ကူးစက်ရောဂါဆိုတာဖုံးဖိထားလေ ပိုဆိုးလေပဲ။ဖိထားရင် ပိုကြီးကြီး လာပြီး မနိုင်ဘူးဖြစ်သွားရော။
ကုမုဒြာ။ ။H5N1 ကငှက်မဟုတ်ဘဲ အခြားအိမ်မွေးတိရိစ္ဆာန်တွေကို ကူးနိုင်ပါသလား။
ကြည်။ ။ ထိုင်းနိုင်ငံမှာ H5N1ကူးစက်ခံရလို့ ကြောင်သေတာနဲ့ တိရိစ္ဆာန်ရုံမှာ ကျားတွေကို ကြက်အစိမ်းကျွေး တော့ ကျားတွေသေတာရှိခဲ့တယ်။ဝက်တွေကိုလည်းကူးနိုင်တယ်။ ခွေးကိုကူးတာတော့မတွေ့ရသေးဘူး။
ကုမုဒြာ။ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားတွေကို သိပါရစေ။
ကြည်။ ။ တုပ်ကွေးဗိုင်းရပ်စ်(influenza virus)ဆိုတာကူးစက်ရောဂါပိုးတွေထဲကမျိုးဗီဇ(RNA)ရှစ်စိတ်ရှိတဲ့ ပြောင်းလဲလွယ်တဲ့ဗိုင်းရပ်စ်ဖြစ်တယ်။ တုပ်ကွေးဗိုင်းရပ်စ်က Type A,B,C သုံးမျိုးရှိတဲ့အထဲကကြက်ငှက်မှာ ဖြစ်တာType A။ Type Aထဲမှာ Subtype အမျိုးမျိုးရှိတယ်။ Hအမျိုးအစား ၁၆ခုနဲ့ N ကကိုးခုရှိတယ်။ ၁၆ခုသော Hနဲ့ ကိုးခုသောNတို့ပေါင်းစပ်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။H1N1, H2N1, H5N1 စသဖြင့်ပေါ့။ အဲသည့် Type Aထဲ မှာမှ လောလောဆယ်ဖြစ်နေတာ H5N1 ဗိုင်းရပ်စ်။
ကုမုဒြာ။ ။ H5N1ဗိုင်းရပ်စ်က တခြား တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ မတူတဲ့အချက်က ဘာတွေဖြစ်မလဲခင်ဗျာ။
ကြည်။ ။ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေထဲမှာH5N1က အပြင်းဆုံးပဲ။ ကျန်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းမှာပဲဖြစ်နိုင်တယ်။ H5N1ကခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်တယ်။ အသက်ရှူ လမ်းကြောင်း၊ အစာအိမ်အူလမ်းကြောင်း၊ဦးနှောက်၊အသည်း၊နှလုံး၊ကြွက်သားအကုန်လုံးမှာဖြစ်နိုင်တယ်။ တချို့ ကအစာလမ်းကြောင်းထဲရောက်လို့ ၀မ်းလျှော်တာရှိတယ်။ ဦးနှောက်ထဲရောက်ပြီး ဦးနှောက်ရောင်တာ (encephalitis)၊ သတိလစ်မေ့မြောတာ(coma)လည်းရှားရှားပါးပါး case reportရှိဖူးတယ်။ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ခုခံအားအရမ်းများပြီး ထိခိုက်တာလည်းရှိတယ်။ Over reaction by the immune system ဗိုင်းရပ်စ်ကြောင့် တစ်မျိုး၊ တုံ့ပြန်မှုလွန်ကဲလို့ တစ်မျိုး ပြင်းပြင်းထန်ထန် ခံရနိုင်တယ်။H5N1က အချိန်မရွေးလည်းဖြစ်နိုင်တယ်။ ငှက်ရိုင်းပျံတဲ့ ရာသီဆိုရင် ပိုဖြစ်နိုင်တယ်။ အမြဲမပြတ် သတိချပ်နေရမယ်။
ဇေယျာလှိုင်( အမှတ် ၂၆၃၊ ၁၆မတ်လ ၂၀၀၇ သောကြာနေ့ထုတ် ကုမုဒြာဂျာနယ်မှ ရယူပါသည်)

No comments: