Sunday, January 1, 2012

ဒီမိုကရေစီ ချာချာလည်ခြင်း

ဒီမိုကရေစီသည် ပန်ကာနှင့် တူသည်ဟုထင်သည်။

သဘောကွဲလွဲစရာ အမြင်ဖြစ်နိုင်ပါသည်။ ဒီထက်ပိုပြီးရှင်းအောင် ပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ ကျွန်တော်ဖတ်ဖူးသော ဥာဏ်စမ်း ပဟေဠိထဲက ပန်ကာနှင့် တူသည်ဟု ဆိုရမည်ဖြစ်ပါသည်။
အချစ်သည် လေပြေ၊ ဘ၀ဆိုတာတိုက်ပွဲ ဘာညာစသည်ဖြင့် တင်စားဖွင့်ဆိုမှုကို သုံးတတ်ကြသလို ဒီမိုကရေစီကိုလည်း ပေါက်ကရ ဥပမာ ဖြင့် တင်စားကြည့်ခြင်း ဖြစ်ပါသည်။

အရှင်းဆုံးဖြစ်အောင် ပြောဖို့လိုပါလိမ့်မည်။ ငယ်ငယ်တုန်းက ဖတ်ဖူးသော ဉာဏ်စမ်းတစ်ပုဒ်ဖြစ်သည်။ ''ရှေ့ကကြည့်လည်း ပန်ကာ၊ နောက် ကကြည့်လည်း ပန်ကာ၊ ဘေးကကြည့်လည်း ပန်ကာ၊ ဘယ်လိုကြည့်ကြည့် ပန်ကာ၊ ဒါပေမဲ့ မလည်တာဘာလဲ'' ဆိုသော ဥာဏ်စမ်းဖြစ်သည်။ ဥာဏ်ကလည်း ခပ်ထိုင်းထိုင်းမို့ စဉ်းစားကြည့်လည်း အဖြေထွက်မလာတာနှင့် အဖြေလှန်ကြည့်ခဲ့သည်။ ပလပ်တပ်မထားသော ပန်ကာ၊ ပျက်နေသော ပန်ကာဟု ရေးထားသည်။ သိပ်တော့လက်မခံချင်။ ဒါလူလည်ကျတာပဲ။ဒါတော့ သူပြောမှလားဟု အဲဒီတုန်းက စဉ်းစားမိသည်။ အဖြေက မပြည့်စုံတာလည်း ဖြစ်နိုင်ပါသည်။ အခု ပြန်စဉ်းစားကြည့်တော့ ပန်ကာအစစ်ပင်ဖြစ်စေကာမူ ပလပ်တပ်မထားလျှင်၊ ပလပ်တပ်ထားသော်လည်း လျှပ်စစ်ဓာတ်အားမလာလျှင်၊ ဓာတ်အားလာသော်လည်း ခလုတ်ဖွင့်မထားလျင်၊ ခလုတ် ဖွင့်သော်လည်း ပျက်နေလျှင် ပန်ကာမည်သော်လည်း မလည်။

ထို့ကြောင့် ဒီမိုကရေစီသည် ပန်ကာနှင့်တူသည်ဟု ကျွန်တော် ဆိုချင်ပါသည်။ မလည်သော ပန်ကာဟုတော့ မဆိုချင်ပါ။ လည်ချင်လည်း လည်လို့ရနိုင်သော ပန်ကာသာဖြစ်သည်ဟုသာ ယူဆပါသည်။

ဒီမိုကရေစီဆိုသောအသံသည် အခုတလော တော်တော်ညံနေပါသည်။ ယခုနှစ်အတွက် သတင်းဂျာနယ်များတွင် အဖော်ပြဆုံး၊ အထင်ရှားဆုံး စာလုံး ၁၀ စာရင်းကိုဖော်ပြလျှင် နံပါတ်နှစ်(ဒါမှမဟုတ်) သုံး လောက်တော့ ချိတ်နိုင်ပါသည်။ ပြောပါများတော့ 'ဟုံ' လာတတ်သည်ဟု ပင်ထင်မိပါသည်။ မူလပထမပင် ရင်းအဓိပ္ပာယ်ကို မေ့သွားမှာပင် စိုးမိသည်။

ဂရိစကား demokratía မှလာ သော dêmos ပြည်သူ၊ Kratos အာဏာဆိုသော စကားလုံးသည် ပြည်သူ့အုပ်စိုးမှုဆိုသော အဓိပ္ပာယ်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်လံလွှင့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အုပ်စိုးမှုစစ်လေလေ ဒီမိုကရေစီ စစ်လေလေဟု ယေဘုယျပြောနိုင်ပါသည်။ ဒါကို ဖော်ဆောင်ပုံကတော့ အမျိုးမျိုးရှိပါသည်။ ဂရိခေတ်ကလို လူတိုင်း (ထိုစဉ်က လူတိုင်းတွင် အမျိုးသမီးနှင့်ကျွန်များမပါ) တက်ရောက်ဆွေးနွေးသလို ယနေ့ခေတ်မှာတော့ ဆွေးနွေး၍မရတော့။ သို့ ဖြစ်သောကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုသော အသုံးအနှုန်းဖြင့်ပြည်သူတို့ကို ဒေသအလိုက် ကိုယ်စားပြုပေးသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့သော လွှတ်တော်တို့သည် ပြည်သူ့အရေးလုပ်ပေးဖို့ ပေါ်လာကြရသည်။(ကြုံ၍ ပြောရမည်မှာ ပြည်သူ့အာဏာဖြစ်သောကြောင့် ပြည်သူကိုယ်စား အာဏာပိုင်ထားရသူသည် ပြည်သူ့စိတ်တိုင်းကျ ပြည်သူ့ကျွန်သာ ဖြစ်သည်ဆိုခြင်းကို ဖြစ်သည်)

ဂရိစကား demokratía မှလာ သော dêmos ပြည်သူ၊ Kratos အာဏာဆိုသော စကားလုံးသည် ပြည်သူ့အုပ်စိုးမှုဆိုသော အဓိပ္ပာယ်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်လံလွှင့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အုပ်စိုးမှုစစ်လေလေ ဒီမိုကရေစီ စစ်လေလေဟု ယေဘုယျပြောနိုင်ပါသည်။ ဒါကို ဖော်ဆောင်ပုံကတော့ အမျိုးမျိုးရှိပါသည်။ ဂရိခေတ်ကလို လူတိုင်း (ထိုစဉ်က လူတိုင်းတွင် အမျိုးသမီးနှင့်ကျွန်များမပါ) တက်ရောက်ဆွေးနွေးသလို ယနေ့ခေတ်မှာတော့ ဆွေးနွေး၍မရတော့။ သို့ ဖြစ်သောကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုသော အသုံးအနှုန်းဖြင့်ပြည်သူတို့ကို ဒေသအလိုက် ကိုယ်စားပြုပေးသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့သော လွှတ်တော်တို့သည် ပြည်သူ့အရေးလုပ်ပေးဖို့ ပေါ်လာကြရသည်။(ကြုံ၍ ပြောရမည်မှာ ပြည်သူ့အာဏာဖြစ်သောကြောင့် ပြည်သူကိုယ်စား အာဏာပိုင်ထားရသူသည် ပြည်သူ့စိတ်တိုင်းကျ ပြည်သူ့ကျွန်သာ ဖြစ်သည်ဆိုခြင်းကို ဖြစ်သည်)

ဒီနေရာတွင်ပင် ကိုယ်စားပြုပေးမည့်သူများကို ခွဲဝေမှု၊ ရွေးကောက်မှု၊ ရွေးချယ်မှုမှာ ခေတ်အလိုက်၊ နိုင်ငံအလိုက် ကွဲပြားမှုရှိခဲ့သလို ရှိလည်း ရှိနေဆဲဖြစ်ပါသည်။ ဒီအချက်ကို အငြင်းမပွားလိုသေးပါ။ နောက်တစ်ချက်မှာ ဒီမိုကရေစီ စနစ်အောက်တွင် လူ့ဘ၀ကိုရသောကြောင့် ရသင့်ရ ထိုက်သည့် ကိစ္စများဖြစ်သည်။ လွတ်လပ်စွာပြောဆို ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် အစချီသော ဒီမိုက ရေစီနိုင်ငံသားတစ်ယောက်၏ မွေးရာပါ အခွင့်အရေးများကိစ္စ ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ကိုယ်စားပြုသည့် ကိုယ် စားလှယ် ခွဲဝေမှုပုံစံ၊ ဒီမိုကရေစီ အခွင့်အရေးတို့သည် အခြေခံအကျဆုံး တောင်းဆိုဆွေးနွေးဖွယ်ဖြစ်သော်လည်း ဒီထက်အခြေခံကျသော အကြောင်းကိုသာ ဦးစွာပြောရဦး မည်ထင်ပါသည်။

ပန်ကာမှရယ် မဟုတ်၊ လေအေး ကိုပေးသော ဘယ်စက်ကိုသုံးသုံး လိုအပ်မည့်အခြေခံအရာကို စပြောလိုခြင်းဖြစ်ပါသည်။ ဒီမိုကရေစီရယ် မဟုတ်၊ ဘယ်စနစ်ကိုသုံးသုံး လိုအပ်မည့် အခြေခံလိုအပ်ချက်အကြောင်း ဖြစ်ပါသည်။ ပန်ကာနှင့် လေအေးပေးစက်(Air Con) တို့တွင် ရှိသော တူညီမှုများကို ယုတ္တိဗေဒအရ ဘုံထုတ်ကြည့်လျှင် အေးမြမှုကိုပေးခြင်း၊ လျှပ်စစ်ဓာတ်အားကိုသုံးရခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ ယခုပြောလိုသည်မှာ ယင်းသို့သော ဘုံထုတ်ကြည့်၍ရနိုင်သော လိုအပ်ချက်အကြောင်း ဖြစ်ပါသည်။

မဖြစ်မနေလိုအပ်သော၊ တိုးတက်မှုအတွက် လိုအပ်သော လိုအပ်ချက်များအကြောင်းကို ရှင်းသည့်နေရာမှာ စိတ်ပညာရှင် အေဘရာဟင်မ် မက်စလို၏ လိုအပ်ချက် အဆင့်ဆင့်ပြ ပိရမစ်ပုံဇယား (Maslow's Hierarchy of Needs) က စာဖြင့်ပြသည်ထက် ပိုရှင်းမည်ဟု ထင်ပါသည်။ အဆင့်ဆင့်ခွဲပြထားပုံကို အပေါ်တွင်ပါသောပုံတွင် ကြည့်နိုင်ပါသည်။


အခြေခံလိုအပ်ချက်များသာ မပြည့်စုံလျှင်ဖြင့် ဆိုးရွားသော မနှစ်မြို့သော ခံစားချက်များမှသည် ၀မ်းနည်းဖွယ် အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည် ...


မဖြစ်မနေ လိုကိုလိုသော လိုအပ်ချက်များ((Deficiency Needs (D-needs) )နှင့် တိုးတက်မှုအတွက် လိုအပ်သော လိုအပ်ချက်များ(သို့မဟုတ်)ဖြစ်တည်မှုအတွက် လိုအပ်ချက်များ(Growth Needs or Being Need(B needs) ) ဟူ၍ နှစ်မျိုးခွဲထားပါသည်။ မဖြစ်မနေ လိုကိုလိုအပ်သော လိုအပ်ချက်များမှစပြောရပါမည်။

အောက်ဆုံးအဆင့်မှာ အသက်ရှူမှု၊ အစားအစာ၊ ရေ၊ လိင်ကိစ္စ၊ အိပ်စက်နားနေမှု၊ ဆောက်တည်ရာရမှုမှသည် အညစ်အကြေးစွန့်ထုတ် မှုအထိ ပါသည်။ ဒီကိစ္စသည် သူ့ဘာသာသူဖြစ်သည့် လိုအပ်ချက်တွေပဲဟုတော့ မထင်စေလိုပါ။ အသက်ရှူကြပ်လှသော ဘတ်စကားထဲမှ ဗိုက် ဆာဆာနှင့် ဆင်းလာစဉ်မှာ နေကပူ၊ ရေကငတ်၊ ဗိုက်ကနာ၊ အိမ်သာက အလွယ်တကူရှာမရသည့် ဘ၀မျိုးသည် ယင်းလိုအပ်ချက်များ မပြည့်ဝ မှုကို ဖော်ညွှန်းသည့် နမူနာလူသားပုံစံ ဖြစ်သည်။ ဒီအောက်ဆုံးအချက်တွေ ဦးစွာ အဆင်ပြေစေရေးကို စလုပ်ရမည်ဟု ထင်ပါသည်။ ထမင်းတစ် လုတ်စားရဖို့ ခက်ခြင်းမှသည် ဗိုက်နာ၍ အိမ်သာရှာမရသော၊ နေ့စဉ် သွားနေကျခရီးကိုပင် စိတ်လက်ချမ်းသာစွာ မသွားရောက်နိုင်သော ဘ၀ မျိုးသည် အခြေခံအကျဆုံး လိုအပ်ချက်ပင် မပြည့်စုံသေးသောဘ၀ဆိုသည်ကို ကျွန်တော်တို့ အမှတ်ရဖို့ လိုပါသည်။ ဒါသည် ရုပ်ပိုင်းဆိုင်ရာ အခြေ ခံလိုအပ်ချက်မျှသာ ရှိပါသေးသည်။

နောက်တစ်ချက်က ဘ၀လုံခြုံမှုဆိုင်ရာ လိုအပ်ချက်များဖြစ်သည်။ ခန္ဓာကိုယ်၊ အလုပ်အကိုင်၊ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင် ဘ၀လုံခြုံမှုဖြစ်သည်။ အလုပ်မရှိသော၊ ဒီကနေ့အလုပ်ရှိသော်လည်း မနက်ဖြန်အတွက် မသေချာသော၊ ကိုယ်သန်တုန်းမြန်တုန်း အကြောင်းမဟုတ်သော်လည်း အလုပ်မလုပ်နိုင်တော့ ချိန်တွင် ထမင်းပင်နပ်မှန်ရန် မသေချာသော၊ ရောဂါဖြစ်လျှင်မကုနိုင်မှာ သေချာသော၊ ကိုယ့်ခန္ဓာကိုယ်ပင် မလုံခြုံသော (တိုနံ့နံ့နှင့် ဟိုပေါ်ဒီပေါ် မလုံခြုံခြင်းကို မဆိုလိုပါ) ဘ၀များသည် ဘ၀လုံခြုံမှုဆိုသောအောက်ဆုံးနားက လိုအပ်ချက်ပင် မပြည့်စုံသေးသော အခြေအနေဖြစ်ပါသည်။

အောက်မှရေကြည့်လျှင် တတိယအဆင့်တွင်ရှိသည်က လူမှုရေးလိုအပ်ချက်၊ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်သော လိုအပ်ချက်များဖြစ်ပါသည်။ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဘ၀၊ ဆွတ်ပျံ့ဖွယ် သံယောဇဉ် စသည်တို့ ဖြစ်သည်။ ဒီအချက်များကတော့ လူမှုဘ၀ကို တန်ဖိုးထားသော ဒီနိုင်ငံမှာ အတော်အတန် ပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။ သို့ပေမဲ့ ပထမဆင့် လိုအပ်ချက်နှစ်ခုအတွက် အချစ်ကို စတေးလိုက်ရသူများ၊ မိသား စုဘ၀အတွက် တန်ဖိုးထားရာကို ရင်းလိုက်ကြသူများ၊ လိုအပ်ချက်များအတွက် မိတ်ဆွေအပေါင်းအသင်းကို ရောင်းစားရက်သူများ ပေါများလာခြင်းကတော့ ပြည့်စုံပြီးသား လိုအပ်ချက်တစ်ခုပင် ပြန်လည်လျော့ရဲလာပြီဟု ဆိုရမလိုဖြစ်နေသည်။

ဒီသုံးချက်စလုံး ပြည့်စုံပြီဆိုလျှင်ဖြင့် မိမိကိုယ်ကိုယ် လေးစားယုံကြည်နိုင်သော အခြေအနေရှိမှု၊ သူတစ်ပါးက လေးစားယုံကြည်မှု၊ အပြန်အလှန် အလေးဂရုပြုမှုစတာတွေ ပါဝင်သောအဆင့်ကို လိုအပ်လာပြီဖြစ်သည်။ ဒီအချက်မှာတော့ လူ့အဖွဲ့အစည်းက အဓိကကျသည်ဟု ထင်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် အသိအမှတ်ပြုရမှာ ကြောက်တတ်၊ နေရာပေးရမှာ ကြောက်တတ်၊ ချီးမြှောက်ရမှာ ကြောက်တတ်သော စရိုက်ဆိုးကို နှစ်ရှည်လများ ရိုက် သွင်းခံထားရသလို ဖြစ်နေသည်။ လူတစ်ကိုယ်စာကိုယ်ပင် အပြည့်အ၀ နေရာမပေးချင်တတ်။ ဟိုးအထက်ကနေ အောက်အထိ ပြင်ဖို့လိုသော ကိစ္စဖြစ်သည်။ အုပ်ချုပ်မှုပိုင်းကနေ ဘတ်စကားပေါ်မှာအထိ ပြင်ရမည့်ကိစ္စဖြစ်သည်။ နှစ်ယောက်နှင့် တင်ပါးတစ်ခြမ်းသာဆံ့သော ထိုင်ခုံကို သုံးယောက် ကျပ်ညပ်ထိုင်ခိုင်းတတ်သည့် အကျင့်၊ သူကြီးဘုရား ရွာသားကောင်းမှုဖြစ်အောင် လုပ်တတ်သည့် အကျင့်ဆိုးမျိုး ဖြစ်သည်။

ဒီအခြေခံ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေသည်ဆိုသော ကာလနှင့်တစ်ပြေးညီ လုပ်ရမည့်ကိစ္စဖြစ်သည်။ သို့မှသာ ဒီမိုကရေစီ ပန်ကာဖြစ်ဖြစ်၊ ဘာကရေစီ အဲကွန်းကြီးပဲဖြစ်ဖြစ် အလုပ်လုပ်မှာဖြစ်သည်။

မက်ဆလိုကတော့ ပြောပါသည်။ ဒီအခြေခံ လိုအပ်ချက်များသာ မပြည့်စုံလျှင်ဖြင့် ဆိုးရွားသော မနှစ်မြို့သော ခံစားချက်များမှသည် ၀မ်းနည်းဖွယ် အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည်ဟု။

အခြေခံလိုအပ်ချက်များ၏ အပေါ်ဆုံးတွင်တော့ တိုးတက်မှုလို အပ်ချက်များက ရှိပါသေးသည်။ ကိုယ်ကျင့်သီလ၊ တီထွင်ဖန်တီးနိုင်စွမ်း၊ပြဿနာဖြေရှင်းနိုင်စွမ်း၊ အဂတိကင်းစင်မှု စသည်တို့ဖြစ်သည်။ ဒါမှသာ အတ္တအစစ်အမှန်ဖြစ်မှုဆိုသည်မှာ ရှိလာနိုင်ပြီး တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ ရှိလာမည်ဟု မက်ဆလိုက ဆိုပါသည်။ အနတ္တသာရှိသည်ဟုတော့ မပြောစေလိုပါ။ လောကီရေးအရဆိုသည့် သဘောသာဖြစ်ပါသည်။ ဒီလိုအပ်ချက်တွေ ပြည့်စုံမှသာ ဘာ စနစ်နှင့်သွားသွား လည်နိုင်မှာဖြစ်သည်။ ပန်ကာလည်း ရှိပြီ၊ မီးလည်း လာပြီဆိုပါမှ အမြန်နှုန်းကို အတိုးအလျော့လုပ်ပြီး သုံးနိုင်မှာဖြစ်သည်။ ဒီနှစ်ခုစလုံးရှိလျက်နှင့် မလည်သေးလျှင်လည်း ပျက်၊ မပျက်ပြန်စစ်ကာ ပျက်လျှင် ပြင်ရပါမည်။ ဒီကိစ္စအတွက် စွမ်းနိုင်သူတို့၊ အာဏာပိုင်သူတို့တွင် အဓိကတာဝန်ရှိသည်ဟု ဆိုချင်ပါသည်။

ဗိုလ်ချုပ်ပြောခဲ့သလို ကျွန်တော်တို့လည်း ကျွန်တော်တို့ 'စောက်ကျင့်' တွေကို ပြင်ကြရပါမည်။

သို့မှာသာ ဒီမိုကရေစီပန်ကာ ကြီးချာချာလည်ပြီး အအေးဓာတ် ပေးနိုင်ပါလိမ့်မည်။

(စာကြွင်း - ပန်ကာကို မိမိဖက်မှ အမြင်ဖြင့် တည့်တည့်ကြည့်လျှင် ဘယ် ဖက်ကို လည်သလား၊ ညာ ဖက်ကို လည်သလားဆိုသည်ကို သတိထားမိပါလိမ့်မည်။ ပန်ကာသည် မိမိဖက်မှ မျက်နှာချင်းဆိုင်ကြည့်လျှင် နာရီလက်တံလည်သလို လက်ယာရစ်လည်ပါသည်။ လက်ဝဲ ရစ်နောက် ပြန်ပြန်မလည်ပါ။ ထို့အတူ ဒီမိုကရေစီသာ ပန်ကာဖြစ်လျှင် နောက်ပြန် လည်မရ၊ နောက်ပြန် မလည်တော့ဟု ကျွန်တော်ယူဆပါသည်။ ထို့ကြောင့် ဒီမိုကရေစီသည် ပန်ကာနှင့်တူသည်ဟု စကားဦးသမ်းရခြင်း ဖြစ်ပါသည်)


Written by ဇေ၀င်းနောင်

No comments: