ကလေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး အတွေ့ရအများဆုံး ပြဿနာတစ်ခုကတော့ စကားပြောနောက်ကျခြင်းပါ။ ၂၀၁၄ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အသက်၂နှစ်မှ ၄နှစ်ကြား ကလေး၁၀၀မှာ ၁၉ယောက်က စကားပြောနောက်ကျသော ကလေး - late talker အဖြစ် သတ်မှတ်ခံရပါတယ်။
မေး >> ဘယ်လိုကလေးမျိုးကို Late talkerလို့ သတ်မှတ်နိုင်ပါသလဲ?
ဖြေ >> အသက်၂နှစ်ကနေ ၄နှစ်ကြား ကလေးတချို့ဟာ ကာယ၊ ဉာဏ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေမှာ ပုံမှန်ဖြစ်ပေမယ့် ဘာသာစကား ဖွံ့ဖြိုးမှုမှာတော့ ရွယ်တူကလေးတွေနဲ့ ယှဉ်ရင် နောက်ကျတတ်ကြပါတယ်။ Speech - Language Pathologist လို့ခေါ်တဲ့ "ဘာသာစကားဆိုင်ရာ ရောဂါဗေဒနဲ့ ကုထုံးပညာရှင်" တွေချမှတ်ထားတဲ့ စံနှုန်းကို မပြည့်မီသေးတဲ့ ကလေးတွေကို late talkerလို့ သတ်မှတ်နိုင်ပါတယ်။
---------------
မေး >> ကလေးတွေရဲ့ ဘာသာစကား စံနှုန်းဆိုတာ ဘယ်လိုပါလဲ?
ဖြေ >> ဘာသာစကား ပညာရှင်တွေဟာ ကလေးတွေ သူ့အသက်အရွယ်နဲ့သူ အသုံးချနိုင်လာကြတဲ့ ဘာသာစကားကို နှစ်ပေါင်းများစွာ သုတေသနလုပ်ကြတယ်။ ရလာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး standard စံနှုန်းအနေနဲ့ လမ်းညွှန်ချက်ပေးခဲ့ကြတယ်။ ဒီစံနှုန်းကို ကလေးတွေရဲ့ ဘာသာစကားဖွံ့ဖြိုးမှု မိုင်တိုင်များ Language Developmental Milestones လို့လဲ လူသိများပါတယ်။
>> ကလေးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှု မိုင်တိုင်တွေက တစ်ယောက်နဲ့ တစ်ယောက်လည်း ကွဲပြားကြပါသေးတယ်။
# ဥပမာ - ရွယ်တူ ယောင်္ကျားလေးနဲ့ မိန်းကလေးကို နှိုင်းယှဉ်ရင် မိန်းကလေးက ပိုပြီးစောစော စကားစပြောသလို စကားလုံးလဲ ပိုကြွယ်ဝတယ်။ ဒါဟာ သဘာဝအရ ဦးနှောက်ဖွဲ့စည်းပုံ မတူလို့ပါ။
# တချို့သော ကလေးတွေကတော့ ဘာသာစကား တစ်မျိုးထက် ပိုသုံးတဲ့ မိသားစုမှာ ပေါက်ဖွားလာတယ်။ သူတို့ကို Bilingual Children လို့ခေါ်တယ်။ သူတို့ဟာ ငယ်စဉ်ဘ၀မှာ ဘာသာစကား နှစ်မျိုး၊ သုံးမျိုးလောက် မှတ်ရတဲ့အတွက် ရောထွေးသွားနိုင်ပြီး စကားပြောနောက်ကျမှု speech delay ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။
---------------
မေး >> ဘယ်လို စံနှုန်းကို မမှီရင် late talkerလို့ သတ်မှတ်ကြပါသလဲ?
ဖြေ >> ပညာရှင်တွေ အဆိုအရ အသက်နှစ်နှစ် ပြည့်ပြီးတာတောင် စကားလုံးအရေအတွက် ၅၀နှင့်အောက်သာ အသုံးချနိုင်ပြီး၊ စကားလုံး နှစ်လုံး သုံးလုံးပါတဲ့ စကားစု Phrase တွေကို မပြောနိုင်တဲ့ ကလေးများကို Late talkerလို့ ယူဆနိုင်ပါတယ်။ သူတို့ဟာ ဘာသာစကားအားနည်းလို့ လူမှုဆက်ဆံရေးမှာလည်း စိတ်ဝင်စားမှု လျော့နည်းတတ်ကြပါတယ်။
----------------
မေး >> Late talker တွေကို special needs အဖြစ် သတ်မှတ်နိုင်ပါသလား?
ဖြေ >> Late talkerလေးတွေက ဘာသာစကား ဖွံ့ဖြိုးမှုသာ နောက်ကျပေမယ့် တခြား ဖွံ့ဖြိုးမှုတွေကတော့ သာမန်ပါ။ Autismနဲ့ Down Syndromeလိုမျိုးကတော့ ဘာသာစကားသာမက တခြား ဖွံဖြိုးမှုတွေပါ နှေးကွေးနေတတ်ကြပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ ဘယ်ကလေးကိုမှ special needsလို့ တံဆိပ်ကပ်ခွင့်မရှိသလို ကပ်ခဲ့ရင်လည်း ဆရာ့ကျင့်ဝတ်ကို ဖောက်ဖျက်တာပါ။ သံသယရှိရင်တောင် ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ မိဘတွေကို နားချရပါမယ်။
----------------
မေး >> Late talker အမျိုးအစား ဘယ်နှမျိုးလောက် ရှိပါသလဲ?
ဖြေ >> အဓိကအားဖြင့်ကတော့ နှစ်မျိုးရှိတယ်ဗျ။
# ပထမတစ်ခုက Speech Disorder - အသံထွက် ခက်ခြင်း ပြဿနာ။ ကလေးတွေ စကားပြောရာမှာ အသံထွက်ဖို့ ခက်ခဲခြင်း၊ စကားထစ်ခြင်း၊ စကားမပီခြင်း၊ အသံထွက်သော်လည်း အသံထွက်မမှန်ခြင်းတွေဟာ ဒီပြဿနာရဲ့ လက္ခဏာတွေပါပဲ။
# နောက်တစ်ခုက Language Disorder - ဘာသာစကား မကြွယ်ဝခြင်း ပြဿနာ။ ဒီပြဿနာကိုလည်း (၂)မျိုးထပ်ခွဲ နိုင်ပါတယ်။
(၁) Receptive Language Disorder - ဒီပြဿနာ ရှိတဲ့ကလေးတွေက သူတို့ကိုပြောတဲ့ စကားအများစုကို နားမလည်နိုင်ကြရှာပါဘူး။ တနည်းအားဖြင့် ဆိုရရင်တော့ Receptive skill ဖြစ်တဲ့ listening skill - နားထောင်မှုစွမ်းရည် အားနည်းကြတာပါ။
(၂) Expressive Language Disorder - ဒီပြဿနာရဲ့ လက္ခဏာကတော့ ကလေးတွေ သူတို့ကို ပြောသမျှနားလည်ကြပေမယ့် reply ပြန်ဖို့၊ ပြန်ပြောပြဖို့ တော်တော်ခက်နေတတ်ကြတာပါ။ စကားလုံးမကြွယ်ဝတာရယ်၊ စကားလုံးတွေကို တွဲမပြောတတ်တာရယ်၊ ပြောသင့်တာကို မရွေးချယ်တတ်ကြတာရယ်ကြောင့် သူတို့ပြောတာကို တခြားလူက နားမလည်ကြပါဘူး။
-----------------
မေး >> မိဘတွေအနေနဲ့ late talkerလေးတွေအတွက် ဘာတွေများ ကူညီလုပ်ဆောင်ပေးသင့်ပါသလဲ?
ဖြေ >> မိဘတွေအနေနဲ့ လုပ်ဆောင်ပေးရမှာ နှစ်ပိုင်းရှိတယ်။ မိဘတွေကိုယ်တိုင်က ကလေးကို စိတ်ရှည်စွာနဲ့ language exposure - ဘာသာစကားနဲ့ ထိတွေ့ခွင့် များများပေးရမယ်။ နောက်တစ်ပိုင်းကတော့ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူရမှာ ဖြစ်ပါတယ်။
မိဘတွေ ဖန်တီးပေးရမယ့် အခွင့်အလမ်းများ
..............................................................
# မိဘတွေအနေနဲ့ သားသမီးအတွက် အချိန်ပိုပေးပြီး စကားများများပြောပေးပါ။ စကားပြောတဲ့အခါမှာ ကလေးနဲ့ မျက်လုံးတစ်တန်းတည်း (same eye level) နေပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ရှင်းလင်းစွာ ပြောရပါမယ်။
# နေ့တိုင်း ကလေးစိတ်ဝင်စားမယ့် စာအုပ်(ပုံပြင် + ကာတွန်း) တွေကို ဖတ်ပြပေးပါ။ ကလေး လက်လှမ်းမီတဲ့၊ မြင်သာတဲ့ နေရာတွေမှာ စာအုပ်၊ ပိုစတာတွေနဲ့ language rich environment ဖြစ်အောင် ဖန်တီးပေးပါ။
# Expansion behaviour ဆိုတဲ့ ချဲ့ပြောတဲ့ စနစ်ကို သုံးပေးပါ။ ဥပမာ - ကလေးက "ဆင်"လို့ ပြောရင် မိဘက "ဆင်ကြီးက အကြီးကြီးပဲ" ၊ "ဆင်က ကြံတွေကို စားတယ်"ဆိုပြီး ချဲ့ပြောပေးရပါမယ်။
# ကလေးက စကားစမ်းပြောတဲ့အခါ သူပြောတာ အားလုံးကို လိုက်ပြန်ပြောတဲ့ Imitation behaviourဆိုတဲ့ စနစ်ကိုလည်း သုံးသင့်ပါတယ်။
# Responsive questioning behaviour ဆိုတဲ့ မေးခွန်းလေးတွေ မေးပေးတဲ့ စနစ်ကလည်း အရမ်းကောင်းပါတယ်။
# Bilingual children ဆိုတဲ့ မိခင်ဘာသာစကား နှစ်မျိုးနဲ့ အထက်ပြောရတဲ့ ကပြား ကလေးတွေအတွက်ဆိုရင် "One Parent One Language (OPOL) Rule"ကိုသုံးပေးပါ။ မိခင်နဲ့ ဖခင်က တစ်ဘာသာစီကို ခွဲပြီး ပုံသေပြောပေးရတဲ့ စည်းမျဉ်းကို သုံးခြင်းဟာ ကလေးအတွက် မှတ်ရတာ ပိုလွယ်စေနိုင်ပါတယ်။
တတ်ကျွမ်းသူများနဲ့ ဆွေးနွေးတိုင်ပင်ခြင်း
..........................................................
# မိဘတွေအနေနဲ့ မိမိကလေးကို late talkerလို့ သံသယ၀င်ခဲ့ရင် ကလေးဆေးရုံတွေမှာ Speech-Language Pathologistတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြောင်းအရင်းကို ရှာရပါမယ်။ ဒီဘာသာစကားပညာရှင်တွေဟာ ကလေးရဲ့ ဦးနှောက်ဖွဲ့စည်းပုံ ချို့ယွင်းချက်ရှိမရှိ၊ sound producing mechanism ဆိုတဲ့ အသံထွက် ကိရိယာအစိတ်အပိုင်းတွေဖြစ်တဲ့ လျှာ၊အာသီး၊ အသံအိုး၊ လေပြွန်တို့မှာ အမှားအယွင်းရှိမရှိ၊ ပြင်းထန်တဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် စိတ်ဒဏ်ရာတွေရှိမရှိ စစ်ဆေးပြီး အကြောင်းရင်းရှာကြပါလိမ့်မယ်။
# Language disorder ရှိတဲ့ ကလေးတွေအတွက် အကြားအာရုံ စစ်ဆေးမှု (Audiological assessment) လုပ်ပေးရပါမယ်။
# Late talkerလေးတွေကို ဂရုတစိုက် စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးနိုင်တယ့် မူကြိုကို မိဘတွေအနေနဲ့ ဂရုတစိုက် ရွေးချယ်ရပါမယ်။ ပြီးတော့ ကလေးရဲ့ အခြေအနေကို ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး သူတို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရပါမယ်။
-------------
အထက်က အကြောင်းအရာတွေကတော့ မိဘအများစု သိချင်ကြတဲ့ မေးခွန်းတွေကို လေ့လာမိသလောက် ကြိုးစားဖြေပြထားတာပါ။ ကလေးတွေနဲ့ ပတ်သက်တဲ့ ထာဝရမှန်ကန်တဲ့ ပရမတ္တ သစ္စာတရား - Universal truth တစ်ခုရှိပါတယ်။ အဲဒါကတော့ "Every child is unique" ဆိုတဲ့စကားပါ။ ကလေးတစ်ယောက်ချင်းစီဟာ ကိုယ်ပိုင်သီးခြား ၀ိသေသနဲ့ မွေးဖွားလာကြတဲ့ လူသားတွေပါ။ သူ့ကလေးက ဒီအချိန်မှာ ဒီလိုဖြစ်လို့ ငါ့ကလေးလည်း ဖြစ်ရမယ်ဆိုပြီး ယောင်လို့တောင် မတွေးပါနဲ့။ အကယ်၍ ကိုယ့်ကလေးကို late talkerလို့များ သံသယရှိခဲ့ရင် ပတ်ဝန်းကျင်က တတ်ယောင်ကားစကားတွေကို ဂရုမစိုက်ပဲ တတ်ကျွမ်းသူတွေနဲ့ပဲ တိုင်ပင်ပါလို့ပဲ အကြံပေးလိုက်ပါရစေ။
(ရင်သွေးငယ်တိုင်းရဲ့ တီတီတာတာ စကားသံလေးတွေနဲ့ ကမ္ဘာမြေကြီးရဲ့ အလှဆုံး တေးသွားတွေကို သီကျူးနိုင်ကြပါစေသား...)
တီချယ်အာကာ
No comments:
Post a Comment