Saturday, July 14, 2018

ဝက်သားငါးပိချက်ထမင်း - မျှစ်ထမင်းသုပ် - ချင်းထောင်းထမင်းသုပ် - ပုစွန်ထမင်း

ချင်းထောင်းထမင်းသုပ်



by Ko Thit Htoo

          နာမည်ကြားလိုက်တာနဲ့တင် စိတ်ထဲပူပူစပ်စပ်ဖြစ်သွားမယ်ဆိုတာ အာမခံပါတယ်။ ဂျင်း (ချင်း) ပေါတဲ့ဒေသဖြစ်လို့ ရရာရှာပြီး တီထွင်လိုက်တဲ့ထမင်းသုပ်လေးဖြစ်ပါတယ်။ မိုးအေးအေးမှာ လုပ်စားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ချင်း  –  ထမင်းစားဇွန်း ၃ ဇွန်း (ပါးပါးလှီးပြီး)

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီးစိမ်း  –  ၅ တောင့်

ပုစွန်ခြောက်  –  ၁၀ ကောင် (ရေနွေးစိမ်ထားပါ)

ဆား  –  ထမင်းစားဇွန်း ၄ ပုံ ၁ ပုံ

သံပရာသီး  –  ၁ လုံး (အရည်ညှစ်ရန်)

ထမင်းချက်ပြီး  –  ပန်းကန်လုံး ၂ လုံး

ပဲဆီ ဆီချက်  –  ထမင်းစားဇွန်း  ၃ ဇွန်း

ပုစွန်ခြောက်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း


နံနံပင်  –  ၃ ပင် (ပါးပါးလှီးပြီး )

ကြက်သွန်ဖြူကြော်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီကြော်  –  ထမင်းစားဇွန်း ၁ ဇွန်း

သခွားသီး  –  ၁ လုံး (တွဲဖက်စားရန်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဆားတို့ကို ရောနှောထောင်းပြီး သံပရာသီးညှစ်၍ နှပ်ထားပါ။

၂။       ထမင်းများနယ်ရန် ဇလုံထဲထည့်ပြီး ပုစွန်ခြောက်မှုန့်၊ ဆီချက် ဆီ၊ နံနံပင်၊ ချင်း ထောင်းထားပြီးသားနှင့် ကြက်သွန်ကြော် တစ်ဝက်စီထည့်ပြီး နယ်ပါ။ ပန်းကန်မှာ ပြင်ဆင်တဲ့အခါ ကြက်သွန်ကြော်များနှင့် နံနံပင်များ ထမင်းသုပ်ပေါ်မှဖြူးပြီး ပြင်ဆင်ပါ။ သခွားသီးလှီးပြီးသားများနှင့် ပြင်ဆင်သုံးဆောင်ပါ။

www.facebook.com/MY FOODIES (mm)


ပုစွန်ထမင်းနှင့် ထိုင်းအသုပ်ဆော့စ်အသုပ် (Prawn and Rice with Thai Salad Dressing Salad)



by Syi Lwin (Foodsgarden)

          ပုစွန်ကို ရေနွေးငွေ့ ဖြင့်ပေါင်းပြီး ထမင်းနှင့်အတူတွဲ၍ Thai Salad Dressing ဖြင့် ချဉ်ချဉ်လေးအရသာက ဘာမှထပ်ထည့်စရာမလိုဘဲ ကောင်းမွန်ပါတယ်။ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။

ပါဝင်ပစ္စည်းများ (၂ ယောက်စာ)

ပုစွန်  –  ၁၀ ကောင် (အခွံနွှာပြီး ပေါင်းထားပါ)

ထမင်း  –  ၁  ၁/၂ ခွက်

သခွားသီး  –  ၁ လုံး (အလုံးသေး) (အခွံနွှာ၊ ပါးပါးရှည်ရှည်လှီးထားပါ)

မုန်လာဥနီ  –  တစ်ပိုင်း (အခွံနွှာ၊ အမျှင်လေးတွေ  ခြစ်ထားပါ)

သီဟိုဠ်စေ့လှော်  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း (မညက်တညက်ထောင်းထားပါ)

ကြက်သွန်နီကြော်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူကြော်  –  စားပွဲဇွန်း ၁ ဇွန်း

Thai Salad Dressing  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း- ၃ ဇွန်း

ဆား  –  အနည်းငယ်


နံနံပင်  –  ၃ ပင် (အနေတော် လှီးထားပါ)

ပူဒီနာ  –  ၃ ပင် (အရွက်တွေ ခြွေထားပါ)

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲ ဆား အနည်းငယ်၊ Thai Salad Dressing စားပွဲဇွန်းတစ်ဝက်ထည့်ပြီး နယ်နှပ်ထားပါ။ နှစ်ထပ် ပေါင်းအိုးထဲ ရေနွေးငွေ့တက်အောင် တည်ပါ။ ပြီးလျှင် Thai Salad Dressing ဖြင့် နယ်နှပ်ထားသော ပုစွန်များကို သေချာဖြန့်ထည့်ပါ။ ပုစွန်ကွေးပြီး အရောင်ရဲလာလျှင် ရပါပြီ။ ပန်းကန်ထဲ ဆယ်ယူပြီး ထည့်ထားပါ။

၂။       ဖန်ဇလုံအကြီးထဲ Thai Salad Dressing ကလွဲ၍ ပါဝင်ပစ္စည်းများအားလုံးထည့်ပါ။ Thai Salad Dressing ကို လိုသလောက်ထည့်ပြီး လက်ဖြင့် သေချာနှံ့အောင် နယ်ပါ။ အချို၊ အငန်၊ အစပ် စိတ်တိုင်းကျလိုတာထည့်ပြီး ချက်ချင်းသုံးဆောင်ပါ။

www.facebook.com/Syi Foodsgarden


မျှစ်ထမင်းသုပ်



by Myint Oo Tha

          ထမင်းသုပ်ဆိုရင်တော့ နေရာဒေသအလိုက် ကွဲပြားကြတယ်။ ပြည်ထမင်းသုပ်၊ နတ်တလင်းထမင်းသုပ်ကတော့ နာမည်ကြီးပေါ့။ မျှစ်ထမင်းသုပ်ကတော့ လူသိနည်းပေမယ့် စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်းဖြူ  –  ပန်းကန်လုံး ၃ လုံး

မျှစ်  –  ၂၀ဝ ဂရမ် (ပြုတ်ထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

မျှစ်ကြော်ရန် ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက်  –  စားပွဲဇွန်း ၁ ဇွန်း

အသားမှုန့်  –  အနည်းငယ်

ပဲပင်ပေါက်  –  ၁၂၀ ဂရမ်

ဂေါ်ဖီ  –  ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင်  –  ၆ ပင် (ပါးပါးလှီးထားပါ)

ပဲမှုန့်အကျက်  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၃ ဇွန်း

အချဉ်ရည်  –  စားပွဲဇွန်း ၃ ဇွန်း

ပုစွန်ခြောက်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း (ထောင်းထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ မျှစ်ကြော်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၂။       ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး မွှေပေးပါ။

၃။       ပြီးလျှင် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ အသားမှုန့်ထည့်ပြီး ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။

၎။       ပန်းကန်ပြားအကြီးတစ်ချပ်ထဲ ထမင်းဖြူထည့်ပါ။ ပြီးလျှင် ကြော်ထားတဲ့ မျှစ်ကြော်ထည့်ပြီး နယ်ပါ။

၅။       အားလုံးနှံ့သွားသည်နှင့် ထမင်းလုံးလေးများဖြစ်အောင် လက်ဖြင့်ဆုပ်ပြီး လုံးထားပါ။ မျှစ်ထမင်းလုံး ၆ လုံး ရပါမယ်။

၆။       မျှစ်ထမင်းသုပ်စားမယ်ဆိုလျှင် တစ်ပွဲစာ ထမင်းလုံး ၂ လုံးကို ခြေထည့်၍ ပဲပင်ပေါက်၊ ဂေါ် ဖီ၊ အချဉ်ရည်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့်၊ နံနံပင်၊ ပဲမှုန့်၊ ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး နယ်ပါ။

အချဉ်ရည်ချက်နည်းကတော့-

ထန်းလျက်  –  ၇၅ ဂရမ်

ထန်းလျက်ရည်ကျိုရန် ရေ  –  ၁၀ဝ မီလီလီတာ

မန်ကျည်းမှည့်  –  ၃၀ ဂရမ်

မန်ကျည်းမှည့်စိမ်ရန် ရေ  –  ၂၀ဝ မီလီလီတာ

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အိုးအသေးတစ်အိုးထဲ ထန်းလျက်နဲ့ ရေထည့်ပြီး ကျိုထားပါ။ ပြီးလျှင် ဆန်ခါဖြင့် စစ်ထားပါ။

၂။       မန်ကျည်းမှည့်ကို ရေစိမ်ထားပါ။ ပျစ်လာလျှင် ဆန်ခါဖြင့် စစ်ထားပါ။

၃။       နောက်အိုးအသေးတစ်အိုးထဲ ထန်းလျက်ရည်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ ဆားထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။

၎။       လိုသလောက်သုံး၍ ကျန်ရှိတဲ့အချဉ်ရည်ကို ဖန်ပုလင်းထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။

ဝက်သားငါးပိချက်ထမင်း (Sambal Pork Rice Pork Rice)



တာရှည်ခံတဲ့ ဒီလိုဝက်သားဟင်းမျိုးကို အမြဲချက်စားဖြစ်သလို ဒီဝက်သားဟင်းကိုပဲ Sambal နဲ့ ရောမွှေပြီး ထမင်းပေါင်းလိုလည်း အမြဲလုပ်စားဖြစ်တယ်။ ထမင်းပေါင်းလို လုပ်စားမယ်ဆိုရင် . . . ။

►   ပါဝင်ပစ္စည်းများ

♦   ဝက်သားသုံးထပ်သား   –   ၃ဝ ကျပ်သား

♦   ကြက်သွန်ဖြူ   –   ၁ ဥ

♦   သစ်ကြံပိုးခေါက်   –   ၁/၂ ချောင်း

♦   နာနတ်ပွင့်   –   ၂ ပွင့်

♦   ငရုတ်ကောင်းစေ့အဖြူ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အကြည်   –   စားပွဲဇွန်း ၁ ၁/၂ ဇွန်း

♦   ပဲငံပြာရည်အနောက်   –   ၁ စားပွဲဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   အသားမှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ရေ   –   ၁ လီတာ

►   ပြုလုပ်နည်း

၁။        ဝက်သားဟင်းချက်ဖို့အတွက် အရင်ဆုံးဝက်သားကို အနေတော်အရွယ်တုံးပါ။ ပြီးရင် အိုးတစ်လုံးမှာရေထည့် ပြီး ရေဆူသည်နှင့် ဝက်သားထည့်ပြီးပြုတ်ပါ။ ဝက်သား ကျက်အောင်ပြုတ်တာမဟုတ်ပါ။

၂။        ဝက်သားသန့်ရှင်းအောင် အညစ်အကြေးကင်းစင်ပြီး ဟင်းရည်ကောင်းကောင်းရဖို့အတွက်ပါ။ အိုးရဲ့အပေါ် မှာ အညစ်အကြေးအမြှုပ်များထလာရင် ဝက်သားကို ဆယ်ယူပြီးရေအေးနှင့်ဆေးပါ။

၃။        အိုးထဲမှ ရေများကိုသွန်ပစ်ပါ။ နောက်အိုးအသန့်တစ်လုံး ထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။

၎။        ရေဆူရင် ဝက်သားနှင့်ပါဝင်တဲ့ ပါဝင်ပစ္စည်းအားလုံး ကိုထည့်ပြီး ဆူအောင် တည်ထားပါ။ ဆူလာသည်နှင့် မီးအရှိန်လျော့ပြီး ဝက်သားနူးသည်အထိချက်ပါ။ ဝက်သားနဲ့အတူ ဟင်းရည်လည်းရှိနေရပါ့မယ်။

►   Sambal Pork ချက်ရန်လိုအပ်တာတွေကတော့

♦   ကြက်သွန်နီ   –   ၂ ဥ

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ငရုတ်သီးမှုန့်   –   စားပွဲဇွန်း ၁ ၁/၂ ဇွန်း

♦   ငါးပိ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပုစွန်ခြောက်မှုန့်   –   စားပွဲဇွန်း ၁/၂ ဇွန်း

♦   ဆီ   –   စားပွဲဇွန်း ၁/၂ ဇွန်း

♦   ပြောင်းဖူးမှုန့်   –   စားပွဲဇွန်း ၁ ဇွန်း

♦   ထမင်း   –   ပန်းကန်လုံး ၃ လုံး

♦   ဂေါ်ရခါးညွှန့်   –   ၁ စီး (ရှည်ရှည်ဖြတ်ထားပါ)

►   Samble Pork ပြုလုပ်နည်း

၁။        Sambal ချက်ရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငါးပိ၊ ပုစွန်ခြောက်မှုန့်တို့ကိုရောပြီး ထောင်းပါ။

၂။        ပြီးရင် ဆီသတ်ပါ။ အနံ့မွှေးလာသည်နှင့် ချက်ထားတဲ့ ဝက်သားဟင်းကို လောင်း ထည့်ပါ။

၃။        ဟင်းရည်များများလိုရင် ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ထားပါ။

၎။        ဟင်းရည်ပျစ်စေရန် ပြောင်းဖူးမှုန့်ကို ရေအနည်းငယ်နှင့် ရောပြီးထည်ပါ။ ဒါဆိုရင် Sambal Pork က အဆင်သင့်ဖြစ်ပါပြီ။

၅။        ဂေါ်ရခါးညွှန့်ကို ရှည်ရှည်ဖြတ်ပြီး ပြုတ်ပါ။   ပြီးရင်ဆယ်ယူပြီးစားသုံးမည့်ပန်းကန် ၃ ချပ်တွင် ဖြန့်ခင်းပါ။

၆။        ပြီးရင် ထမင်းဖြူထည့်ပါ။ ပြီးရင် အဆင်သင့်ချက်ထားတဲ့ Sambal Pork ပူပူလေးကို ထမင်းပေါ်မှာလောင်းထည့်ပြီး သုံးဆောင်ပါ။

www.facebook.com/Myint Oo Tha

No comments: