Saturday, March 24, 2007

Bird Flu (1)

ကြက်ငှက်တုပ်ကွေး အမြဲသတိရှိသင့်
ဆေးတက္ကသိုလ်(၁)အဏုဇီဝဗေဒဌာန၊ ပါမောက္ခဌာနမှုး၊ ပါမောက္ခဒေါက်တာ ကြည်ကြည်သင်းနှင့်တွေ့ဆုံခြင်း
ဖေဖော်ဝါရီ၂၈ရက်က ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ တွေ့ရှိခဲ့တဲ့သံသယဖြစ်ဖွယ် ကြက်ငှက်တုပ်ကွေး ရောဂါကို မတ်၁၀ရက်က H5N1ဗိုင်းရပ်စ် (confirmed H5N1 Avian Influenza)အဖြစ်အတည်ပြုခဲ့ပါတယ်။ ၂၀၀၆ခုနှစ် မတ်လ၈ရက်က H5N1ဗိုင်းရပ်စ်ကို စစ်ကိုင်းနဲ့ မန္တလေးမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး ယခုဒုတိယအကြိမ် ကရန်ကုန်မှာတွေ့ရှိတာပါ။ WHOစာရင်းအရ ၂၀၀၇မတ်လ ၉ရက်နေ့အထိ ကမ္ဘာပေါ်မှာ လူ၂၇၇ယောက် H5N1 ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၆၇ယောက်သေဆုံးပြီးဖြစ်ပါတယ်။ကြက်ငှက်တင်မက ဘဲ လူကိုပါကူးစက်နေပြီဖြစ်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ H5N1နဲ့ပတ်သက်ပြီး ရန်ကုန်ဆေးတက္ကသိုလ်(၁)အဏုဇီဝဗေဒဌာန၊ ပါမောက္ခနှင့် ဌာနမှူး၊ ပါမောက္ခဒေါက်တာကြည်ကြည်သင်းကို မတ်၉ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။အချို့ကို ကောက် နုတ်ဖော်ပြလိုက်ပါတယ်။
ကုမုဒြာ။ ။ H5N1ဗိုင်းရပ်စ်က လူကိုကူးစက်နိုင်ပါသလားခင်ဗျာ။
ဒေါက်တာကြည်ကြည်သင်း။ ။ အရင်တုန်းက ကြက်ငှက်တုပ်ကွေးက ငှက်တွေမှာပဲဖြစ်တာ။H5N1က ၁၉၉၇တုန်းက ဟောင်ကောင်မှာ အသားစားကြက်မှာဖြစ်ပြီး လူကိုကူးတယ်။Avian influenzaကြက်ငှက်တုပ် ကွေး အမျိုးမျိုးထဲမှာ လူကို ကူးတဲ့ ပထမဆုံးသက်သေ သာဓကပဲ။ အဲသည်တုန်းက လူ၁၈ယောက်ကို ကူးတယ်။ ခြောက်ယောက် သေတယ်။ ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေက သာမန်အားဖြင့် လူကိုကူးစက်လေ့မရှိဘူး။ဒါပေမဲ့ ခုတော့ မျိုးရိုးဗီဇပြောင်းလဲပြီး လူတွေကိုပါ ရောဂါပေးနိုင်လာပြီ။influenza virus(တုပ်ကွေးဗိုင်းရပ်စ်)တွေက တခြားvirusတွေနဲ့မတူဘူး။မျိုးဗီဇပြောင်းလဲမှု(mutation)သိပ်များတယ်။
ကုမုဒြာ။ ။ H5N1ဗိုင်းရပ်စ်က ကြက်ငှက်တွေရဲ့ ဘယ်အစိတ်အပိုင်းတွေမှာတွေ့ရတတ်ပြီး ဘယ်လို ကူးစက် တတ်ပါသလဲခင်ဗျာ။
ကြည်။ ။ကြက်ငှက်တွေရဲ့ အစာအူလမ်းကြောင်း၊အသက်ရှူလမ်းကြောင်း၊နှာရည်တွေ၊တံတွေးတွေ၊မစင်တွေ၊ ကြက်တွေကထွက်သမျှအရည်တွေနဲ့သွေးထဲမှာ ဗိုင်းရပ်စ်ကရှိတယ်။စစချင်းကတော့ ငှက်ရိုင်း(wild bird)တွေ အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်တဲ့ငှက်တွေ(migratory water bird)ဆီက ကူးတာပဲ။H5N1ရှိတဲ့ ငှက်ရိုင်းတွေ ကအပေါ်ကဖြတ်ပျံရင်း ရေကန်ထဲမှာ ရေဆင်းသောက်မယ်။မစင်စွန့်မယ်။ အဲသည်ကန်ထဲမှာ အိမ်မွေးငှက် (domestic bird)တွေက အတူရှိနေမယ်ဆိုရင် ရေသောက်ရင်းကူးနိုင်တယ်။ အထူးသဖြင့် ဘဲတွေ၊ သူတို့ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ပေမဲ့ လက္ခဏာမပြဘူး။ ဘဲတွေကို silent reservoir(တိတ်တဆိတ် သိုလှောင်ထား သူ)လို့ခေါ်တယ်။(Trojan horse ဟုလည်းခေါ်သည်။) သူတို့ကတစ်ဆင့် တခြားကြက်ငှက်တွေကို ကူးတယ်။ အဓိက မစင်ကကူးတာပဲ။ ကြက်တွေရဲ့ အမွေးအတောင်တွေမှာ မစင်တွေကပ်နေနိုင်တာပဲ။သည်မှာဆို စက်ဘီး လက်ကိုင်မှာ ဇောက်ထိုးချိတ်ပြီးသယ်သွားရင် အတောင်တွေလှုပ်ခတ်မယ်။ အဲသည်ကြက်မွေးတွေ နှာခေါင်းထဲ ရှူမိရင် ကူးနိုင်တယ်။ ဈေးထဲရောက်ရင် သတ်မယ်၊အမွေးချွတ်မယ်၊ခုတ်ထစ်အူကလီစာထုတ်တော့ သွေးတွေ၊ အရည်တွေ၊ မစင်တွေ ကိုင်တွယ်မိရင် ကူးနိုင်တယ်။ကြက်သတ်တဲ့သူ၊ကြက်ကိုင်တဲ့သူတွေက ဖြစ်နိုင်ခြေများတဲ့ သူတွေ(high risk)ပဲ။
အဲသည်ကြက်သေအစိမ်းတွေကို အိမ်ရှင်မတွေက ၀ယ်တော့ကိုင်မယ်၊စမ်းမယ်၊ရွေးမယ်၊ အသားတွေ၊သွေးတွေ၊ အရည်တွေနဲ့ထိမယ်။လက်မှာ ဗိုင်းရပ်စ်ပါလာရင်finger to face (လက်နဲ့မျက်နှာကို ထိပွတ်မယ်) ကူးနိုင်တယ်။ အိမ်ရှင်မနဲ့ အရောင်းဈေးသည်တွေလည်းhigh riskပဲ။အိမ်ရောက်လို့ ခုတ်ထစ်တော့လည်း စဉ်းတီတုံးက တစ်ဆင့် တခြားအစားအသောက်တွေကို ကူးနိုင်တယ်။ဒါကြောင့် လက်ကိုစင်အောင်ဆေးရမယ်။
ကုမုဒြာ။ ။ရောဂါပိုးပါတဲ့ ကြက်သားကိုအကြမ်းဖျင်း ဘယ်လိုသိနိုင်ပါသလဲ။ အခုလိုကြက်ငှက်တုပ်ကွေးဖြစ်နေတဲ့ အချိန်မှာ ဆရာမကြီးအနေနဲ့ ကြက်ဘဲအသားနဲ့ ဥတွေစားမယ်ဆိုရင် ဘယ်လိုစီမံဆောင်ရွက်ပါမလဲ။
ကြည်။ ။ကြက်သားကိုကြည့်ရင် ပုံမှန်မဟုတ်တဲ့ သွေးနီစက်တွေ အများကြီးရှိနိုင်တယ်။ ကြက်ခြေထောက်တွေ ၊ နှလုံး၊အသည်းနဲ့ လေပြွန်ချောင်းတွေမှာလည်း သွေးအစက်အပျောက်တွေ တွေ့နိုင်တယ်။ဒါဆိုမ၀ယ်ပါနဲ့။၇၀ဒီဂရီ စင်တီဂရိတ်ဆိုရင် ဗိုင်းရပ်စ်က သေတယ်။ သည်မှာတော့ ချက်ရင်ပွက်ပွက်ဆူပြီးနူးတဲ့အထိချက်ကြတော့ ၇၀ ဒီဂရီထက်မကပါဘူး။ ချက်ပြီးသားစားတဲ့လူကတော့ no riskပဲ။ကိုယ်တိုင်ကြက်ဝယ်မယ်ဆိုရင်တော့ ပလတ်စတစ်လက်အိတ်လေးတော့ဆောင်ထားရမယ်။လက်ကို ဆပ်ပြာနဲ့ သေချာဆေးမယ်။ကြက်ဥ၊ဘဲဥမှာလည်း ကြက်ချေးပေတာတွေ ရှိနေတော့ သတိထားရမယ်။H5N1ပါတဲ့ ကြက်ချေးတွေက ဥထည့်တဲ့ဗန်း(tray)တွေမှာ ပေနေမယ်။ အဲသည်ထဲကို ဥခွံကိုဖောက်ပြီး အထဲကိုဝင်နိုင်တယ်။ ကြက်ဥကိုခွဲလို့ ပုံမှန်မဟုတ်ဘဲ အကာနဲ့အနှစ် ရောနေရင်၊ကြေနေရင်၊ပုံမှန်မဟုတ်ရင် မစားနဲ့။အရေးကြီးတာက လုံးဝအစိမ်းမစားနဲ့။မကျက်တကျက်(half fried)တွေ၊(half boiled)တွေမစားနဲ့။ တကယ်စားချင်တယ်ဆိုရင် သေချာခေါက်ပြီး ကျက်အောင်ကြော်စားပေါ့။လောလောဆယ် ရန်ကုန်တိုင်းထဲမှာဖြစ်နေပြီဆိုတော့ မစားသေး ဘူး။ မန္တလေးမှာဖြစ်တုန်းကတော့စားတယ်။

No comments: