Monday, January 16, 2012

မိုင်းသောက်ကျောက်နီ ထမင်းသုပ်



ကျွန်တော်တို့ မြန်မာလူမျိုးအတော်များများဟာ ဆန်ကိုအခြေခံ အစားအစာအနေနဲ့ ပင်တိုင်စားတတ်ကြတာများပါတယ်။ ဘာကြီးပဲစား လိုက်စားလိုက် ထမင်းမှမစားလိုက်ရရင် ဗိုက်ပြည့်တယ်လို့ကိုမထင်မိတာအမှန်ပါပဲ။ ထမင်းကို ဟင်းမျိုးစုံနဲ့စား၊ ထမင်းကို ပဲပြုတ်လေး နဲ့နယ်ဆီလေးဆမ်းစား၊ ထမင်းကြော်စား၊ အလွယ်တကူ အစာပလာရှိရင် သုပ်စား စသဖြင့်ပေါ့နော်။

ကျွန်တော်အခုပြောပြမယ့်အစားအစာက ထမင်းသုပ်တစ်ပွဲအကြောင်းပါ။ ထမင်းကိုသုပ်စားကြရမှာ နယ်မြေဒေသ တိုင်းရင်းသားလူမျိုး အလိုက်သုပ်စားပုံခြင်း ကွဲပြားတတ်ကြပါတယ်။ ဆိုလိုတာက ဗမာသုပ်နဲ့ ရှမ်းပြည်ကသုပ်တဲ့ ထမင်းသုပ်မတူပါဘူး။ တဖန် ရန်ကုန် ထမင်းသုပ်နဲ့ ပြည်ကထမင်းသုပ်ကမတူပြန်ပါဘူး။

အခု စာရေးသူ မင်းသန့်ဦး(တောင်ကြီး) ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းဓလေ့ အစားအစာများ ဆောင်းပါးထဲက မိုင်းသောက် ကျောက် နီ ထမင်းသုပ်အကြောင်း ပြန်ကူးရေးပြမှာပါ။ ရှမ်းပြည်နယ်မှ ဓလေ့တစ်ခုရှိတာက ငါးရက်တစ်ဈေးဆိုတဲ့ဓလေ့ပါပဲ။ ဈေးနေ့ကျမှ ၀ယ်ခြမ်း လိုတာကို ၀ယ်ခြမ်းနိုင်တာကြောင့် လွယ်ကူတဲ့ထမင်းကိုသုပ်ကာ လာတဲ့ဧည့်သည်ကိုကျွေးနိုင်တာပါ။ ထမင်းဖြူဖြူမှာ မြေပဲဆန်ကြော် နီနီလေးတွေ ခပ်ကျဲကျဲ ပြန့်ကျဲလို့ဆိုတော့ အမြင်လည်းလှ အဟာရလည်းဖြစ်တာပေါ့နော်။

လိုအပ်သောပစ္စည်းများ ။ အခြေခံလိုအပ်ချက်မှာ ထမင်းဖြစ်သည်။ မြေပဲဆန် အခွံနီကို သုံး၏။ အလုံးပုသေးသေးလေးပေမယ့် အဆီ ဓာတ်များပြီး ချိုဆိမ့် အရသာလေးသည်။ ဆားနှင့်ပဲပုပ်ချပ်ရှိလျှင် အလွယ်တကူစီမံနိုင်ပြီဖြစ်သည်။ထမင်းအဖြူထည်မဟုတ်ဘဲ ကြက်သွန် ဖြူ ဆီကျက်ကို နနွင်းမှုန့်ကူလိုက်ပါက ရွှေထမင်းဖြစ်ပြီ။ အနံ့အတွက် ဒံပေါက် မဆလာ နည်းနည်းသုံးနိုင်သည်။ မဆလာသုံးလျှင် ပဲပုပ် ကြော်နှင့် တွဲဖက် မပေးပါ။ သရက်ချဉ်သနပ်၊ သံပရာသနပ်တို့ဖြင့် တွဲဖက်ပေးနိုင်ပါသည်။

(၁) ဆန်ကောင်းကောင်းနို့ဆီဘူး တစ်ဘူးချက် ထမင်းဆိုလျှင် လူကြီးနှစ်ဦးဝလောက်၏။ ထမင်းရည် ငှဲ့ချက်ပါ။ ထမင်းအနေအထား နည်းနည်းတောင့်လျှင် ပိုကောင်း၏။ ကော့စင်းနေသော ထမင်းသည် အနေတော်ဖြစ်ပါသည်။

(၂) မြေပဲဆန် အခွံနီ၊ နို့ဆီဘူး တစ်ဝက်ဆိုသင့်ပြီ။ ကြော်နည်းလို၏ ဆီစိမ်းမြှုပ်ရုံထည့်၍ မီးဖိုပေါ် ဒယ်အိုးတင်ပါ။ ဆီပူကာ ကျက်လာ ချိန်၊ မြေပဲဆန် တဖြောက်ဖြောက် အသံမြည်လာ၏ မြည်သံပျောက်ချိန် အမြန်ဆယ်ပါ။ (နှေးလျှင် မီးတူး ခါးခြစ်သွားမည်) အအေးခံပါ။ ကြွပ်ရွမွှေးမြ အရသာဆိမ့်သော မြေပဲကြော်ကို ရပါမည်။

(၃) ဆီစိမ်း အသင့်အတင့်နှင့် ဆားအနည်းငယ် လိုမည်။

(၄) ပဲပုပ်နှင့် ငရုတ်သီး ကြိုက်တတ်သူတို့အဖို့ ဖြည့်စွက်ပေးပါ။

ပြုလုပ်နည်း။ ။ ထမင်းပူပူကို အငွေ့သေရုံ ခေတ္တကျင်းဖြန့်ထားပါ။ ပူလွန်းလျှင် မြေပဲဆန်ကြော် မကြွပ်ရွဘဲ ပျဉ်းတွဲ ပျော့သွားလိမ့်မည်။ ဆားသင့်ရုံနှင့် ဆီစိမ်းဆမ်းကာ နှံ့အောင် ဆွပေးပါ။ မြေပဲဆန်ကြော်ကို ထမင်းပေါ် ဖြန့်ကျဲတင်ပေးပါ။ ပဲပုပ်ချပ်ကြော်နှင့် ငရုတ်သီးလုံးပွ ကြော်တို့ဖြင့် အလွန်မှလိုက်ဖက်လှ၏ မိုးလွတ်ရွှေဖီလက်ဖက်ခြောက်လှော် မွှေးမြခါးခါးကို ရေနွေးဆူဆူမှာခပ်လျက် အရည်ကျချိန်မှ ပူပူ မှုတ်သောက်ပါ။ ဆွေမျိုးမေ့စေရမည်။ ဆာလောင်နေချိန်ဆို ပို၍ အရသာထူး၏။

ပြင်ဆင်ပုံ

ပြင်ဆင်တာကတော့ ထွေထွေထူးထူးမရှိပါဘူး။ ထမင်းပန်ကန်းပြားတွင် အထက်ပါအတိုင်း ကျောက်နီထမင်းသုပ်၍တည်ခင်း ကျွေးမွေး နိုင်ပါပြီ။အမြင်တွင် မျက်စိပသာဒရှိစေရန် ထမင်းကို ဆီစိမ်းနှင့် ရွေးချယ်စီမံလျှင် ကြွေပန်းကန်ပြား အရောင်ဖျော့ဖျော့ပါရှိလျှင် ပိုကောင်း ပါတယ်။ ပန်းကန်ထိပ်တစ်နေရာတွေ ပဲပုပ်ချပ်ကြော်နှင့် ငရူတ်သီး လုံးပွကြော် ဖြည့်စွက်ပေးရန်သာဖြစ်သည်။

အကယ်၍ နနွင်းဆီသတ်၊ ကြက်သွန်ဖြူဆီကျက် ၀ါဝါကိုအသုံးပြုပါက ကြွေပန်းကန်ပြား အဖြူရောင်ဖြစ်သင့် သည်။အရောင်အဆင်အပြင် ကလည်း ဆွဲဆောင်မှုတစ်မျိုးဖြစ်သည်။ အနံ့အတွက် ဆီစိမ်းနံ့မွှေးမွှေး သို့မဟုတ် ကြက်သွန်ဖြူဆီကျက်ကိုသုံးခြင်းဖြစ်၏။ ဆားကို အနေတော်ထည့်သင့်သည်။ (ငရုတ်သီးတောင့်ကြော်တဲ့ဆီ ဒါမှမဟုတ် ငရုတ်သီးမှုန့်(အရောင်တင်) ကြော်ထားတဲ့ဆီနဲ့ ထမင်းကိုဆွပေး ရင် အနီရောင်သမ်းတဲ့ ထမင်းကိုရမယ်။ ငရုတ်သီးအစပ်ကြိုက်သူများအတွက်ပေါ့နော်။)

ထမင်းပန်းကန်နီရောင်ပေါ်မှာ မြေပဲဆန်ကြော် နီနီလေးတွေကြဲထားတော့ ကျောက်နီထမင်းသုပ်ပေါ့။ ပဲသီးတောင့်ကို အစိမ်းရောင်မပျက် အောင် ရေနွေးဖျောပြီး မြေပဲဆန်ကြော်အစားသုံူးမယ်ဆိုရင် ထမင်းဖြူပေါ်မှာ ပဲသီးစိမ်းလေးတွေနဲ့ မြထမင်းသုပ်ဖြစ်ရောပေါ့။

ကဲပါလေ...ထမင်းသုပ်နည်းလေးက အထွေအထူးမဟုတ်ပါဘူး။ ပါတဲ့ပါဝင်ပစ္စည်းတွေကလည်း အဆန်းအပြားမဟုတ်ပါ။ ဒါပေမဲ့ ကိုယ် အချိုသုပ်စားမလား အစပ်သုပ်စားမလား ဘယ်လိုမျိုးပြင်ဆင်စားမလဲဆိုတာကိုသာစဉ်းစားရမှာပါ။ ထမင်းလေးသုပ် ပဲပုပ်ချပ်ကြော်လေး၊ ငရုတ်သီးပွလုံးကြော်လေးပန်းကန်ဘေးမှာပုံ၊ ရွှေဖီမိုးလွတ် လက်ဖက်ခြောက်ရေနွေးကြမ်းပူပူလေးကိုမှုတ်သောက် သရက်ချဉ်လေးဖြစ် ဖြစ် သံပရာသီးသနပ်လေးပဲဖြစ်ဖြစ် တွဲဖက်စားလိုက်ရင် အတော်ကောင်းမယ့် ထမင်းသုပ်လေးဖြစ်မှာပါနော်။

အဓိကလိုအပ်တာက ပြင်ဆင်မယ့်သူရဲ့လက်မှန်းအချိန်အဆပဲဖြစ်မှာပါ။

သူငယ်ချင်းတို့ကို ထမင်းသုပ်မျိုးစုံနည်းအထွေထွေပြောပြခဲ့တာ ဒီတစ်ခါတော့ ခပ်ရိုးရိုးလေးနဲ့ ခံတွင်းမြိန်စေမယ့် ရှမ်းပြည်တောင်ပိုင်းက ထမင်းသုပ်လေးကို စားကြည့်ကြပါဦးလို့...နော်။

ဇာနည်

Credit: အနာမယကျန်းမာရေးမဂ္ဂဇင်း (အမှတ် ၈၅၊ ဇန်န၀ါရီ၊ ၂၀၁၂ခုနှစ်) ပါ မင်းသန့်ဦး (တောင်ကြီး) ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းဓလေ့ အစားအစာများ ဆောင်းပါးထဲမှ

No comments: