Friday, January 6, 2012

ဝက်ပင်စိမ်းအစပ်ချက်၊ ပဲကြီးနှပ်နဲ့ ဘူးညွန့်ဟင်းချို


အသားမှာဝက် အသီးမှာသရက်တဲ့ ဒီဆိုစကားကို အသက်အရွယ်ရလို့ ဟင်းချက်ကြည့်တော့မှာပဲ သဘောပေါက်တယ်။ ပုံစံအမျိုးမျိုး ချက်မလား ကြော်မလားရတယ်။ အနည်းဆုံး ရေလေးဂျင်းလေးနဲ့ဆီခန်းပြုတ်ဦး စားကောင်းတယ်နော်။

အခု အညာချက်နည်းတော့မဟုတ် ရန်ကုန်မှာချက်တဲ့ ၀က်သားကိုပင်စိမ်းနံ့လေးသင်းပြီး ခပ်စပ်စပ်လေးချက်၊ ပဲကြီးကိုနှပ်၊ ဘူးညွန့်ကို ဟင်းချိုအရည်သောက်ချက်နည်းလေးတွေကိုဝေမျှပါ့မယ်။ အရသာတွေ့နိုင် ထမင်းမြိန်နိုင်ကြပါစေ။

ဝက်ပင်စိမ်းအစပ်ချက်

ပါဝင်ပစ္စည်းများ

ဝက်သား(မိုးခိုသား) - ၂၀ ဆယ်သား (ရေဆေးပြီး တောက်တောက်စင်း)၊

ကြက်သွန်ဖြူ - ၁၀မြွှာ (ဓားပြားရိုက်ထားပါ)

ငရုတ်သီးစိမ်း - အတောင့် ၂၀ (ရေဆေးပြီး ဓားပြားရိုက်ရန်)

ငရုတ်ကောင်းမှုန့် - စတီးဇွန်းသေး ၁ ဇွန်း

ပင်စိမ်းရွက် - ၁၀ ပင် (အရွက်ခြွေပြီး ရေဆေးထားရန်)

ငရတ်သီးအရောင်မှုန့် - အနည်းငယ်

ဆီ - ၂ ကျပ်ခွဲသား

ဆား၊ သကြား - အနည်းငယ်စီ

ချက်ပြုတ်ပုံ

ဟင်းစချက်ရန် အားလုံးပြင်ဆင်ပြီးရင် ဆီပူအိုးထဲတွင် အသင့်ပြင်ဆင်ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းနဲ့ ငရုတ်သီး အရောင်တင် မှုန့်ကိုထည့် ဆီသတ်ပါ။ ကြက်သွန်ဖြူများနွမ်းလာရင် ၀က်သား၊ ဆား၊ သကြား၊ အချို၊ အငန် အားလုံးထည့်ပြီး သမနှံ့စပ်အောင်မွှေ ပေးပြီး အဖုံးခဏအုပ်ထားပါ။ ၁ မိနစ်လောက်နေရင် ရေကို ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးစာလောက်ထည့်ကာ မွှေပေးပြီး ပြန်အုပ် ပေးပါ။ ၀က်သားကို တောက်တောက်စင်းထားတဲ့အတွက် အကြာကြီးချက်စရာ မလိုပါဘူး။ ခဏလေးချက်ရုံနဲ့ အသားနူးပါတယ်။

ဟင်းအိုး ရေခန်းပြီးဆီပြန်သွားရင် ငရုတ်ကောင်းမှုန့်နဲ့ ပင်စိမ်းရွက်လေး အုပ်ခတ်လိုက်ပါ။ ပင်စိမ်းနံ့လေးသင်းနေတဲ့ ၀က်ပင်စိမ်း အစပ်ချက်ဟင်း ကျက်ပါပြီ။

ပဲကြီးနှပ် ပြင်ဆင်ချက်ပြုတ်ပုံ

ပဲကြီး(စိမ်းစိမ်းနုနု) အခွံနွှာပြီးသား - ၂၀ ဆယ်သား (ရေဆေးသန့်စင်ထားရန်)

ကြက်သွန်ဖြူ - ၅မြွှာ (မညက်တညက် ထောင်းထားရန်)

ကြက်သွန်နီ - ၃ ဥ (အခွံနွှာပါးပါးလှီးထားရန်)

ဆား၊သကြား၊နနွင်း - အနည်းငယ်

ပထမဆုံး ဆီပူအိုးထဲတွင် နနွင်း၊ ကြက်သွန်နီ ထည့်၍ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သန်းလာရင် ပန်းကန်တစ်ခုထဲ ဆယ်ထားပါ။ ကျန်ဆီများထဲတွင် ကြက်သွန်ဖြူကိုထည့် ဆီသတ်ပါ။ ကြက်သွန်ဖြူများ အနည်းငယ်နွမ်းသွားလျှင် ပဲကြီး၊ ဆား၊ သကြားတို့ကိုထည့်ပြီး သမအောင်မွှေ၍ ရေစတီးဇွန်းကြီး ၁ဇွန်း ထည့်မွှေပြီး မီးအေးအေးဖြင့်နှပ်ပါ။ ပဲကြီးများ နူးအိပြီး ဆီပြန်လာရင် အရသာမြည်းကာ ပန်းကန် တစ်ချပ်တည်းထည့်ပြီး ကြက်သွန်နီကြော်များ အပေါ်မှဖြူးပြီးရင် သုံးဆောင်လို့ရပါပြီ။

ဘူးညွန့်ဟင်းချို ပြင်ဆင်ချက်ပြုတ်ပုံ

ဘူးညွန့်နုနု - ၁စည်း (အရွက်များခြွေပြီး ပိုင်းဖြတ်ရေဆေးထားရန်)

ပုစွန်ခြောက်မှုန့် - စတီးဇွန်းသေး ၁ဇွန်း

ကြက်သွန်ဖြူ - ၅မြွှာ (အခွံနွှာထုထောင်းထားရန်)

ဆား၊ငံပြာရည် - အနည်းငယ်စီ

အချိုအရသာအတွက် - ကြက်သားမှုန့်(သို့)သင်နှစ်သက်ရာအချိုပစ္စည်း အနည်းငယ်

အနေတော် ဒန်အိုးထဲတွင် ရေ နို့ဆီဘူး ၄/၅ဘူးခန့်ထည့်၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ အသားမှုန့် အားလုံးထည့် ပြီးတည်ပါ။ ဟင်းရည်ဆူပွက်လာပြီး အရွက်များ အစိမ်းနံ့ပျောက်ပြီဆိုရင် အရသာမြည်း၍ သုံးဆောင်ပါ။

မှတ်ချက် - အရည်သောက်ဟင်းရည်ချက်ရာတွင် ပုစွန်ခြောက်မှုန့် မသုံးဘဲ ငါးအသားကိုလည်း သုံးနိုင်ပါတယ်။

No comments: