ကမ္ဘာပေါ်မှာရှိတဲ့ ကလေးပြုစုပျိုးထောင်ရေး အတွေးအခေါ် ဒဿနတွေဟာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုးကို ရှိခဲ့ကြသဗျ။ နေရာဒေသအလိုက်၊ လူမျိုးဘာသာအလိုက် ဓလေ့ထုံးစံတွေ၊ အယူအဆတွေ ကွဲပြားခဲ့ကြပေမယ့် (၂၀)ရာစုနောက်ပိုင်း သိပ္ပံပညာရှင်တွေဟာ ကလေးတွေရဲ့ သဘာဝကို သုတေသနပြုပြီး ကလေးတိုင်းအကျုံးဝင်တဲ့ သီအိုရီတွေကို ဖော်ထုတ်လာကြတယ်။
အဲဒီသီအိုရီများစွာအနက်မှာ ဂျာမန်-အမေရိကန်လူမျိုး စိတ်ပညာရှင် Erik Erikson အဲရစ် အဲရစ်ဆင်(၁၉၀၂-၁၉၉၄)ရဲ့ ကမ္ဘာကျော်သီအိုရီတစ်ခုလည်း အပါအ၀င်ဖြစ်တယ်။ အဲရစ်ဆင်ဟာ လူသားတွေ မွေးဖွားရာကနေ သေဆုံးတဲ့အထိ ရှိကြတဲ့ လူ့သဘာဝ၊ စိတ်နေစိတ်ထား၊ ဆောင်ရန်ရှောင်ရန်တွေကို "Theory of psychosocial development" စိတ်ဆက်ဆံရေး ဖွံ့ဖြိုးမှု သီအိုရီနဲ့ ဖော်ပြခဲ့တယ်။
ဒီသီအိုရီမှာ ရှေးဦးအရွယ် ကလေးသူငယ်ဘ၀ကို အဆင့်(၃)ဆင့်နဲ့ ဖော်ပြခဲ့တယ်။ ကိုယ့်ကလေးကို ကိုယ်တိုင်ပျိုးထောင်ရာမှာ အထောက်အကူရမယ့် ဒီအဆင့်(၃)ဆင့်အကြောင်းကို စုစည်းတင်ပြလိုက်ပါတယ်။
(1) Trust vs Mistrust
(ယုံကြည်မှုနှင့် သံသယ အားပြိုင်သော အဆင့်)
..............................................................
အဲရစ်ဆင် သီအိုရီရဲ့ ပထမဦးဆုံးအဆင့်ကတော့ ကလေးမွေးခါစကနေ အသက်တစ်နှစ်ခွဲအထိ အကျုံးဝင်တယ်။ မိဘနဲ့ သားသမီးကြား ယုံကြည်မှု တည်ဆောက်တဲ့ ဒီအဆင့်မှာ အရေးအကြီးဆုံးကတော့ မိဘနှစ်ပါးရဲ့ ပြုစုစောင့်ရှောက်မှုပဲ။ မိဘမရှိခဲ့ရင်တော့ အုပ်ထိန်းသူရဲ့ အနီးကပ် ဂရုစိုက်မှုပေါ့။
တချို့မိဘတွေက ကလေးပဲ....ဘာမှမသိပါဘူးလို့ ပြောတတ်ကြတယ်။ ဒီအရွယ်လေးတွေဟာ သူ့ကိုပြောတဲ့ နှုတ်ပြောစကား-verbal languageကိုသာ သိပ်နားမလည်တာ၊ သူ့ကို ဒီလူ ဂရုစိုက်လား မစိုက်လားကို အမြင်နဲ့ စူးစမ်းသလို၊ အထိအတွေ့နဲ့လည်း နားလည်ကြသဗျ။ ကလေးဆိုပြီး လျှော့တော့မတွက်နဲ့၊ သူယုံကြည်ရတဲ့လူ ဟုတ်မဟုတ် ကောင်းကောင်းကြီး ခွဲခြားနိုင်တယ်။
မိဘတွေဆီက ၀တ္တရားကျေရုံမဟုတ်ပဲ မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်မှုကို ရခဲ့တဲ့ကလေးတွေဟာ လောကကြီးအပေါ် အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို၊ သူတစ်ပါးအပေါ်လည်း ယုံကြည်မှု ပေးနိုင်ကြတယ်။
မိဘတွေနဲ့ယုံကြည်မှု ကောင်းကောင်းမတည်ဆောက်နိုင်ခဲ့တဲ့ ကလေးတွေဟာတော့ အဆိုးမြင်ဝါဒီသမားတွေ ဖြစ်လာတတ်ကြတယ်။ တခြားသူတွေအပေါ် သံသယများသလို စိတ်လုံခြုံမှုလည်းမရှိကြဘူး။ ကိုယ့်ကိုယ်ကို အသုံးမ၀င်သလို၊ တန်ဖိုးမဲ့သလိုခံစားမှု (worthlessness)တွေရှိလာပြီး လောကကြီးနဲ့ သဟဇာတမဖြစ်ကြတော့။
ဒါကြောင့် အဲရစ်ဆင်က "လူတစ်ယောက် ကမ္ဘာလောကကြီးကို ယုံကြည်တတ်ဖို့ သူ့မိဘကို အရင်ယုံကြည်ရပါလိမ့်မယ်"တဲ့။ ဒီအဆင့်က အရေးအကြီးဆုံးဆိုတာ အထွေအထူး ပြောဖို့မလိုတော့ဘူးနော်။
(2) Autonomy vs Shame & Doubt
ကိုယ်တိုင် လုပ်ကိုင်လိုစိတ်နဲ့ ရှက်ရွံ့ကြောက်လန့်စိတ်တို့ အားပြိုင်သော အဆင့်
......................................................................
အဲရစ်ဆင် သီအိုရီအရ ဒီဒုတိယအဆင့်မှာ ကလေးတွေဟာ sense of self-control ဆိုတဲ့ ကိုယ့်ဘာသာကိုယ် ထိန်းချုပ်လုပ်ကိုင်လိုစိတ်တွေ စတင်ဖွံဖြိုးလာကြတယ်။ အသက်တစ်နှစ်ခွဲကနေ သုံးနှစ်အထိကလေးတွေဟာ ဒီအဆင့်ကို ဖြတ်သန်းနေကြသူတွေပေါ့။
ဒီကာလမှာ ကလေးတွေဟာ မိဘတွေကို safe baseအနေနဲ့ ဗဟိုပြုပြီး သူတို့ပတ်ဝန်းကျင်က ကမ္ဘာလေးကို စပြီးစပ်စုလာကြတယ်။ ကိုယ့်ဘာသာ စူးစမ်းလုပ်ကိုင်ရင်းနဲ့ ကျွမ်းကျင်မှု အသစ်ကို သင်ယူကြတယ်၊ အမှန်နဲ့ အမှားကို မှတ်သားကြတယ်၊ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ အားသာချက်ကို ရှာတွေ့လာကြတယ်။
မိဘတွေအနေနဲ့ ဒီအရွယ်သဘာဝဖြစ်တဲ့ ကိုယ်တိုင် စမ်းသပ်လုပ်ကိုင်လိုမှုကို ရေလောင်းပေါင်းသင်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးတတ်တဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးတွေဖြစ်လာမှာပါ။
တကယ်လို့များ မိဘတွေက စိုးရိမ်လွန်စိတ်နဲ့ ကလေးကို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ချုပ်ချယ်မိခဲ့ရင် ကလေးရဲ့ သဘာဝအရ စူးစမ်းလုပ်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်။ လုပ်ချင်စိတ်မရှိတော့ မတတ်၊ မတတ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက နည်းသွားတယ်။ ဒီလိုကလေးလေးတွေဟာ လူရှေ့သူရှေ့ မှားမှာရှက်တော့ လူတောမတိုးရဲကြဘူး။ အသစ်အဆန်း လုပ်ရမှာကြောက်တော့ မိဘကိုပဲ အားကိုးလွန်သွားတတ်ကြတယ်။ နောက်ဆုံး ကြီးတဲ့အထိ ကိုယ့်တကိုယ်ရည် တာဝန်ကိုတောင် သူများကလိုက်ယူနေရပြန်ရော။
(3) Initiative vs Guilt
ကိုယ်ပိုင်အစွမ်းအစနဲ့ ဦးဆောင်လိုခြင်း vs အငုံ့စိတ်ဖြင့် အပြစ်တင်ခြင်း
..................................................................
ဒီအဆင့်ကတော့ မူကြိုအရွယ်ဖြစ်တဲ့ အသက်၃နှစ်ကနေ ခြောက်နှစ်ကြား ကလေးတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ စရှိလာပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဉာဏ်သုံးပြီး ကိုယ်စွမ်းကိုယ်စတွေ စပြချင်လာတတ်တဲ့ အရွယ်ပေါ့။
မူကြိုအရွယ်ကာလမှာ ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်က လူကြီးတွေကို အရင်ကထက် ပိုအာရုံစိုက်လာတယ်။ စမ်းပြီးတော့လည်း အတုခိုးကြ၊ ပုံတူကူးချကြတယ်။ Observational learning ဆိုတဲ့ အတုမြင် အတတ်သင်ခြင်း အားကောင်းနေချိန်ပေါ့။ ဒါကြောင့် မူကြိုအရွယ်ကလေးတွေဟာ ပြဇာတ်ပုံစံ ကစားတဲ့ Role playတို့၊ စိတ်ကူးယဉ် ဟန်ဆောင်ကစားနည်း Imaginative & Pretend playတို့၊ အရုပ်တွေ အရာဝတ္ထုတွေ သုံးပြီးကစားတဲ့ Object playတို့ကို သိပ်ကြိုက်ကြတာပေါ့။
သူတို့တွေရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့ သူတို့ဝါသနာပါရာ၊ သူတို့နှစ်သက်ရာကို ဖော်ထုတ်ပြသခွင့် ရကြတဲ့ကလေးတွေဟာ ကိုယ့်အသိစိတ်ဓာတ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဦးဆောင်ပြီး လုပ်လိုကြတဲ့ ခေါင်းဆောင်စိတ်ဓာတ်နဲ့ ကလေးတွေ ဖြစ်လာကြတယ်။
သူတို့ဝါသနာပါရာ၊ တန်ဖိုးထားနှစ်သက်ရာကို လုပ်ခွင့်မရတဲ့ ကလေးတွေခမျာမှာတော့ ကိုယ့်ဘ၀ကို အားမလိုအားမရဖြစ်ပြီး သိမ်ငယ်စိတ်၊ အငုံ့စိတ်တွေ ၀င်သွားတတ်ကြပါတယ်။ ပြောမှသိ၊ ခိုင်းမှလုပ်တဲ့ နောက်လိုက်စိတ်ဓာတ်နဲ့ အသားကျသွားကြတယ်။ ငယ်ဘ၀ရဲ့ စိတ်ဒဏ်ရာကြောင့် ကြီးတဲ့အထိ ကိုယ်တိုင်အပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာပါ အပြစ်တွေ တင်နေတတ်ကြတယ်။
အဲရစ်ဆင် သီအိုရီရဲ့ အဆင့်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့အတိုင်း ပထမအဆင့်ကောင်းခဲ့ဖို့လိုသလို၊ ကလေးရဲ့ အသက်အရွယ်အလိုက် အဆင့်တိုင်းမှာလည်း အကောင်းဆုံး ပံ့ပိုးပေးဖို့ လိုအပ်လှပါတယ်။
ကျနော်တို့နိုင်ငံဟာ ၂၀၁၀ခုနှစ်နောက်ပိုင်းမှ ECCDနည်းစနစ်တွေ ကျယ်ပြန့်လာပြီး မိဘအများစုဟာ သိပ္ပံနည်းကျ ကလေးပြုစုပျိုးထောင်နည်းတွေကို စိတ်ဝင်တစား လေ့လာလိုက်စားလာကြတယ်။ မိရိုးဖလာဆုံးမနည်း အတော်များများဟာ လူကြီးတွေ ဖြစ်စေချင်တဲ့ဆန္ဒကိုသာ လိုက်လုပ်ခိုင်းပြီး ကလေးဆန္ဒ၊ ကလေးခံစားချက်ကို မေ့ထားခဲ့ကြတယ်။ ဒါကြောင့်လဲ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်စွမ်းကိုယ်စတွေ နိမ့်ကျသွားကြတာ။
အခုအချိန်ဟာ နောက်မျိုးဆက်အတွက် ကလေးစိတ်ပညာ၊ ပညာရေးစိတ်ပညာနဲ့ သိပ္ပံနည်းကျ ကလေးထိန်းကျောင်းနည်းတွေကို စပြီးလေ့လာကြဖို့ အချိန်တန်ပါပြီလို့ တိုက်တွန်းပါရစေ။ နည်းမှန်လမ်းမှန်ဖြစ်စေမယ့် နည်းကောင်းလမ်းကောင်းတွေ တွေ့နိုင်ကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်ဗျာ။
တီချယ်အာကာ
[Early Childhood Educator ဆရာ အာကာရဲ့ Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ တီချယ်အာကာ စာသားလေးမှာ လင့်ခ်ချိတ်ပေးထားပါတယ် ခင်ဗျ။)
No comments:
Post a Comment