Sunday, January 8, 2012

မေတ္တာငတ်နေတဲ့ ကလေးများကို သုခတွေပေးမည့် သုခရိပ်မြုံ

မေတ္တာဆိုတာ လူတိုင်းရယူပိုင် ဆိုင်လိုကြတဲ့အရာပါ။ အထူးသဖြင့် မိဘဆီက ရတဲ့မေတ္တာ၊ မိသားစုဝင် တွေဆီက ရတဲ့ မေတ္တာပါ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်၊ အတိတ်ဘဝရဲ့ ကုသိုလ်ကံ တရားကြောင့်ပဲဖြစ်ဖြစ် လူတိုင်းရယူ ပိုင်ဆိုင်နိုင်ခွင့် ရှိကြတာမဟုတ်ပါဘူး။ တချို့က မိခင်မရှိလို့ မိခင်ရဲ့ မေတ္တာ မရဘူး၊ တချို့က ဖခင်ဆုံးပါးသွားလို့ ဖခင်ရဲ့ မေတ္တာကို ပိုင်ဆိုင်ခွင့်မရဘူး။ ပိုဆိုးတာက မိခင်ရော ဖခင်ပါ ဆုံးပါး သွားလို့ နှစ်ဦးစလုံးရဲ့ မေတ္တာကို မခံစားရတဲ့ ကလေးငယ်တွေပါ။ အဲဒီလို ကလေးငယ်တွေအတွက် နိုင်ငံတော် အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ပေးထားတဲ့ မိဘမဲ့ကလေးများ ပြူစုစောင့်ရှောက်ရေး ဂေဟာတွေရှိသလို အခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ ဂေဟာတွေလည်း မြောက်မြားစွာ ရှိပါတယ်။

မိဘမဲ့ကလေးတွေဖြစ်ပေမယ့် အဲဒီဂေဟာတွေက သတ်မှတ်ထားတဲ့ အချက်များနဲ့ မကိုက်ညီလို့ လက်မခံနိုင်တဲ့ ကလေးငယ်လေးတွေ ရှိနေပါသေးတယ်။ သူတို့ကတော့ မိဘနှစ်ဦး စလုံးက AIDS ရောဂါဆိုးကြီးကြောင့် သေဆုံးသွားခဲ့ပြီး သူတို့လေးတွေမှာလည်း မိခင်ဆီကတစ်ဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေပါပဲ။ သူတို့လေး တွေဟာ အခြားမိဘမဲ့ ကလေးတွေထက် မေတ္တာ ပိုငတ်မွတ်ကြတဲ့ ကလေးတွေပါ။ သူတို့လေးတွေကို အသက်ရှည်အောင် ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် ကြင်နာမှုတွေ ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်လိုက်တဲ့နေရာလေး တစ်ခုကတော့ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်အရ ဖွင့်လှစ်ထားတဲ့ ရိပ်မြုံလေးပါ။

ဒီရိပ်မြုံလေးကို ဖွင့်လှစ်ဖို့ စတင်စိတ်ကူးရခဲ့တဲ့ သူတွေကတော့ စာရေးဆရာမတွေဖြစ်တဲ့ ဆရာမ သန်းမြင့်အောင်၊ ဆရာဝန်လည်းဖြစ် စာရေး ဆရာမများလည်းဖြစ်ကြတဲ့ ဆရာမ ဂျူး၊ ဆရာမ စုထားတို့အပြင် ဒေါက်တာ ဒေါ်ခင်မေစု၊ မရွှေဇီးကွက်နဲ့ ဒေါ်ကလျာတို့ပဲ ဖြစ်ပါတယ်။ ဒီရိပ်မြုံလေးနဲ့ ပတ်သက်ပြီး စတင်တည်ထောင်သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဆရာမ သန်းမြင့်အောင်နဲ့ သွားရောက်တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

အဲဒီစီမံချက်မှာ ဥက္ကဌအဖြစ် ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာစုထား၊ ဘဏ္ဍရေးမှူး မရွှေဇီးကွက်နှင့် အဖွဲ့ဝင်များ ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်း ရန်လျာထားကြောင်း သိရပါတယ်။ ဆရာမ သန်းမြင့်အောင်က "ဒီစီမံချက်ကို ၂ဝဝ၅ ခုနှစ် ဇွန်လက စတင်ခဲ့တာပါ။ စတင်စဉ်တုန်းက မရွှေဇီးကွက်ရဲ့ သူငယ်ချင်း ဒေါ်မိုးသူလေးတို့ မိသားစုက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ နွယ်နီလမ်းက သူတို့ရဲ့ တစ်ထပ်တိုက်လေးကို ယာယီ အသုံးပြုခွင့်ပေးလို့ အဲဒီမှာ သားသမီး ၁၃ ယောက်ကို ပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ်။ နောက်တစ်နှစ်လောက် အကြာမှာ အလှူရှင်တွေနဲ့ အတူ ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာ ရှင်တွေ ပါဝင်တဲ့ အဖြူရောင်သက်တံ့ ကဗျာ ရွတ်ဆိုပွဲကိုပြုလုပ်ပြီး ရန်ပုံငွေရှာခဲ့ပါ တယ်။

အဲဒီကရတဲ့ ငွေနဲ့ စီမံချက်က အဖွဲ့ဝင်တွေ၊ အလှူရှင်တွေ စုပေါင်းပြီး အမှတ် ၉၇၉၊ ၉၈၂၊ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ပေ ၄ဝx ပေ ၆ဝ မြေကွက် လေးဝယ်ယူပြီး အဆောက်အဦလေးကို တဖြည်းဖြည်း ဆောက်လုပ်ခဲ့တာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်' လို့ ပြောပြခဲ့ပါတယ်။ အဲဒီဝန်းထဲမှာ အဆောက်အဦ ၃ ခုရှိပါတယ်။ တစ်ထပ်အဆောက် အအုံ ၂ ခုနဲ့ ၂ ထပ်အဆောက်အဦး တစ်ခုပါ။ သုခရိပ်မြုံမှာ အသက် တစ်နှစ်မှ ၁၂ နှစ်အတွင်းအရွယ်ရှိ ကလေးတွေကို လက်ခံတာဖြစ်ပြီး အခြား သတ်မှတ်ချက်တွေကတော့ မိဘနှစ်ဦးစလုံး မရှိတော့သော HIV ပိုးရှိနေသည့်ကလေးများ၊ မိဘတစ်ဦးဦးရှိ သော်လည်း ဝေဒနာခံစားနေရ၍ ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် HIV ပိုးရှိသည့် ကလေးများနှင့် အခြားသော အခြေအနေအရပ်ရပ်ကို ထောက်ရှူ့၍ ပြုစုပျိုးထောင်ရန်လိုအပ်သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသော ကလေးများပဲ ဖြစ်ပါတယ်။

အခုလောလောဆယ် သုခရိပ်မြုံမှာ ကလေး ၇၃ ဦးရှိတယ်လို့သိရပါတယ်။ သုခရိပ်မြုံမှာ အုပ်ချုပ်ရေးမှူး၊ အဆောင်မှူး၊ စာသင်သည့် ဆရာမများနှင့် ကလေးပြုစုစောင့်ရှောက်သူ များရှိပြီး မိသားစုပုံစံ နွေးထွေးတဲ့ မေတ္တာနဲ့ စောင့်ရှောက်ပေးတယ်လို့လည်း သိရပါတယ်။ ကလေးငယ်လေးတွေကို ပါကေးခင်းထားတဲ့ ကြမ်းပြင်မှာ အိပ်ရာလေးတွေနဲ့သိပ်ပြီး ကလေးကြီးတွေကိုတော့ ခုတင်နဲ့ အိပ်စေတယ်လို့ သိရပါတယ်။

အဆောင်တစ်ဆောင်မှာ သူတို့ကို ပြုစုမယ့်သူတွေ (သူနာပြု၊ ကလေးထိန်း) ၃ ယောက်လောက် ထားရှိပေးတယ်လို့လည်း ပြောပြပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ သူတွေ၊ နေ့ရောညပါ အတူနေသူတွေကို ကလေးပြုစုစောင့်ရှောက်မှု၊ ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးသင်တန်းများကို မကြာခဏ ပြုလုပ်သင်ကြားပို့ချ ပေးကြောင်းလည်း သိရပါတယ်။ ဆရာမ သန်းမြင့်အောင်က 'ကလေးတွေရဲ့ ကျန်းမာရေးကို ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများက အခါမလပ် စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။

အဖွဲ့တွင်းမှာ ဆရာဝန်တွေရှိသလို နိုင်ငံတော်ပိုင်ဆေးရုံတွေဖြစ်တဲ့ ဝေဘာဂီကူးစက် အထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ) တို့အပြင် AZG က ဖွင့်တဲ့ သဇင်ဆေးခန်း၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းတွေက ဆရာဝန်တွေက အခမဲ့ကြည့်ရှူ့ပေးပါတယ်။ ရက်ချိန်းမှန်မှန်လည်း သွားပြပါတယ်' လို့လည်း ပြောပြခဲ့ပါတယ်။ အဲဒီကလေးတွေမှာ ART ဆေး (HIV ပိုးပွားများမှု ဟန့်တားသည့်ဆေး) ပေးရန်လိုအပ်လာလျှင်တော့ အထက်ဖော်ပြပါ ဆေးရုံ၊ ဆေးခန်းတွေက ပေးတယ်လို့လည်း သိရပါတယ်။ 'ပုံမှန်လှုပ်ရှားမှုအနေနဲ့ ကလေးတွေက ခေါင်းဆောင် ကိုယ်စားလှယ်တွေ ရွေးချယ်ခန့်ထားပေးပြီး လစဉ် သူတို့ရဲ့ ဆန္ဒဖော်ထုတ်ခွင့်ပေးထားကာ လိုအပ်တာတွေကို ဖြည့်ဆည်း ပေးပါတယ်။

နှစ်စဉ် ကလေးသူငယ် အခွင့်အရေးနေ့ အခမ်းအနားတွေမှာ တက်ရောက်စေသလို အခြားသော ပျော်ပွဲရွှင်ပွဲတွေလည်း လုပ်ပေးပါတယ်။ အခါအားလျော်စွာ စာရေးဆရာ၊ ကဗျာ ဆရာ၊ ရုပ်ရှင်ဂီတအနုပညာရှင်တွေကလည်း သူတို့ရဲ့ မွေးနေ့ပွဲတွေနဲ့ အလှူအတန်းတွေလာရောက် ပြုလုပ်ကြပြီး ကလေးတွေနဲ့ ပျော်ရွှင်စွာ တွေ့ဆုံကြတာမျိုး ရှိသလို နှစ်စဉ် သူတို့ ဆန္ဒအလျှောက် သီလရှင်ဝတ်ပွဲ၊ ရှင်ပြုပွဲတွေကိုလည်း ပြုလုပ်ပေးပါတယ်'လို့လည်း ပြောပြခဲ့ပါတယ်။ သုခရိပ်မြုံက ကလေးတွေ အသက် ၁၈ နှစ်ကျော်လာရင်တော့ Group Home လေးတွေလုပ်ပြီး သီးခြားခွဲထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဘဝတစ်သက်လုံးအတွက် သူတို့ရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ သူတို့ဝါသနာပါတဲ့ လုပ်ငန်းတွေ၊ အသက်မွေး ဝမ်းကျောင်းမှုတွေကို လိုအပ်သလိုထိန်းကျောင်းပြီး သူတို့ရဲ့ အနာဂတ်ကိုအကောင်းဆုံး တည်ဆောက်ပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါ်သန်းမြင့်အောင်က ပြောကြားခဲ့ပါတယ်။

နောင်မှာ ကလေးဦးရေနဲ့အညီ အလှူငွေအပေါ် မူတည်ပြီး အဆောက်အဦးတွေ ထပ်မံတိုးချဲ့သွားဖို့ရှိသလို အထက်မြန်မာနိုင်ငံမှာလည်း သုခရိပ်မြုံ ဂေဟာခွဲတစ်ခုဖွင့်လှစ်ဖို့ ရည်ရွယ် ထားတယ်လို့လည်း သိရပါတယ်။ မြေနေရာကိုတော့ မန္တလေးရေတံခွန်တောင်ခြေက သစ္စဝေဒဂူကျောင်းမှ ဆရာတော်က လှူဒါန်းထားတယ်လို့လည်းသိရပါတယ်။ အဲဒီရိပ်မြုံကို မန္တလေးမြို့က စာပေအသိုက်အဝန်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဆေးပညာရှင်တွေ၊ လူမှုရေးလုပ်ဖော် ကိုင်ဖက်တွေနဲ့ အလှူရှင်တွရဲ့ စီမံပံ့ပိုးမှုနဲ့ ဖွင့်လှစ်မှာဖြစ်ပြီး ရိပ်မြုံနာမည်ကိုတော့ 'သစ္စဝေဒဂူ သုခရိပ်မြုံ'လို့ အမည်ပေးမှာဖြစ်ပါတယ်။

သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်ကို လှူဒါန်းချင်တယ်ဆိုရင်တော့ သုခရိပ်မြုံဂေဟာ ဖုန်း-ဝ၁ ၅၈၁၉၅၅၊ ဒေါ်သန်းမြင့်အောင်- ဖုန်း- ဝ၉၅ဝ၇၈၄၁၈၊ ဝ၁၂ဝ၅၄၅၁၊ ဒေါက်တာထားထား- ဖုန်း-ဝ၉၂ဝ၁ ၇၉၆၁၊ ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) ဖုန်း-ဝ၉၅၁၂၇ဝဝ၅၊ ဒေါက်တာ တင်တင်ဝင်း (ဂျုး)-ဝ၉-၅ဝဝ၉၆ဝဝ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

ရိုးရာလေး - မေတ္တာငတ်နေတဲ့ ကလေးများကို သုခတွေပေးမည့် သုခရိပ်မြုံ

No comments: