တစ်ခါတုန်းက ကျွန်မနေခဲ့ဖူးတဲ့ ရပ်ကွက်ထဲမှာ ပေါက်စဆိုတဲ့ ကောင်လေးတစ်ယာက်ရှိခဲ့ဖူးတယ်။
သူ့အမေက မုန့်ပျစ်သလက်ရောင်းတယ်၊ မုန့်ပျက်သလက်ဆိုတာ ကျွန်မတို့ အညာဒေသရဲ့ အခေါ်အဝေါ်ပါ။ အိုးကလေးပေါ်မှာ မုန့် ရေဖြူး၊ စားတော်ပဲလေးငါးစေ့လောက်ထည့်၊ စလောင်းဖုံးအုပ်ပြီး မီးအပူပေး၊ချခါနီး ဆီလေးတစ်စက်နှစ်စက်တို့ပေးတဲ့ ဆန်နဲ့လုပ်တဲ့ မုန့်တစ်မျိုးပါပဲ။ ဈေးနည်းပြီး ဗိုက်ဝတဲ့ သားရေစာတစ်မျိုးဆိုပါတော့။
ပေါက်စက အဲဒီတုန်းက ရှစ်နှစ်သားလောက်ရှိတဲ့ ကလေးပါ။ ပထမတန်းတက်ပြီးမှ ဆက်မထားနိုင်လို့ ကျောင်းက ထွက်ခဲ့ရတဲ့ လူမမယ် လေးဆိုပါတော့။ ကျောင်းက ထွက်လာပြီးတဲ့နောက်မှာတော့ သူ အလုပ်ရတယ်။ အဲဒါကလေးထိန်း အလုပ်ပါပဲ။ ပြီးတော့ သူ့အမေ ဒေါ်ရိမ်ခိုင်းသမျှ တောက်တိုမယ်ရလေးတွေ လုပ်ပေးရသေးတယ်လေ။
ပေါက်စတို့ သားအမိတွေကို မိုးလင်းတာနဲ့ ကျွန်မတို့ လမ်းထိပ်က မုန့်တဲလေးမှာ တွေ့ရတယ်။ ထန်းလက်မိုးထားတဲ့ တိုင်စိုက်တဲလေး ရဲ့ အောက်မှာ အုတ်နီခဲမီးဖိုသုံးခုရှိပြီး အိုးကင်းသုံးခုနဲ့ လုပ်စားနေတာပါပဲ။
အဖေလုပ်တဲ့သူက လက်သမားဆိုတော့ အိမ်မကပ်ရရှာဘူးလေ။ ရတဲ့နေ့တွက်နဲ့ကလည်း မိသားစု ငါးယောက်မလုံလောက်ဘူး။ ဒါကြောင့် ဒေါ်ရိမ်က မုန့်ပျစ်သလက် ထရောင်းရတာပေါ့။ ပေါက်စက အကြီးဆုံးပါ။ သူ့အောက်မှာ အငယ်နှစ်ယောက်ရှိသေးတယ်။ သူ့ခမျာ ဆူဆူငေါက်ငေါက်ခံရင်း အမေအလုပ်ရှုပ်နေချိန် ကလေးထိန်းပေးရရှာတယ်။
'ဒေါ်ရိမ်၊ မုန့်ပျစ်သလက်အနီ တစ်ခုပေးပါ'
ကျွန်မက မုန့်ပျစ်သလက် ကြိုက်တယ်။ အဖြူအနီနှစ်မျိုးမှာ ထန်းလျက်ရည်ပါတဲ့ အနီကို ပိုကြိုက်တယ်။ မုန့်ပျစ်သလက်က ကလေးစာ သက်သက် မဟုတ်ဘူး။ လူကြီးတွေလည်း စားတတ်ကြတယ်။ တချို့က အကြော်နဲ့စားကြတယ်။ ဒေါ်ရိမ်က သူ့ဆိုင်မှာ သူများဆီက အကြော်ယူတင်ရောင်းတယ်။
'ရောင်းကောင်းရဲ့လား'
'ပုံမှန်ပါပဲ ဆရာမရယ်'
'ရပ်ကွက်ထဲမှာ လိုက်ရောင်းနိုင်ရင် ပိုကုန်တာပေါ့ ဒေါ်ရိမ်ရဲ့။ အကြော်သည် ဒေါ်ညို့သမီးလေးတောင်မှ ရပ်ကွက်ထဲ လှည့်ရောင်းနေ တယ်။ ဒေါ်ရိမ်လည်း ပေါက်စကို ရောင်းခိုင်းပါလား'
ကျွန်မ အကြံပေးခဲ့မိတာပါ။
'ပေါက်စက အ တတရယ်။ အင်း- ဟုတ်တော့ ဟုတ်ပါတယ်။ သူလည်း ဒီနှစ်ကျောင်းမှ မနေရတော့တာ။ ဈေးလေးရောင်းတတ်ရင် မဆိုးဘူး၊ ခိုင်းကြည့်ဦးမှပဲ'
ဒီလိုနဲ့ ပေါက်စတစ်ယောက် လင်ဗန်းလေး လက်ကကိုင်ပြီး မုန့်ပျစ်သလက်သည် လုပ်ရရှာတော့တယ်။ ကျွန်မလည်း အိမ်ထဲက မ ထွက်ဘဲ မုန့်ပျစ်သလက် ၀ယ်စားဖြစ်တယ်။ လမ်းထွက်ပျင်းတဲ့ အိမ်ရှင်မတွေအတွက် အိမ်တိုင်ရာရောက် ဈေးသည်တစ်ယောက် တိုးလာတာပေါ့လေ။
ဒေါ်ရိမ်လည်း မုန့်ပိုရောင်းရလို့ အသံနည်းနည်းတိတ်သွားတယ်။ နို့မို့ရင် ကလေးတွေကို မိုးလင်းကတည်းက အော်အော်ဆဲဆဲ လုပ် နေတတ်တယ်လေ။ ခုတော့ ပေါက်စကြောင့် ၀င်ငွေနှစ်ဆလောက်တိုးလာခဲ့တယ်။ အကြံပေးတဲ့ ကျွန်မကိုတော့ ကြုံတိုင်း ကျေးဇူးတင် စကား ပြောနေတတ်တယ်။
မကြာပါဘူး။ တစ်ရက်မှာတော့ ပြဿနာတက်တော့တာပါပဲ။ မုန့်ပျစ်သလက် တဲဆီက ဆူဆူညံညံ အသံတွေကြားတော့ ကျွန်မ မနေ နိုင်ဘဲ အိမိထဲကထွက်ကြည့်မိတယ်။ ဒေါ်ရိမ်တစ်ယောက် ပေါက်စကို ၀ါးခြမ်းပြားနဲ့ ရိုက်နေတာတွေ့ရတယ်။ ပေါက်စကလည်း တဟီး ဟီးငိုရင်း တွန့်လိမ်နေတယ်။
ကျွန်မ သူတို့ဆီရောက်ခဲ့တယ်။
'ဘယ်လိုဖြစ်တာလဲ ဒေါ်ရိမ်ရယ်၊ ကလေးကို ဒီလောက်မရိုက်ပါနဲ့၊တော်ပါတော့'
ကျွန်မ ဇွတ်အတင်းဝင်တားတော့မှ တုတ်ကို ပစ်ချပြီး ဒေါ်ရိမ်ကရှင်းပြတယ်လေ
'အ အနိုင်ရန်ကောတော်။ ဟိုက အလျော်ပေးပါမယ်ဆိုတာတောင် တွက်မယူတတ်ဘူး၊ ဦးနှောက်မရှိတဲ့အကောင်၊ နင့်ကြောင့် ငါ အရင်းရှုံးပြီ'
ကျွန်မ နားမလည်လို့ ထပ်မေးမိပါတယ်
'ဘာဖြစ်လို့လဲ ဒေါ်ရိမ်ရဲ့'
'ဘာဖြစ်ရမလဲ ဆရာမရဲ့၊ မနက်က မုန့်ပျစ်သလက်နဲ့ အကြော်တွေ လင်ဗန်းအပြည့် ထည့်ပေးလိုက်တာ၊ မနက်ဖြန် လပြည့်ဆိုတော့ ဆိုင်ပိတ်ပြီး ဘုရားလေး ဘာလေးသွားရအောင် ဒီနေ့ ပိုများများမြတ်ချင်လို့ မုန့်တွေပါ ထည့်ပေးလိုက်မိတာ၊ သေသေချာချာ ရောင်း ခဲ့ဖို့လည်း မှာလိုက်တယ်။ ဒါကုန်ရင် အမြတ်နှစ်ရာလောက်ရမှာလို့ ပြောမိပါတယ်၊ မှားပါတယ်၊ မှားပါတယ်'
အဲဒီအချိန်မှာ ပေါက်စက ငိုပြီးဝင်ပြောပါတယ်။
'ကျွန်တော်လည်း နှစ်ရာတောင်းလာတာပဲ အမေရ၊ ဘာမှားလို့လဲ' တဲ့။
'တယ်၊ ပြောပြန်ပြီ။ နင့်ပါးစပ်ပိတ်ထားစမ်း ငတုံးလေး၊ နှစ်ရာဆိုတာ အမြတ်ကိုပြောတာဟဲ့။ ငါ့အရင်းက ငါးရာကျော်တယ်။ နင်က အမြတ်ပဲတောင်းလာတော့ ငါက အရင်းရှုံးတာပေါ့။ ကားနဲ့တိုက်တဲ့လူက ဘယ်ကမှန်းလည်း မသိဘူး။ အေး...မုန့်ဗန်းပဲမှောက်လို့ တော်သေးတာပေါ့။ နင်လား၊ လူပါတိုက်သွားတောင် အလျော်ရမယ့် အကောင်မဟုတ်ဘူး'
ဖြစ်ရပုံက ဒီလိုပါ။
ပေါက်စတစ်ယောက် ဒီကနေ့ မုန့်တွေများတယ်ဆိုပြီး ကားလမ်းဘက်ဆီ ထွက်ရောင်းရှာတယ်။ သူက မုန့်ဗန်းကိုင် လမ်းအကူး ကား တစ်စီးက ချိုးအကွေ့ဝင်တိုးမိပါရောတဲ့လေ။
လူဘာမှ မဖြစ်ပေမယ့် ဗန်းထဲက မုန့်တွေကတော့ အကုန်မှောက်ကုန်ပြီး ဖုန်တွေ သဲတွေ လူးကပ်ကုန်တာပေါ့။ ကားရှင်က ဆင်းလာပြီး ပြောတယ်၊ အလျော်ပေးပါ့မယ်ပေါ့။
ဘယ်လောက် လျော်ရမလဲလို့ ပေါက်စကို မေးတဲ့အခါ ပေါက်စက အရင်းကိုမှ မသိတာ မဟုတ်လား။ သူ့အမေပြောလိုက်တဲ့ နှစ်ရာ လောက်မြတ်မယ်ဆိုတာကိုပဲ အာရုံစွဲနေတယ်လေ။ ဒီတော့ နှစ်ရာပေးပါလို့ တောင်းလာခဲ့သတဲ့။
အင်း...အမေလုပ်တဲ့သူ ဆွေ့ဆွေ့ခုန်နေတာလည်း အပြစ်တော့ မဆိုသာဘူး။ သူတို့မိသားစုအတွက် ငါးရာဆိုတာ နည်းနည်းနောနောမှ မဟုတ်ဘဲ။
ကျွန်မလည်း ပေါက်စကို ပခုံးကိုင်ပြီး သူ့အမေရှေ့ကခေါ်လာခဲ့ရတယ်။ ဆိုင်နဲ့ ခပ်လှမ်းလှမ်းရောက်တော့ တဟီးဟီး အသံထွက် ငိုချ လိုက်ပြန်ပါရော။
'ဟီး...ဟီး၊ အမြတ်ရတာတောင် အမေက မကျေနပ်ဘူး၊ ဟီး...ဟီး' တဲ့လေ။
ဖြိုးသာရ
စာကြွင်း။ ။ ဖြိုးသာရ - ရွက်နုကလေးများ (ကလေးများကပေးသောဒဿန) စာအုပ်လေးမှ
No comments:
Post a Comment