Tuesday, January 31, 2012

လူငယ်ထုအတွက် စိတ္တသတ္တိ ပြုစုပျိုးထောင်ရေး

အာနာပါနသတိပဋ္ဌာန်ဖြင့် လူငယ်ထုအတွက် စိတ္တသတ္တိ ပြုစုပျိုးထောင်ရေး


မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းသည် နည်းပညာတိုးတက် ထွန်းကားလာသည်နှင့်အမျှ လူသားတို့အဖို့ လိုချင်စရာ၊ တပ်မက်စရာ တွေက တစ်နေ့ထက်တစ်နေ့ နာရီ၊ မိနစ်မခြား တိုးပွားလျက်ရှိပေသည်။ ကမ္ဘာတစ်ဝှမ်းကို စက္ကန့်ပိုင်းအတွင်း လှည့်ပတ်ဆက်သွယ် ကြည့်ရှုနိုင်သော အင်တာနက်၏ကျေးဇူးဖြင့် ဘယ်နေရာမှာ ဘာထုတ်ကုန်အသစ်အဆန်းတွေ ပေါ်နေပြီဆိုခြင်းအား ချက်ချင်း သိရှိနိုင်ကြ သည်။ ကွန်ပျူတာဝါသနာရှင် လူငယ်အချို့ဆိုလျှင်လည်း တစ်နေ့ထက်တစ်နေ့ ဆန်းသစ်တီထွင်လာသော အသုံးချ အပျော့ထည်သစ် များ (Application Softwares) နောက်သို့ တရှိုက်မက်မက်လိုက်ရင်း တန်ဖိုးရှိသောအချိန်ကို ဖြုန်းတီးနေကြသည်။ အကျိုးရှိအောင် အသုံးချဖို့ထက် အသစ်အဆန်းကို သုံးစွဲလိုသောဆန္ဒက လွန်ကဲနေကြသည်။


ခေတ်စနစ်အခြေအနေ ပြောင်းလဲမှုနှင့်အတူ ယခင်က အပိုလိုအပ်ချက်အဖြစ် သတ်မှတ်ခဲ့သောအရာများသည် ယခုအခါ လူသားတို့အဖို့ မရှိမဖြစ်ပစ္စည်းတွေအဖြစ် နေရာယူလာကြသည်။ ယခင်က မော်တော်ကား၊တယ်လီဖုန်း၊ကွန်ပျူတာ၊ ရုပ်မြင်သံကြားစက်၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်ဆိုသည်များမှာ လူသားတစ်ယောက်၊ မိသားစုတစ်စု ဘ၀ရပ်တည်ရှင်သန်ရေးနှင့် တိုက်ရိုက်ပတ်သက်မှုမရှိချေ။ အပို လိုလားချက် (Wants) တွေသာ ဖြစ်ခဲ့သည်။ မရှိမဖြစ်လိုအပ်ချက် (Needs) တွေ မဟုတ်ခဲ့။ ယခုမူ ထိုသို့မဟုတ်တော့ချေ။ ပတ်ဝန်းကျင် ၏ လှုံ့ဆော်မှုက ကြီးမားလှသလို ကုန်ထုတ်လုပ်ရောင်းချသူတို့၏ ဈေးကွက်တင်မဟာဗျူဟာ (Marketing Strategies) မျိုးစုံအောက် တွင် လူသားတို့ အလူးအလိမ့်ခံနေကြရသည်။ ယခင်က 'အပိုလိုလားချက်များ' ဟုယူဆထားသော အရာများကို ယခုတော့ 'မရှိမဖြစ်လို အပ်ချက်တွေ' အဖြစ်ခံယူလာကြသည်။ ဤတွင် မိမိတို့၏ စွမ်းဆောင်ရည်က ထိုလိုအပ်ချက်များကို ဖြ ည့်ဆည်းနိုင်စွမ်း မရှိသည့်အခါ စိတ်ဖိစီးမှုတွေ ခံစားလာကြရသည်။

တစ်ခုပြည့်စုံလို့မှ မကြာသေး၊ နောက်ထပ်လိုချင်တပ်မက်စရာတွေက တသီကြီးပေါ်လာသည်။ ရိုးရိုး ရေဒီယိုလေးတစ်လုံး ပိုင်လျှင် တော်ပါပြီဆိုပြီး ကြိုးစားရာမှ ရေဒီယိုဝယ်နိုင်သည့်အချိန်မှာ ကက်ဆက်ရီကော်ဒါတွေပေါ်လာသည်။ ကက်ဆက်တစ်လုံး ၀ယ်နိုင်ချိန်တွင် တယ်လီဗေးရှင်းတို့ ဗီဒီယိုဖွင့်စက်တို့ ပေါ်လာပြန်သည်။ ထိုအရာတွေ ၀ယ်နိုင်ပြန်တော့ ဗီစီဒီတို့၊ ဒီဗီဒီတို့ဆိုတာတွေရောက်လာပြန် သည်။ လူ့ဝန်းကျင်အသိုင်းအ၀န်းတွင် ဒါတွေမှမရှိလျှင်၊ မသိလျှင် လူရာမ၀င်တော့သလိုလို ခံစားလာကြရသည်။


လိုချင်စရာတွေက ရှေ့မှပြေး၊ လူသားတို့က နောက်မှလိုက်နှင့် ရင်မောစရာအတိပြီးသော လောကဖြစ်သည်။ ဒါတွေကိုရဖို့၊ ဒါတွေနဲ့ ပြည့်စုံဖို့ဆိုသည်က ငွေလိုသည်။ ငွေရဖို့ဆို ဘယ်လောက် ပင်ပင်ပန်းပန်းလုပ်ရပါစေ မောသည်ပန်းသည်ဟု စိတ်မှာမထင်။ သို့သော် ကြာတော့ထိခိုက်လာသည်။ စိတ်တင်းကျပ်မှုတွေ များလာသည်။ သွေးဖိအားတွေ များလာသည်။ အဆိုပါရုပ်ဝတ္ထုအသစ်အဆန်းတို့ကို ရယူပိုင်ဆိုင်နိုင်ဖို့ တစ်သက်လုံး စောင့်ထိန်းခဲ့သမျှ ကိုယ်ကျင့်သိက္ခာတရားကို မျက်ကွယ်ပြုရနိုးနိုး ရင်တွင်းပဋိပက္ခတွေ ဖြစ်လာတော့ သည်။ အမှန်တရားကို မြတ်နိုးကိုးစားသောစိတ် (၀ါ) စိတ္တသတ္တိတွေ လျော့နည်းလာသည်။ သူ့အထွာနှင့်သူဆိုသလို မဖွံ့ဖြိုးသော လူ့ အဖွဲ့အစည်းတွေမှာရော ဖွံ့ဖြိုးပြီး လူ့အဖွဲ့အစည်းတွေမှာပါ အဆိုပါ လိုလားတပ်မက်မှုများကို အရင်းခံ၍ စိတ်တင်းကျပ်ဖိစီးမှုနှင့် ရင်တွင်းပဋိပက္ခတို့၏ ဒဏ်ချက်ကို မခံစားရသူဟူ၍ မရှိပေ။


အဆိုပါပြဿနာမှာ လူမျိုး၊ ဘာသာ၊နိုင်ငံနယ်နိမိတ်အပိုင်းအခြား မှန်သမျှကို ဖြတ်ကျော်လျက် နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်သာ ရှိပေသည်။ နေရာတိုင်းတွင် စိတ်တင်းကျပ်စရာတွေ ကြုံတွေ့နေကြရသည်။ လူအချို့က ဤပြဿနာတို့၏ အကြောင်းရင်းသည် ရုပ် ၀တ္ထုပစ္စည်းမပြည့်စုံမှုကြောင့်သာ ဖြစ်သည်ဟုယူဆကြသည်။ ရုပ်ဝတ္ထုပစ္စည်းသာ ပြည့်စုံကြွယ်ဝမည်ဆိုပါက မည်သည့်နိုင်ငံမည်သည့် လူ့အဖွဲ့အစည်းမဆို ငြိမ်းချမ်းပျော်ရွှင် ချမ်းမြေ့မှုနှင့် ပြည့်စုံသော သာယာရွှေပြည်ကို ထူထောင်နိုင်လိမ့်မည်ဟုဆိုကြသည်။

သို့ရာတွင် ငွေရေးကြေးရေးပြဿနာ လုံးဝမရှိဘဲ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံအဆင်ပြေနေသည့် နိုင်ငံကြီးများအား လေ့လာကြည့်ပါက သူတို့လည်း မဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းများနည်းတူပင် ဒုက္ခဆင်းရဲခြင်းကို ပုံသဏ္ဌာန်မျိုးစုံနှင့် ကြုံတွေ့နေကြရသည်ကို တွေ့ရှိ နိုင်ပေသည်။ နိုင်ငံတစ်ခု ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ၊ အနောက်တိုင်းမှဖြစ်စေ၊ ဆိုရှယ်လစ်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ အရင်းရှင်စနစ်ကျင့်သုံးသည်ဖြစ်စေ၊ ဗဟိုဦးစီးစနစ်ကျင့်သုံးသည်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည်ဖြစ်စေ ဤအချက်တွင်ကား ခြားနားမှု တစ်စုံတစ်ရာမရှိပါချေ။


ပမာအားဖြင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်သော အိန္ဒိယသည် တစ်ခေတ်တစ်ခါက အသောကအင်ပါယာ၊ မဂို အင်ပါယာ စသည်ဖြင့် ကြီးကျယ်ခမ်းနားသော လူ့အဖွဲ့အစည်းကြီးကို ထူထောင်နိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အရသာမက နာမ်ပိုင်းဆိုင်ရာ တွင်ပါ ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီးတစ်ခုဖြစ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်း ချမ်းသာကြွယ်ဝပြီး အေးချမ်းသာယာမှုလည်း ရှိခဲ့သည်။ မျက်မှောက်ခေတ်တွင်ကား အိန္ဒိယသုတေသီတို့၏ လေ့လာချက်အရ ယင်းတို့၏လက်ရှိပညာရေးစနစ်သည် ကလေးသူငယ် လူငယ် တို့အား ပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာသန်စွမ်းသော နိုင်ငံသားများ ဖြစ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးရေးတွင် အကြီးအကျယ် ပျက်ကွက်နေသည်ဟု ဆိုသည်။


စာသင်ကျောင်းများမှ ကလေးသူငယ်များ ရရှိလိုက်သည်မှာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုရရန်ပင် မသေချာမရေရာလှသည့် အပြင် မိမိကိုယ်ကို ယုံကြည်မှု၊ တာဝန်ယူနိုင်စွမ်း၊ ပျော်ရွှင်ချမ်းမြေ့မှုနှင့် ကျန်းမာသန်စွမ်းမှုအတွက်လည်း အာမခံချက်မရှိဟု သုတေသီ များကဆိုသည်။ စစ်မှန်သော ပညာရေးစနစ်ဆိုသည်မှာ ဘ၀တစ်သာတာအတွက် ရုပ်ပိုင်းရော၊ နာမ်ပိုင်းအတွက်ပါ အာမခံချက် ပေးစွမ်း နိုင်ရမည်။ ယခုလက်ရှိ ကျောင်းသင်ပညာရေးစနစ်ကမူ ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်တွင် ရင်ဆိုင်ရမည့် လောကဓံ တရားတို့ကို မှန်ကန်စွာ တုံ့ပြန်နိုင်စွမ်းမရှိဟု သုတေသီတို့က ကောက်ချက်ချကြသည်။


တချို့သော ပုဂ္ဂိုလ်များကမူ ကလေးသူငယ်များထံသို့ အပြုသဘောဆောင်သည့် အရည်အသွေးကောင်းများ (၀ါ)ကိုယ်ကျင့်တရား ဆိုင်ရာ စံနှုန်းကောင်းများကို သင်ကြားပို့ချပေးဖို့ အားထုတ်ကြိုးပမ်းကောင်း ကြိုးပမ်းကြပေလိမ့်မည်။ သို့သော် ကလေးသူငယ်များ အနေနှင့် မိမိစိတ်ကိုမိမိ ထိန်းသိမ်းနိုင်စွမ်း ရှိလာစေရန်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာရန် သင့်တင့်လျောက်ပတ်ပြီး ထိရောက်မှုရှိသော နည်းစနစ်များကိုအသုံးပြုဖို့ လိုအပ်လှသည်။ ထိုသို့မဟုတ်ပါက ရှေးရိုးစဉ်လာ နီတိစာအုပ်ကြီးများမှာ ပါရှိသည့်အတိုင်း လှေနံဓားထစ် သင်ကြားမှုမျိုးဖြင့်ကား အကျင့်စာရိတ္တကောင်းမွန်ရေးအတွက် ဆုံးမပဲ့ပြင်မှုပြုရန် မလွယ်ကူလှချေ။ လက်ရှိခေတ်ကာလ အခြေအနေ အပြောင်းအလဲနှင့် ဆီလျော်မှုမရှိသော လှေနံဓားထစ် သင်ကြားမှုသည် တန်ပြန်ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည့်အပြင် ကလေးသူငယ် များအား အယူအဆ လွဲချော်သွားစေနိုင်သည်။


လောကဓံကို မတုန်လှုပ်သော စိတ်နေစိတ်ထား၊ ပတ်ဝန်းကျင်၏ဖြားယောင်းလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် လိုချင်တပ်မက်မှုများ ကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်နိုင်သော စွမ်းရည်တို့ဖြင့် ပြည့်စုံသည့် လူကြီးလူကောင်းများ ဖြစ်လာစေရန် ကလေးသူငယ်ဘ၀မှာပင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပေသည်။ ထို့အပြင် အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည် မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်ရှိ အခြား လူသားအားလုံးအတွက်ပါ ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးပေးနိုင်သည့် မရှိမဖြစ်သော လိုအပ်ချက် တစ်ခုဖြစ်သည်ဆိုခြင်းကို ကလေး သူငယ်ဘ၀ကပင် နားလည် သဘောပေါက်သွားစေရန် လိုအပ်ပေသည်။


ဤတွင် မိမိစိတ်ကိုမိမိ ပိုင်နိုင်စွာထိန်းသိမ်းထားနိုင်ခြင်းသည် လူသားတို့၏ ကိုယ်ကျင့်တရား စောင့်ထိန်းရေးတွင် လွန်စွာအရေးပါသော လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဆိုခြင်းကို ကျွန်ုပ်တို့မမေ့လျော့သင့်ပေ။


ကလေးသူငယ်များတွင် ကိုယ်ကျင့်တရား စောင့်ထိန်းမှုအလေ့အထ ထွန်းကားလာစေရန်မှာ နီတိတရားများသင်ကြားပေးရုံသက်သက်ဖြင့် မလုံလောက်တော့ချေ။ စိတ်ကို ဖြူစင်သန့်ရှင်းအောင် နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်မှုသည်သာ စစ်မှန်သော စာရိတ္တပညာရေး အတွက် အမှန်တကယ် စွမ်းဆောင်ပေးနိုင်ပေလိမ့်မည်။


ဤတွင် နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်ခြင်းကို ကျောင်းပညာသင်ကြားရေး၏ အရေးပါသောအခန်းကဏ္ဍတစ်ခု ဖြစ်လာနိုင်စေမည့် ကြောင်းကျိုးခိုင်လုံသည့် နည်းလမ်းတစ်ရပ် လိုအပ်လာတော့သည်။ အဆိုပါနည်းလမ်းသည် လူမျိုး၊ဘာသာ၊ကျား/မ မရွေး၊ အသက် အရွယ်မရွေး လိုက်နာကျင့်သုံးနိုင်ရပေမည်။ အိန္ဒိယလို နိုင်ငံမျိုးရှိ စာသင်ကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ကလေး သူငယ်များမှာ ကွဲပြားခြားနားသည့်ဇာတ်၊ အယူဝါဒအသီးသီး ရှိသူများဖြစ်ကြပေရာ ယင်းနည်းလမ်းသည် ဂိုဏ်းဂဏအစွဲ ကင်းရှင်းရန် လည်း အထူးလိုအပ်လှပေသည်။


ယင်းနည်းလမ်းအား ဟိန္ဒူတစ်ဦးက လေ့လာသင်ယူနိုင်သလို၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ မူဆလင်၊ ဂျိန်းဘာသာဝင်၊ ဆစ်(ခ)၊ ပါရစီနှင့် ဂျူးတို့ကလည်း သင်ယူလိုက်နာကျင့်သုံးနိုင်ရပေမည်။ ရိုးစင်းပြီး ဆွဲဆောင်မှုလည်းရှိရမည်။ အရေးအကြီးဆုံးမှာ ယင်းနည်းလမ်းသည် ထိရောက်မှုရှိပြီး ကလေးသူငယ်များတွင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုကို ဖြစ်ထွန်းလာစေရမည် ဖြစ်သည်။


ကံအားလျော်စွာပင် အိန္ဒိယပညာရေး သုတေသီတို့သည် အဆိုပါအင်္ဂါရပ်တို့နှင့်ပြည့်စုံသော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယင်းကား ၀ိပဿနာတရားအားထုတ်ခြင်း၏ အခြေခံအစပျိုးအဆင့်ဖြစ်သည့် 'အာနာပါန' ကျင့်စဉ်ပင်ဖြစ်သည်။


အိန္ဒိယ ပညာရေးသုတေသီတို့သည် စာသင်ကျောင်းများတွင် 'အာနာပါန' ကျင့်စဉ်ကို စမ်းသပ်ပို့ချခဲ့ကြသည်။ ဤတွင် ကလေးသူငယ် များသည် အာနာပါနတည်းဟူသော ၀ိပဿနာတရားအားထုတ်ခြင်း၏ ပထမဦးဆုံးအဆင့်ကို ကောင်းစွာသင်ယူနိုင်စွမ်းရှိကြောင်းတွေ့ ရှိရသည်။ အာနာပါနကျင့်စဉ်သည် ရိုးစင်းပြီး သင်ယူရန်လွယ်ကူသော၊ အချိန်မရွေးအားထုတ်နိုင်သော ဓမ္မဓိဋ္ဌာန်ကျပြီး ရုပ်ပိုင်းရော၊ နာမ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိသော နည်းလမ်းဖြစ်ကြောင်းကိုလည်း တွေ့ရှိရသည်။


ကလေးသူငယ်ဟူသည် သဘာဝအားဖြင့် လေ့လာသင်ယူမှုတွင် တက်ကြွကာ စိတ်အားထက်သန်ပြီးသူများဖြစ်ကြသည်။ ကမ္မဋ္ဌာန်း တရား အားထုတ်ခြင်းအလုပ်သည် လူအိုများနှင့် ပင်စင်စားများအတွက်သာဟူသော လွဲမှားသည့် အစဉ်အလာအယူအဆ တည်ရှိ နေခြင်းမှာ ကိုယ်တွေ့ဗဟုသုတ ခေါင်းပါးခြင်းနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်မှုဟု အမည်ခံယူထားသည့် အခြားအခြားသော ကျင့်စဉ်များ ကြောင့်သာ ဖြစ်သည်။ ကွဲပြားခြားနားသည့် လူမှုစီးပွားရေး အဆင့်အတန်းအသီးသီးမှ လာကြပြီးဘာသာအယူဝါဒနှင့် ဇာတ်အမျိုးမျိုးကို ခံယူထားကြသော ကလေးသူငယ်များ၏ အာနာပါနအားထုတ်နိုင်စွမ်းကို စောင့်ကြည့်သည့်အခါတွင်ကား လူအိုများနှင့် ပင်စင်စာားများ အတွက်သာဟူသော ဆိုရိုးစကားမှာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပေတော့သည်။


ကျောင်းသားသူငယ်လေးတို့သည် အာနာပါနတရားကို စိတ်အားထက်သန်စွာ အားထုတ်ခဲ့ကြသည်။ အာနာပါနကျင့်စဉ်ကို အားထုတ် ခြင်းဖြင့် ကျောင်းသားသူငယ်လေးများတွင် စိတ်ဓာတ်တည်ငြိမ်ခိုင်ခန့်မှု၊ မိမိကိုယ်မိမိ ယုံကြည်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုဟူသော အရည် အသွေးကောင်းများ ထွန်းကားလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။


ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း မည်မျှရှိနေသည်ဆိုစေ အိန္ဒိယလိုနိုင်ငံကြီးနှင့် နှိုင်းစာလျှင် အမျိုးဘာသာ ကွဲပြား ခြားနားမှုမှာ မဆိုစလောက်သာ ဖြစ်သည်။ လူသားအချင်းချင်း လူကိုလူလိုမမြင်နိုင်ရန် မောဟတရားဖုံးလွှမ်းစေသည့် ဇာတ်ခွဲခြားမှုစနစ် ဆိုသည်မှာကား မြန်မာတိုင်းရင်းသားတို့အတွက် အလျဉ်းကင်းရှင်းသော ပြဿနာတစ်ရပ်သာ ဖြစ်သည်။


မျိုးဆက်သစ်လူငယ်ထုအတွင်း သူတို့တစ်ဦးချင်းစီ၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက် ပိုမို ကောင်းမွန် ငြိမ်းချမ်းသည့် အနာဂတ်ကို ဖန်တီးရန်အတွက်လည်းကောင်း စိတ္တသတ္တိမျိုးစေ့ချပေးခဲ့ရန်မှာ ကျွန်ုပ်တို့အဖို့ အရေးအကြီး ဆုံးသော ဘ၀ပေးတာဝန်တစ်ရပ်ပင် ဖြစ်သည်။ သို့မှသာ မဝေးတော့သော အနာဂတ်တွင် မလွဲမသွေကြုံတွေ့ရမည့် ကမ္ဘာဆန်လာမှုနှင့် ယဉ်ကျေးမှု အကွေ့အပြောင်းတို့အပေါ် တည်ငြိမ်စွာ တုံ့ပြန်နိုင်စွမ်းရှိသည့် မြန်မာလူငယ် မျိုးဆက်သစ်တစ်ရပ် ပေါ်ထွန်းလာပေလိမ့် မည်။


စင်စစ်အားဖြင့် အမှန်တရား (၀ါ) ဓမ္မဟူသည် ပစ္စုပ္ပန်တွင် ကြုံတွေ့ရသည့် ပြဿနာအထွေထွေကို မိမိရော သူတစ်ပါးပါ အကျိုးမယုတ် စေဘဲ ငြိမ်းချမ်းစွာ တုံ့ပြန်ဖြေရှင်းနိုင်သော နည်းလမ်းတစ်ရပ်သာ ဖြစ်ပေသည်။ ယင်းသို့တုံ့ပြန်နိုင်သော စွမ်းဆောင်ရည်ရှိဖို့ဆိုသည်မှာ စိတ်တည်ငြိမ်မှုရှိဖို့က အဓိကပဓာနလိုအပ်ချက် ဖြစ်သည်။


ယင်းလိုအပ်ချက်ကို ဖြည့်စွမ်းနိုင်သည့် နည်းလမ်းသည်ကား 'အာနာပါန' တည်းဟူသော ထွက်လေ၊၀င်လေကို ရှုမှတ်ခြင်းဖြင့် သမာဓိအား ထူထောင်ခြင်းပင် ဖြစ်သည်။ ယင်းနည်းစဉ်သည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ကြံ့ခိုင်မှုကို ဖြစ်ထွန်းစေသည့်အပြင် အဆုတ်ထဲသို့ အောက်ဆီဂျင်ဓာတ်လုံလောက်စွာ ပို့လွှတ်နိုင်သဖြင့် သွေးလည်ပတ်မှုကောင်းမွန်ကာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုကိုလည်း ပေးစွမ်း နိုင်ပါသည်။ ဤမျှ အကျိုးကျေးဇူးရှိသော ကျင့်စဉ်ကို အမျှော်အမြင်ကြီးမားသည့် မည်သို့သော ဘာသာရေးခေါင်းဆောင်ကမျှ မိမိတို့ ဘာသာတရားနှင့် ဆန့်ကျင်သည်ဟု ကန့်ကွက်လိမ့်မည် မဟုတ်ပါချေ။


ဘာသာအမျိုးမျိုး၊ လူမျိုးအထွေထွေ၊ ဇာတ်အပြားပြား ခြားနားလျက်ရှိသော အိန္ဒိယလိုနိုင်ငံကြီးရှိ စာသင်ကျောင်းအချို့တွင်ပင်လျှင် အာနာပါနသင်တန်းကို အောင်မြင်စွာ ပို့ချနေပြီဖြစ်ရာ နောင်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာဖွယ်ရှိပါသည်။


ဤစာစုကို အိန္ဒိယနိုင်ငံရှိ စာသင်ကျောင်းငယ်တစ်ခုမှ အာနာပါနသတိပဋ္ဌာန်သင်တန်း တက်ရောက်နေသည့် ကလေးသူငယ်လေးများ ရွတ်ဆိုနေကျဖြစ်သော အောက်ပါလင်္ကာလေးဖြင့် နိဂုံးချုပ်အပ်ပါသည်။


"ဓမ္မဆိုတာ

ဟိန္ဒိုမဟုတ်သလို ဗုဒ္ဓဘာသာဝင်မဟုတ်ပါ။

ခရစ်ယာန်မဟုတ်၊ ဆစ်(ခ)မဟုတ်၊

မူဆလင်မဟုတ်၊ ဂျိန်းဘာသာဝင်လည်း မဟုတ်ပါ။

ဓမ္မဆိုတာ

နှလုံးသားမှာဖြူစင်မှုပါ၊

ငြိမ်းချမ်း၊ ပျော်ရွှင်၊ တည်ငြိမ်မှုရယ်သာ။"


ဝန်ခံချက်။ ။ ဤစာစုကို ရေးသားရာတွင် အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် ၀ိပဿနာ နှီးနှောဖလှယ်ပွဲများတွင် သုတေသီများ ဖတ်ကြား တင်သွင်းခဲ့သော ၀ိပဿနာစာတမ်းများကို မှီငြမ်းကိုးကားပါသည်။

ဝင်းသိန်းဦး

(၁၇.၈.၀၁)

(မြတ်သတိဝါဒီ၊ အမှတ်-၁၄၊၂၀၀၁ခုနှစ်၊အောက်တိုဘာ)

No comments: