Thursday, July 12, 2018

ဆေးလိပ်သမာများအတွက် ကျန်းမာရေး အစားအစာများ





(8 Foods That Will Help You Detox After Smoking)

လူအများစုက ဆေးရွက်ကြီး(tobacco)များကို ထုတ်လုပ်သူတွေအနေဖြင့် သူတို့ထုတ်ကုန်များမှာ နီကိုတင်း(nicotine) ဓာတ်ကို တမင်သက်သက် ထပ်ပေါင်းထည့်တယ်လို့ ယူဆလက်ခံထားကြပါတယ်။ ဒါပေမဲ့ ဆေးရွက်ကြီးအရွက်တွေကို စားကြတဲ့ အင်းဆက်များနဲ့ အခြားအကောင်အသေးအမွှားတွေကို ဆေးရွက်ကြီးစိုက်ပျိုးသူများက အဆိပ်ကျွေးသည့်သဘောဖြင့် နီကိုတင်းကို ပိုးသတ်ဆေး တစ်ခုအဖြစ်တော့ တကယ့်ကို အသုံးပြု ကြတာပါ။ ကံဆိုးချင်တော့ လူ့ဘောင်ဝန်းကျင်ဝယ် မလုပ်သင့်မှန်းသိသော်လည်း ဒီလိုပဲ ပြုလုပ်နေကြရတဲ့သဘောနှယ်ဖြစ်ပါတယ်။

ဆေးလိပ်သောက်သူတွေ ရှူသွင်းနေတဲ့ ဓာတုပစ္စည်း အမျိုးအမည် လေးထောင်ကျော်ထဲမှာ နီကိုတင်းက အန္တရာယ်အရှိဆုံးဖြစ်နေပါတယ်။ သုံးဆယ် မီလီဂရမ်ဝန်းကျင်ရှိတဲ့ နီကိုတင်း တစ်စက်လောက်နဲ့တင် သေစေနိုင်တာပါ။ ထပ်မံ လေ့လာဆန်းစစ်မှုအရ နီကိုတင်း ဘယ်လောက်ထိ ဒဏ်ခံနိုင်မလဲဆိုတာရယ်၊ ဆေးလိပ်သောက်တာ စွဲလမ်းလာခြင်းရယ်က နာတာရှည် လည်ချောင်းနာ၊ နာတာရှည် အဆုတ်​​ရောဂါ(emphysema)နှင့် အဆုတ်ကင်ဆာတို့ကဲ့သို့ ရောဂါများဖြင့် အရေအတွက်တစ်ခုထိ အချိတ်အဆက်ရှိကြောင်း အဖြေထွက်လာပါတယ်။

ကျွန်တော့် ခန္ဓာကိုယ်တွင်းစနစ်ကနေ နီကိုတင်းကို ဘယ်လိုဖယ်ရှား ရှင်းလင်းရမလဲ?

ကျွမ်းကျင်သူများက အကြံဉာဏ်​​ပေးကြတာက ဆေးလိပ်သောက်တဲ့နှုန်းကို လျော့ချပြီး နီကိုတင်း အဆိပ်သင့်တာကို ဖယ်ရှားပစ်ဖို့၊ ကာလတစ်ခုကြာ ပြန်လည်ထူထောင်ရေး ကုသမှုပြုလုပ်ဖို့နဲ့ အခက်​အခဲ သို့မဟုတ်​ နာကျင်​တာ တောင့်တစိတ်တွေကို သည်းခံကာ ဆေးလိပ်သောက်ခြင်းကို တုံးတိရပ်ပစ်ဖို့ပြောကြပါတယ်။

ဒီလိုကိုယ်တွင်းစနစ်ကနေ နီကိုတင်းဓာတ်ကို တိုက်ခိုက်ဖယ်ရှားနေတဲ့ကာလမှာ နေ့စဉ် စားသောက်နေကြ အစားအစာတွေထဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့အောက်ပါ အစားအသောက် ၇ မျိုးကို ထပ်ပေါင်းစားသောက်ဖို့လိုပါတယ်။ အကုန်မဟုတ်ပေမယ့် ရတတ်သမျှ ဖန်တီးရမှာပေါ့ဗျာ။

(၁) ဗီတာမင်စီဓာတ် အပြည့် သဘာဝ လိမ္မော်ဖျော်ရည် (Natural Orange Juice, Pomegranate and Lemon)

ကျန်းမာရေး စောင့်ရှောက်မှုကိစ္စမှာ သန့်စင်တဲ့ ဗီတာမင်​ စီ ဓာတ်ဟာ အတော်အရေးပါပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ လိ​မ္မော်​သီး အရည်ဟာ ကိုယ်ခန္ဓာမှ နီကိုတင်းကို သန့်စင် ဖယ်​ရှားရာမှာ အလွန်ကိုထိရောက်တဲ့ အိမ်လုပ် `အစာလည်းဆေး ဆေးလည်းအစာ´တမည်ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တာ နီကိုတင်း မှီဝဲတာကို ဖြတ်ချင်သူများအတွက်သင့်တော်တာပေါ့။ ပျက်စီးသွားတဲ့ တစ်သျှူးတွေ နဂိုအတိုင်းပြန်ဖြစ်ဖို့၊ သွေးလှည့်ပတ်မှုစနစ် တိုးတက်ကောင်းမွန်ဖို့၊ အဆိပ်အတောက်တွေ ဖယ်ရှားဖို့နဲ့ သွေးနီဥ ပမာဏ တိုးပွားလာဖို့အတွက် ဗီတာမင်​ စီက ကူညီပေးတယ်လေ။

နံနက်ခင်းတိုင်း လိ​မ္မော်​သီး အရည် တစ်ဖန်ခွက်စာထဲကို သံပရိုသီး (Lemon) တစ်ခြမ်း၊ အလတ်စား အရွယ် တလဲသီး (pomegranate)တခြမ်းစာ အစေ့များကို ကြိတ်စက် (blender) ထဲထည့်မွှေပြီး နံနက်​စာ မစားခင်သောက်ပါ။ အချိုကြိုက်ရင်လည်း ပျားရည် အနည်းငယ်ထည့်ပေါ့။

(၂) ပန်းမုန်လာ (Broccoli)
ခန္ဓာကိုယ်အတွင်းရှိ နီကိုတင်းရေချိန်ကို ပန်းမုန်လာ တမျိုးတည်းစားသောက်ရုံနဲ့ လျှော့ပစ်နိုင်ပါတယ်။ ဒီအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် B5 နဲ့ ဗီတာမင်​ စီဓာတ်ကြွယ်ဝပါတယ်။ ဗီတာမင်စီက ဆေးလိပ်သောက်ခြင်းကြောင့် လျော့နည်းသွားတဲ့ ဓာတ်သဘာဝတွေကို  ပြန်လည်ဖြည့်တင်းနိုင်အောင် ကူညီလုပ်ဆောင်ပေးတာကြောင့်ပါ။ သုတေသနရလဒ်များအရ ဗီတာမင်​ စီဓာတ်ဟာ ဓာတ်တိုးပစ္စည်း (free radicals) နဲ့ အဆိပ်သင့် ဓာတုပစ္စည်းများ ခန္ဓာကိုယ်​တွင်း ၀င်ရောက်ခြင်းကို တိုက်ခိုက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (an anti-oxidant) တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သန့်စင်ရေး နဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ ဗီတာမင်​ စီပါပဲ။

(၃) ဂျင်း (Ginger)
အစားအစာတွေကို ချက်ပြုတ် ပြင်ဆင်တဲ့အခါ လတ်ဆတ်တဲ့ ဂျင်းကို ထည့်သွင်းအသုံးပြုဖို့ မတုန့်နှေးသင့်ပါ။ အရွက်သုပ်စားတာပဲဖြစ်ဖြစ် တစ်ခုခုသုပ်စားတဲ့အခါ နှစ် သို့မဟုတ် သုံး ဂရမ်လောက်ရှိတဲ့ ကြိတ်ထားတဲ့ဂျင်းကို ထည့်သုံးလိုက်တာပေါ့။

ဆေးလိပ်ဖြတ်သူတွေရယ် နီကိုတင်း ကဲ့သို့သော အဆိပ်အတောက်တွေကို ကိုယ်တွင်းမှ သန့်စင်ဖို့အတွက်ရယ် လူပြောအများဆုံး အညွှန်းဆုံး ဟင်းပွဲပြင်ဆင်ရာမှာသုံးတဲ့ ပါဝင်ပစ္စည်းက ဂျင်းဖြစ်ပါတယ်။

(၄) မုန်လာဥနီ အရည် (Carrot Juice)

နီကိုတင်းကို ရှူရှိုက်လိုက်တာနဲ့ ဦး​ဏှောက်​ထိရောက်နိုင် ပြီးတော့ ကျွန်တော်တို့ သွေးလှည့်ပတ်မှုစနစ်ထဲ ၀င်သွားကာ ခန္ဓာကိုယ်​တွင်းမှာ သုံးရက်ကြာ ရှိနေပါတယ်။ ကျွန်တော်တို့ အရေပြားတွေကိုလည်း အကြီးအကျယ် ပျက်စီးစေတာပါ။

ကျေးဇူးတင်စရာကောင်းတာက မုန်လာဥနီ အရည်ဟာ ပြောခဲ့တဲ့ အန္တရာယ်ရှိ သက်ရောက်မှုတွေကို ထိုက်ဖျက်နိုင်တာပါပဲ။ အရေပြားအတွက် မရှိမဖြစ် အဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်​ အေ ၊ စီ ၊ ကေနှင့် ဘီတို့ ကြွယ်ဝနေတဲ့ မုန်လာဥနီ အရည်ဟာ ကျွန်တော်တို့ ခန္ဓာအတွင်း နီကိုတင်း ဓာတ်တွေကို ထိရောက်စွာ ပျက်​ပြယ်​ ပြေလျော့သွားစေနိုင်တဲ့ သတ္တိအပြည့်ပါဝင်ပါတယ်။

(၅) အနီရောင် ငါးဥသီး (Raspberries)
စပိန်နိုင်ငံမှ ဆေးရိုး/ဆေးပင်/ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး အထူးပြုလေ့လာသူများ (SEDET) အစုအဖွဲ့အချို့ ပြောပြချက်အရသော်လည်းကောင်း မက္ကဆီကိုက တက္ကသိုလ်​တစ်ခု(State University of Hidalgo, Mexico) လေ့လာဆန်းစစ်မှု အရသော်လည်းကောင်း ရက်စ်ဘယ်ရီသီးဟာ ဆေးလိပ်ဖြတ်ရာမှာ တော်တော် ထိရောက်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်တဲ့။

သွေးလေ လည်ပတ်စီးဆင်မှုမှန်ကန်စေသလို ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုတားမြစ်နိုင်စွမ်းရှိတဲ့ အီလက်ဂျစ် အက်ဆစ်(ellagic acid)ဓာတ် ရက်စ်ဘယ်ရီသီးမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါဟာ နီကိုတင်းနဲ့ ခန္ဓာကိုယ်​တွင်း ပျက်​စီးနေသော ကွန်ပေါင်းများကို ဖယ်​ထုတ်​နိုင်မယ့် အစွမ်းသတ္တိ ရှိတာ သေချာနေတာပေါ့ဗျာ။

(၆) ဟင်းနုနွယ်ရွက် (Spinach)
ဟင်းနုနွယ် အစိမ်း(Raw Spinach) အတိုင်းစားပါ။ ချက်ပြုတ်ပြင်ဆင်ပြီး စားသောက်တာမျိုး မလုပ်ပါနဲ့။ ခန္ဓာကိုယ်မှ နီကိုတင်းကို သန့်စင်ရေးတွင် အဓိကကျသော ဗီတာမင်များနှင့် ဖောလစ်အက်ဆစ် (Folic Acid)များ လျော့နည်းသွားမှာမို့ဖြစ်ပါတယ်။

(၇) ငရုတ်ပွသီး (Peppers)

ဟင်းနုနွယ်လိုပါပဲ မပြု ပြင်ရသေးတဲ့ ငရုတ်ပွကို ဒီအတိုင်းပဲ စားတာက အကောင်းဆုံးပါ။ နည်းနည်းလောက် တုံးတစ်ပြီး အသုပ်တွေထဲ ထည့်စားလိုက်ရုံပေါ့ဗျာ။

ဆေးရွက်ကြီးရဲ့ အကျိုးသက်ရောက်မှုများမှ ခန္ဓာကိုယ် နလန်ထူနေ ကုသနေရာမှာ အဓိကကျ တဲ့ ဗီတာမင်​ စီ၊ ဘီ 2 နှင့် ဘီ 6 ဓာတ်တွေ ရေချိန်မြင့်စွာ ငရုတ်ပွက ပိုင်ဆိုင်ပါတယ်။

(၈) ရေ (Water)
အန္တရာယ်ရှိသော ဆေးဝါးမျိုးစုံနည်းပါးနဲ့ ဓာတုပစ္စည်းများအပြင် အဲ့ဒီ ဓာတုပစ္စည်းထဲမှ တစ်ခုဖြစ်သော နီကိုတင်းကို ရေက ဖယ်​ရှား သန့်စင်ပေးနိုင်ပါတယ်။ အဆိုပါ ဆေးဝါး(harmful drugs) တွေဟာ ရေမှာ ကောင်းကောင်း ပျော်ဝင်နိုင်တာဆိုတော့ တစ်ရက်ကို  ရေ ဖန်ခွက် ၈ခွက်လောက် အနည်းဆုံးသောက်ဖို့လိုပြီး ရေကောင်းကောင်းသောက်ခြင်းဖြင့် ကျွန်တော်တို့ ကိုယ်တွင်း စနစ်ကနေ မြန်မြန် ကန်ထုတ်နိုင်မှာဖြစ်ပါတယ်။

အရသာဖြည့်ချင်တယ်ဆိုရင်တော့ သံပုရာခြမ်းလေးတွေ၊ ဖရဲသီးကို ကြိတ်ခြေထည့်တာတို့အပြင် ဇင့်ဓာတ်ရေဆူဆေးပြားလေးတွေကို သောက်မယ့် ရေထဲထည့်နိုင်တယ်ဗျ။ မကြာသေးမီက ပေါ်လာတဲ့ အမိုင်နိုအက်စစ်ဓာတ်ဖြည့် (the organic compound citrulline) ဆေးဝါးတစ်မျိုးမှလည်း ကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်​ရှား သန့်စင်ရာမှာ အကူအညီပေးနိုင်တယ်ဆိုတော့ စုံစမ်းပြီး အသုံးပြုပါ။


အဓိကကျတဲ့ အကြောင်းအရာတွေကို ရေးပြပြီးသွားပြီဆိုတော့ ဆေးလိပ်သမားတွေ အိမ်မှာပဲ အလွယ်​တကူ သောက်သုံးလို့ရမယ့် ဖျော်ရည်လေးတစ်ခွက် ပြုလုပ်နည်းကို ထပ်ဆောင်းဝေငှလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ -
၁) နာနတ်​သီး အူတိုင် တစ်ချောင်း (bromelin အများအပြား ပါဝင်ပါတယ်။)
(၂) တရုတ်နံနံပင် အရိုး ၃ချောင်း (Celery ပါ။ စူပါမားကတ်တွေမှာ ရတတ်ပါတယ်။ စိမ်းလေပိုကောင်းလေပေါ့)
(၃) မုန်လာဥနီ ၂ဥ (အရွယ်တော် Carrot လေးတွေရွေးဝယ်ပါ။)
(၄) ရိတ်ရိတ်လှီးထာသော ဗမာနံနံ လက်တစ်ဆုပ်စာ (Cilantro အမျိုးအစားပေါ့)
(၅) အခွံနွှာထားတဲ့ တစ်လက်မအရွယ် ဂျင်း တစ်တုံး (ginger root)

ပြုလုပ်​ပုံ -
သန့်ရှင်းထားတဲ့ ဖျော်ရည်စက် (Blender) ထဲကို အနည်းငယ်မာတဲ့ နာနတ်​သီး အလယ်တိုင်၊ ဂျင်း၊ မုန်လာဥနီတွေ အဆင့်ဆင့်ထည့်ပြီးမှ တရုတ်နံနံပင် အရိုး၊ ဗမာနံနံတို့ကို ထည့်ကာ ကြိတ်ခြေပစ်ပါ။
တစ်နေ့ကို နံနက်တစ်ကြိမ် ညတစ်ကြိမ် အစာမရှိချိန် သောက်သုံးပါ။
ပါဝင်ပစ္စည်းတွေက တစ်ယောက်စာ တစ်ခါဖျော်စာဖြစ်ပါတယ်။

Alex Aung (9 July 2018)

Ref: Nicotine Flush: 4 Foods That Will Help You Detox After Smoking
By Harris Thompson

No comments: