Wednesday, January 11, 2012

ပန်းသီးဖီလင်



အမည်ရင်း 'မေသဇင်'ကို လူမသိဘဲ 'ဘုတ်ဘုတ်'ဆိုတဲ့ ငယ်နာမည်တွင်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကျွန်မ ခေတ္တသိကျွမ်း ခင်မင်ခဲ့ဖူးပါတယ်။

သူနေတာကတော့ ရန်ကုန်မြို့လယ်လို့လည်း ပြောမယ်ဆိုရင်ပြောနိုင်တဲ့ တာမွေမြို့နယ်က မေတ္တာညွန့်ဘူတာအနီးက ရပ်ကွက်ထဲမှာ ဖြစ်ပါတယ်။

ဘုတ်ဘုတ်အသက်ခြောက်နှစ်ရှိပါပြီ။ ပထမတန်းကို စတက်နေပါပြီ။ သူ့အဖေက မုန့်ထုပ်လုပ်ငန်း လုပ်ပါတယ်။ မုန့်ထုပ်ဆိုတာ စက်ဘီးတစ်စီးနဲ့ဆိုင်တွေပေါ်မှာ လိုက်ဖြန့်တင်ရတဲ့ မုန့်ကျိုးလိမ်လို မုန့်မျိုးကို ပြောတာပါ။ လုပ်ငန်းကလည်း ကိုယ်ပိုင်မဟုတ်ပါဘူး။ နေ့စား၊ အခကြေးငွေအရေအတွက်နဲ့ ကော်မရှင်စားပါ။

ဘုတ်ဘုတ်ရဲ့အမေကလည်း ချက်ပြုတ်လျှော်ဖွတ်ပြီးတာနဲ့ တင်ပလ္လင်ခွေထိုင်ပြီး မုန့်ထုပ်တော့တာပါပဲ။ ဘုတ်ဘုတ်ဟာ အဲဒီလို မုန့် ထုတ်တွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရတဲ့ ကလေးမလေးဖြစ်ပါတယ်။

ရန်ကုန်မှာသာ နေတယ်၊ သူ့ခမျာ ဘယ်ကိုမှရောက်ဖူးရှာတာ မဟုတ်ပါ။ တိရစ္ထာန်ဥယျာဉ်၊ ကလေးကစားဥယျာဉ်ဆိုတာတွေကို နဘေး အိမ်မှာ တီဗီထိုင်ကြည့်ရင်း ကြော်ငြာထဲတွေ့ဖူးတယ်ဆိုရုံလောက်ပဲ ရှိပါတယ်။

ကျောင်းနေတော့လည်း မူလတန်းကျောင်းနဲ့ သူတို့အိမ်ဟာ လှမ်းအော်လို့ကြားရလောက်တဲ့နေရာဆိုတော့ ဘုတ်ဘုတ်ရဲ့ကမ္ဘာဟာ တကယ့်ကျဉ်းကျဉ်းကလေးဖြစ်ပါတယ်။

ဘုတ်ဘုတ်ရဲ့ အဒေါ်တစ်ယောက်ကတော့ သူတို့အိမ်ရှေ့မှာ မုန့်ဆိုင်လေး ဖွင့်ထားပါတယ်။ တစ်ကျပ်နဲ့ဝယ်စားလို့ရတဲ့ မုန့်ခပ်ပေါ ပေါတွေနဲ့ ရေခဲထုပ်၊ နေကြာစေ့ အဲဒီလောက်ပါပဲ။ ဘုတ်ဘုတ်ကတော့ အဲဒီဆိုင်မှာ ဒိုင်ခံအကြွေးစာရင်းနဲ့ စားတာပေါ့။

ကျွန်မတည်းခိုတဲ့အိမ်ဟာ ဘုတ်ဘုတ်တို့အိမ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မ ဘုတ်ဘုတ်ကလေးကို စိတ်ဝင် စားစွာ လေ့လာကြည့်မိရင်း သနားခင်တွယ်နေမိပါတယ်။

မန္တလေးမှာနေပြီး ရန်ကုန်မြို့ကို နှစ်ခေါက်သာရောက်ဖူးတဲ့ ကျွန်မရဲ့သားသမီးတွေလောက်တောင်မှ သူ့ခမျာ ရန်ကုန်ဆိုတာ ဘာမှန်း မသိရှာပါလားလို့ တွေးမိပါတယ်။

သြော်....ရန်ကုန်လေကိုရှူ၊ ရန်ကုန်ရေကို သောက်ရင်းက ရန်ကုန်မြေရဲ့ အရသာကို မသိရှာတဲ့ ဘုတ်ဘုတ်လို ကလေးတွေ ဘယ် လောက်ရှိနေပါလိမ့်။

တစ်နေ့မှာတော့ ကျွန်မတည်းခိုနေတဲ့အိမ်ရှေ့မှာ ထွက်ထိုင်နေမိပါတယ်။ အဲဒီအချိန်မှာတော့ ဘုတ်ဘုတ်ဟာ သူ့အဒေါ်ရဲ့ဆိုင်ခုံပေါ် တက်ထိုင်ရင်း စာဖတ်နေပါတယ်။ ဘုတ်ဘုတ်ရဲ့အမေက ဆိုင်ခုံရှေ့မှာ ၀ါးကုလားထိုင်ချပြီး ထိုင်နေပါတယ်။

'အေပီပီအယ်လ် အီး၊ အက်ပယ်လ်၊ ပန်းသီး'

ဘုတ်ဘုတ်ရဲ့ အသံစာစာလေးဟာ တိုးလို့တန်းလန်းရပ်သွားပါတယ်။

'မေမေ'

'ဟေ'

'ပန်းသီးဆိုတာ ဘယ်လိုအရသာမျိုးလဲဟင်'

'သစ်တော်သီးလို အရသာမျိုးပေါ့ သမီးရဲ့'

'ဒေါ်လေးဆိုင်က သစ်တော်သီးတွေလိုပဲ အချဉ်သုတ်ထားတာလား မေမေ'

'မသုတ်ထားဘူး၊ သူက ဒီအတိုင်းပဲ စားရတာ'

'သမီး စားကြည့်ချင်လိုက်တာ'

'ရော်...စားကြည့်ချင်၊ အဲဒီမှာ သစ်တော်သီးရှိတယ် စားကြည့်လိုက်၊ အတူတူပဲ'

'စာအုပ်ထဲမှာ ပန်းသီးက အနီရောင်လေးမေမေရဲ့၊ ဒီသစ်တော်သီးက အညိုရောင်ကြီး၊ အရသာတူမှာမဟုတ်ပါဘူး၊ မေမေက စားကြည့်ဖူး လို့လား'

'စားကြည့်ဖူးပါတယ်၊ ဒါပေမယ့် မကောင်းပါဘူး သမီးရယ်၊ ပန်းသီးက ရင်ကြပ်တတ်တယ်၊ လူနဲ့မတည့်ဘူး၊ ဒါကြောင့် လူတိုင်း မစားကြ တာပေါ့'

'ဟင်...ဟုတ်လို့လား၊ ဆရာမကပြောတော့ ပန်းသီးကချိုတယ်၊ အားရှိတယ်တဲ့'

'ဟဲ့ မိဘုတ်၊ နင့် ဆရာမပြောတာ ယုံမှာလား၊ ငါပြောတာ ယုံမှာလား။ ဒီတစ်ခါ ပန်းသီးအကြောင်းသင်ရင် သမီးမစားဖူးလို့ ၀ယ်ကျွေးပြပါ လို့သာ ပြောလိုက်'

ဘုတ်ဘုတ် ငြိမ်ကျသွားပါတယ်။ သူ့အမေကိုထပ်ပြီး အတွန့်မတက်ရဲ့ရှာတော့ဘူးလေ။ စာအုပ်ကလေးကို ကောက်ကိုင်ပြီး အသံတိမ် တိမ်လေးနဲ့ စာလုံးပေါင်းတွေ ဆက်ရွတ်နေတော့တယ်။

'အေပီပီအယ်လ် အီး၊ အက်ပယ်လ်၊ ပန်းသီး၊ အေပီပီအယ်လ် အီး၊အက်ပယ်လ်၊ ပန်းသီး'။

ဖြိုးသာရ

Credit: ဖြိုးသာရ - ရွက်နုကလေးများ (ကလေးများကပေးသောဒဿန) စာအုပ်မှ

No comments: