Tuesday, July 17, 2018

" ဗုဒ္ဓတရားနှင့် အဆိုးမြင်ဝါဒ "



ဗုဒ္ဓတရားတော်များ၏ သင်္ခါရနိမိတ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးအပေါ်တွင် ဘာ သာခြားအချို့နှင့် ဗုဒ္ဓဘာသာဝင်အချို့ နားလည်မှုလွဲနေသည်ဟု ထင်ပါသည်။

အနိစ္စ၊ ဒုက္ခဆိုသောအသံသည် သာသနာပတွင် ကြားနိုင်သော်လည်း အနတ္တဆိုသောအသံသည်ကား သာသနာတွင်းမှသာ ကြားနိုင်ပါသည်။ သို့သော် သာသနာပတွင်ကြားရသော အနိစ္စ၊ ဒုက္ခသည် ပညတ် အနိစ္စ၊ ဒုက္ခ သာဖြစ်သည်။ ပုဂ္ဂိုလ် သတ္တဝါ မဖက်သော ပရမတ်သဘော၌ အနိစ္စ၊ ဒုက္ခကိုမြင်လျှင် အနတ္တကိုလည်း မြင် ပါသည်။

ဖတ်ခဲ့ဖူးသော အကြောင်းအရာတစ်ခုဖြစ်သည်။ အတိအကျတော့ မမှတ်မိတော့ပါ။ သဘောကို ပြန်ရေး ပြပါမည်။

နိုင်ငံခြားသား ဘာသာခြားတစ်ယောက်က ဗုဒ္ဓဘာသာဝင်တစ်ယောက်အား မေးပါသည်။ " မင်းတို့ဘာ သာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကြီးပြောနေတယ်။ အဆိုးမြင်ဝါဒ ဖြစ်မနေဘူးလား "။

ပြန်ဖြေသည့်လူက ပညာသား ပါ၏။ နိုင်ငံခြားသားကို ပြန်မေးသည်။

" အခုလူတွေကားမစီးကြဘူးလား "

" စီးတယ်လေ "

" ဒါဆိုကားပဲထုတ်ပေါ့၊ workshop တွေမထောင်နဲ့၊ အပိုပစ္စည်းတွေ မထုတ်နဲ့လေ "

ဒီတော့ နိုင်ငံခြားသားက " ဟ- ပျက်ရင်ပြင်ရအောင်လို့ပေါ့ကွ "

အဲဒီအခါ မြန်မာကလည်း " ဒါဆို မင်းတို့ဟာကလည်း အဆိုးမြင်ဝါဒဖြစ်မနေဘူးလား၊ ကားပဲထုတ်ရ သေးတယ်။ အပျက်ကိုတွေးပြီး workshop တွေ၊ အပိုပစ္စည်းတွေ တစ်ခါတည်းပါလာရော "

နိုင်ငံခြားသား နည်းနည်းတော့ သဘောပေါက်သွားသည်။

" အေး- အဲဒ်ီလိုပဲ၊ ခန္ဓာကိုယ်ကလည်းပျက်တတ်တာသဘာဝပဲ၊ ဒီလိုမြင်တာကို အဆိုးမြင်သဘော၊ အ ပျက်မြင်သဘောလို့ ပြောလို့ ရပါ့မလား။ အဲဒီလိုပျက်တတ်တဲ့သဘဝကို အမှန်အတိုင်းသိထားမှ ပြုပြင်ပေးလို့ ရမှာလေ၊  နေမကောင်းရင် ဆေးနဲပြုပြင်ပေးမယ်၊ အစာနဲ့ပြုပြင်မယ်ကွာ၊ နောက်ပြီးဒီလိုဖောက်ပြန်ပျက်စီးတတ် တာ သဘာဝပါလားလို့ အမှန်ကိုသိရှိလိုက်တော့ စိတ်မှာ ဒေါသတွေ၊ သောကတွေ မလာတော့ဘူးပေါ့။ အဲဒါ စိတ်နဲ့လည်း ပြုပြင်တာကွ။ ဒါဆိုသက်သာရာ ရတာပေါ့ကွာ။ ကဲ ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒလား၊ အမှန်မြင်ဝါဒ လား "

ဗုဒ္ဓဘာသာဝင်များသည်ကား ဤသို့ပေါ်တင်ကြီး မစွပ်စွဲကြပါ။ သို့သော် အသိလည်းမရှင်းကြချေ။ ဤ သို့ မရှင်းကြသောကြောင့် ဓမ္မအပေါ် နားလည်မှုလွဲလာပေသည်။ အထူးသဖြင့် ' ကံ ' တရားအပေါ်နားလည်မှု လွဲနေကြသည်။ မိမိဘာသာပျင်းလို့၊ အရည်ချင်းမရှိလို့ မအောင်မြင်ရင် " ကံပေါ့ကွာ၊ အနတ္တပါ့၊ ဘယ်တတ်နိုင်မ လဲ " ဟု တရားသိသလိုလိုနှင့် ဆင်ခြေပေးတတ်ကြသည်။ ဤသည်မှသာ အဆိုးမြင်ဝါဒ ဖြစ်သည်။

ဆရာတော် အရှင်ဇနကာဘိဝံသထံသို့ အစိုးရအဖွဲ့အစည်းမှလူများ ရောက်လာကြ၏။ လာရခြင်းအ ကြောင်းမှာ တံတားတစ်ခု ကျိုးကျပြီး ကားမှောက်၍ လူတွေသေကြသည်။ သို့ဖြစ်၍ သံဃာတော်များပင့်ပြီး ပ ရိတ်ရွတ်ရန် လာပင့်ကြခြင်းဖြစ်သည်။

အစိုးရလူကြီးများက "  ဆရာတော်ဘုရား၊ အနတ္တပေါ့၊ သင်္ခါရတရားတွေပဲဘုရား၊ ပျက်ကြမှာပေါ့ " ဟု လျောက်၏။

ဆရာတော်က " အေး- ဒကာတို့၊ သင်္ခါရတရားတွေပဲ ပြင်လိုက်ပေါ့ " တဲ့။

လူကြီးများကြောင်အမ်းအမ်းဖြစ်သွား၏။ ဆရာတော်ကဆက်ပြီး " အန္တရာယ်ကင်းအောင် ပရိတ်လည်း ရွတ်ပေါ့၊ တံတားတွေ၊ လမ်းတွေကိုလည်း ဘယ်နားမှာ ဘာလိုတယ်၊ ဘာဖြစ်နေတယ်ဆိုတာကို စစ်ဆေးပြီး ပြုပြင်လိုက်ကြပါဦး " ဟု မိန့်၏။

ဟုတ်ပါသည်။ လူအများသည် သင်္ခါရဟု အသံကြားသည်နှင့် အပျက်ကိုသာ တွေးပစ်လိုက်ကြသည်။ သင်္ခါရတရားဟူသည် အကြောင်းအထောက်အပံ့ပေးမှု၊ ပြုပြင်ပေးရမှုတို့ပင် ဖြစ်သည်။ ဤသို့ ပြုပြင်ပေးနေရ သောတရားများဖြစ်၍ မမြဲ၊ အစိုးမရဟု ပြောခြင်းဖြစ်၏။ သို့ဖြစ်၍ ပြုပြင်ပေးမှုကိုလည်း လုပ်ရပေမည်။ မမြဲမှုကို လည်း လက်ခံထားရမည်။

ယခုကား ထိုသို့မဟုတ်ကြ။ ပြုပြင်မှုကို ဉာဏ်ဝီရိယစိုက်၍ မလုပ်ချင်ပဲ မမြဲမှုကိုသာ တရားသိသလိုလို နှင့် အပြစ်ပုံချကြသည်။ လွဲကြလေခြင်း။

လူတစ်ယောက်နေမကောင်းဖြစ်မည်။ သို့ဆိုလျှင် နေမကောင်းဖြစ်ခြင်း၏ အကြောင်းကို ရှာရမည်။ အ ကြောင်းကိုသိလျှင် နေကောင်းအောင်ပြုပြင်ပေး၍ ရပြီ။ ဆေးဝါ၊ ဓာတ်စာ ဖြင့်ပြုပြင်ပေးရမည်။ ပြုပြင်ပေး၍ မရ တော့လျှင်တော့ ကံကိုသာပုံချလိုက်ပါ။ အနတ္တတရားကို ဆင်ခြင်ပါ။ စိတ်သက်သာရာ ရပေမည်။ ဤသဘော မျိုးသာ ဘုရားဟောပါသည်။

စီးပွားရေး၊ အခြားအခြားသော အရေးတွေမှာလည်း ဤသို့သာ ဖြစ်သည်။ ဘာပြုပြင်အားထုတ်မှုမှလုပ် ပဲ " ကံပေါ့၊ အနတ္တပေါ့ " ဆိုလျှင်တော့ အဆိုးမြင်ဝါဒသာ ဖြစ်နေပေလိမ့်မည်။ ကျိန်းသေ၏။ ဤလူမကြီးပွားပေ။ ရောဂါသေးသေးလေးနှင့်တောင် သေမည့်သူဖြစ်သည်။

မြတ်စွာဘုရားရှင်သည် လောကီ၊ လောကုတ် ထောင့်စေ့အောင် ဟောထားပြီးဖြစ်သည်။ အသုံးမချ တတ်၍ မွဲနေကြခြင်းဖြစ်သည်။ ကြီးပွားကြောင်းတရားများတွင် ဣဒ္ဓိပါဒ်လေးပါး ဆိုတာရှိ၏။ တန်ခိုးဟုလည်း ခေါ်ဆိုကြ၏။

(၁) ပြတ်သားသောရည်ရွယ်ချက်ရှိခြင်း ။
(၂) ဇွဲလုံလရှိခြင်း ၊
(၃) စိတ်ဓာတ်ခိုင်မာခြင်း ။
(၄) အသိဉာဏ်ရှိခြင်းတို့ ဖြစ်၏။

ဤလေးပါးနှင့်ပြည့်စုံလျှင် မအောင်မြင်ပဲ နေမည်မဟုတ်။

ကံဟုပြောလိုက်လျှင် လူအများစုသည် အတိတ်အကြောင်းကိုသာ ပြေးမြင်မိတတ်သည်။ ကံ၏အကျိုး ပေးကား နှစ်ဌာနရှိပါ၏။ အတိတ်စေတနာကံအကြောင်းနှင့် ပစ္စုပ္ပန်အလုပ်ကံအကြောင်းလည်း ရှိ၏။ ပစ္စုပ္ပန်၌ ကြိုးစား၍မှ မအောင်မြင်လျှင် အတိတ်ကံအကြောင်းကို အပြစ်ပုံချရမည်ဖြစ်သည်။ သို့သော် ကြိုးစားသောဝီိရိယ အကျိုးကိုကား ခံစားရပါသေးသည်။ ကြိုးစားခြင်းကားအချည်းနှီးမဖြစ်ချေ။

ပြောစရာတစ်ခုရှိသည်မှာ မိမိသည် မည်သည့်လမ်းကိုလျောက်နေသာ မည်သို့သောသူမျိုး ဖြစ်သည်ကို ကား သိရပေမည်။ အဖြစ်ပျက်နှစ်ခု ယှဉ်ပြပါမည်။

လယ်တီဆရာတော်ဘုရားကြီး ခရီးတစ်ခုထွက်စဉ် သင်္ဘောပေါ်၌ ပစ္စည်းများအခိုးခံရပါသည်။ ကပ္ပိယ က မကျေနပ်၍ တိုင်းတန်းမည်ပြုသောအခါ ဆရာတော်ဘုရားကြီးက " တိတ်တိတ်နေပါကွယ်။ အတိတ်ဘဝက ငါသူခိုးဖြစ်ခဲ့တာ လူသိနေပါ့မယ် " ဟု နှစ်သိမ့်လေ၏။ ဆရာတော်ဘုရားကြီးသည် ဓမ္မလမ်းသက်သက်အပေါ် ၌ လျှောက်နေသော ရဟန်းတော်ဖြစ်သဖြင့် အတိတ်အကြောင်းကို ပုံချပြီး တရားနှင့်ဖြေခဲ့ပေသည်။

ဆရာဝင်းအောင်ကြည်စာအုပ်မှ ဥပမာတစ်ခု ထုတ်ပြပါမည်။ ကျောင်းသားတစ်ယောက် စာအုပ်၊ ဘော့ ပင်၊ ထီး ပျောက်သည် ဆိုပါစို့။ အမေလုပ်သူက " သားရယ်၊ ကံပေါ့ကွယ်၊ အတိတ်ဘဝက သူများပစ္စည်းခိုးခဲ့ဖူး လို့ နေမှာပေါ့ " ဟု နှစ်သိမ့်မည်လား။ သို့ဆိုလျှင်တော့ ဤကလေး နောက်လည်း ပစ္စည်းများပျောက်နေဦးမည် သာ ဖြစ်သည်။ ကလေးတစ်ယောက်ကို ဤသို့သွားဆုံးမနေ၍ မဖြစ်ပေ။ ကိုယ့်ပစ္စည်းကို ရိုသေရကြောင်း၊ ဘယ် လိုဂရုစိုက်ထိန်းသိမ်းရကြောင်း ဆူတန်ဆူ၊ ရိုက်တန်ရိုက်၍ ဆုံးမရမည်မဟုတ်လော။ လယ်တီဆရာတော်ဘုရား ကြီးကဲ့သို့ တရားသွားဟောနေ၍ မရပေ။ ဗုဒ္ဓဘာသာဝင်များမှာ ဤကလေးအမေကဲ့သို့ ကြုံနေကြ၏။ ကိုယ့်ကို ကိုယ် မည်သို့ဆုံးမမည်နည်း။

မိမိတို့သည် လယ်တီဆရာတော်ဘုရားကြီးကဲ့သို့ ဓမ္မလူသားလော၊ ကလေးအမေကဲ့သို့ လောကလူ သားလော။

တရားလေးနည်းနည်းနာ၊ နည်းနည်းအားထုတ်ပြီး လောကပဲငြီးငွေ့သလိုလို၊ တရားပဲရတော့မလိုလိုနှင့် စီးပွားရေးလည်းဖြောင့်ဖြောင့်မလုပ်၊ တရားလည်း ကောင်းကောင်းအားမထုတ်၊ ဟိုမရောက် ဒီမရောက်နှင့် လောက၊ ဓမ္မ နှစ်ဘက်လုံးနစ်နာပါသည်။

" အို..အနတ္တပေါ့၊ ဒုက္ခသစ္စာပေါ့ " ဟု ဘုရားစကားကိုပင် ခုတုံးလုပ်၍ ကိုယ်အသုံးမကျမှုကို ဖုံးကွယ် နေကြပြန်သေးသည်။

မိမိတို့ကျောင်းသို့ ဂျပန်တစ်ယောက်ရောက်လာပြီး စကားပြန်မှတဆင့် ဆရာတော်ဘုရားကြီးအား လျှောက်၏။ " ဆရာတော်တို့ပြောတဲ့ ဒုက္ခသစ္စာ၊ ခန္ဓာကိုယ်က အချည်းနှီးဆိုရင် တပည့်တော် ကိုယ့်ကိုယ်ကို သတ်သေလိုက်ရဖို့ပဲ ရှိတော့တယ် "ဟု မကျေမနပ်လျှောက်လေ၏။

ဤဂျပန်ကဲ့သို့ ဖြစ်နေကြ၏။ ကိုယ့်ဟာကိုယ် ဘာကောင်မှန်းမသိဘဲ ဓမ္မကို သူလိုရာဆွဲတွေးကြလေ သည်။ လောကီချမ်းသာကို ဘုရားမပယ်မှန်း သူတို့မသိရှာပေ။ သနားစရာကောင်းလှ၏။

ဆရာတော်ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း ) ၏ အဆုံးအမနှင့် ပြောရလျှင် " တောကြောင်ဆိုရင် လည်း တောမှာနေပြီး မြက်စားရတယ်။ အိမ်ကြောင်ဆိုရင်လည်း ကြွက်ခုတ်ပေါ့ " ဆိုသည့် ဒဿနလေးကို နှ လုံးမသွင်းတတ်ကြ။

သို့ကြောင့် ဆရာကြီး ကိုယ်တော်မှိုင်းက- " ဘာသာအယူဝါဒ၊ ဝံသာနုက္ခိတရားတို့ ပျက်ပြားဆုတ်ယုတ် ၍ လောကုတ္တရာလည်း မမီ၊ လောကီမှာလည်း မတောက်ပဘဲ အောက်ကျနောက်ကျ၊ ကျကြီးကျ၍၊ မြန်မာ့တန် ခိုး ညှိုးနွမ်းပျက်ပျယ်၊ သွက်သွက်လယ် မှောက်မှားအောင်၊ ကြောက်မခန်းလိလိ ဖြစ်လေတော့၏ "  တဲ့။

ဆင်ခြင်နိုင်ကြပါစေ။

အရှင်ပညာသ်ီရိ ( ရမ္မာကျွန်း )

{ ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၊ အတွဲ ( ၁၆ ) ၊ အမှတ် ( ၁) ၊ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း }

No comments: