Monday, May 21, 2018

Strong-Willed Child @ Spirited Child


=====
Jessica Mozart (အေးအေးမျိုးဆက်)

ကိုယ့်မှာ စိတ်ကြီးပြီး ကိုင်တွယ်ရတာသိပ်မလွယ်တဲ့ကလေးရှိနေသလား? စိတ်မညစ်ပါနဲ့။ ပင်ပန်းရပေမယ့် ကံကောင်းတယ်လို့သဘောထားလိုက်ပါ။ ဒီကလေးမျိုးဟာ ငယ်စဉ်မှာထိန်းကျောင်းပြုစုသင်ကြားရတာ သာမာန်ကလေးတွေထက်ခက်ခဲပေမယ့် မိဘက ဉာဏ်ပညာနဲ့သေချာသင်ကြားပျိုးထောင်ပေးမယ်ဆိုရင် အံ့သြစရာကောင်းလောက်အောင်တော်တဲ့လူငယ်လေးတွေဖြစ်လာပါတယ်။

ကိစ္စတစ်ခုကို မိဘကအတင်းလုပ်ခိုင်းနေမှလုပ်တာမျိုးမဟုတ်ပဲနဲ့ ကိုယ်လုပ်စရာရှိတာတွေကို ကိုယ့်ဘာသာကိုယ်ဦးဆောင်လုပ်ကိုင်တတ်တဲ့သူတွေဖြစ်ပြီး သူတို့ဆန္ဒရှိတာကိုဖြစ်အောင်လုပ်တဲ့သူတွေဖြစ်တယ်။ ဘေးပတ်ဝန်းကျင်က သက်တူရွယ်တူတွေလုပ်သလို ရောယောင်ပြီးလုပ်ဖို့ဆန္ဒသိပ်မရှိတတ်ကြဘူး။ ဥပမာ - သူငယ်ချင်းတွေအားလုံးဆေးလိပ်သောက်တာပဲ။ ငါမသောက်ရင် ငါကအူကြောင်ကြောင်ဖြစ်လိမ့်မယ်ဆိုတဲ့ peer pressure မျိုးသိပ်ဖြစ်လေ့မရှိဘူး။

မိဘစကားတသွေမတိမ်းနားထောင်မှ သားသမီးလိမ္မာလို့ထင်တတ်တဲ့ တချို့မိဘတွေလို ကလေးကို အပိုးကျိုးအောင်ပုံသွင်းတယ်ဆိုပြီး ကလေးကသူ့ဆန္ဒကိုဖော်ပြခွင့်မရှိပဲ မိဘတွေဆန္ဒရှိတဲ့အတိုင်းသာ အရာအားလုံးလုပ်ရတာမျိုး <<< မိဘကမလုပ်ဘူးဆိုရင် Strong-willed ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ သူ့နေရာနဲ့သူခေါင်းဆောင်ဖြစ်လာကြတာများပါတယ်။ ဒီလိုကလေးတွေက သိပ်ထက်မြက်ပြီး ခေါင်းဆောင်ဖြစ်တာများပါတယ်။

အဲဒီတော့ Strong-willed ကလေးဆိုတာဘာလဲဆိုတာပြောပြပါမယ်။ တချို့မိဘတွေက ဒီကလေးကတော့ သူများကလေးနဲ့မတူပဲ ခက်လိုက်တာ၊ ခေါင်းမာလိုက်တာလို့ပြောခံရတတ်တဲ့ကလေးများဖြစ်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေဟာ သူတို့အမြင်နဲ့ယုံကြည်မှုအပေါ် ခိုင်ခိုင်မာမာရပ်တည်သူများအဖြစ် မြင်လို့ရပါတယ်။ Strong-willed ကလေးတွေဟာ ရဲရင့်တက်ကြွတယ်။ ကိစ္စတခုခုကိုသူများပြောလို့လက်ခံလိုက်ရတာထက် သူတို့ကိုယ်တိုင်လေ့လာချင်တာမို့လို့ မိဘကတားမြစ်ထားတဲ့ဟာတွေမကြာခဏလုပ်မိသလိုဖြစ်ကြတယ်။ သူတို့က သူတို့ရဲ့ကိစ္စအဝဝမှာ သူတို့ဘာသာဦးဆောင်လုပ်ကိုင်ချင်တယ်။

Strong-willed ကလေးတွေဟာ အဲဒီလိုသဘာဝရှိတော့ မိဘတွေနဲ့အားပြိုင်သလိုအဖြစ်မျိုး မကြာခဏဖြစ်တတ်ကြတယ်။ ဒါပေမယ့် လက်ခုပ်ဆိုတာနှစ်ဖက်တီးမှ မြည်တာပါ။ ကိုယ်က သူနဲ့အမြဲတမ်းပြိုင်ငြင်းနေစရာမလိုပါဘူး။ ကိုယ်အရမ်းစိတ်တိုလာတဲ့အခါမှာ ဒီ ၅ နှစ်သားကြောင့် ကိုယ်ကလဲ ၅ နှစ်သားအရွယ်လို ပြန်ပြုမူစရာမလိုဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ လူတွေက သူများခိုင်းတဲ့အတိုင်းလုပ်ရတာသိပ်ကြိုက်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီ strong-willed ကလေးတွေကတော့ သူများပြောတဲ့အတိုင်းလုပ်ရတယ်ဆိုတာကို လုံးဝကိုမကြိုက်တာပါ။

မိဘတွေက ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းတွေကို ကလေးကနားလည်လက်ခံစေဖို့ သေချာရှင်းပြထားခြင်းအားဖြင့် အားပြိုင်ရတာတွေကိုရှောင်လို့ရပါတယ်။ ကလေးရဲ့နေရာမှာဝင်ခံစားကြည့်ခြင်း၊ ရွေးချယ်ခွင့်ပေးခြင်း၊ Respect ဆိုတာ နှစ်ဦးနှစ်ဖက် (မိဘနဲ့သားသမီး) အပြန်အလှန်ရှိသင့်တဲ့အရာဖြစ်ကြောင်း နားလည်လက်ခံပေးခြင်းဖြင့်လဲ အားပြိုင်ရတာတွေ လျှော့လို့ရပါတယ်။ ဒီအတိုင်း တဖက်သတ်စည်းကမ်းသတ်မှတ်ထားပြီး အမိန့်နာခံခိုင်းတာထက် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်နည်းလမ်းတွေ (Win-Win Solutions) တွေကိုရှာဖွေခြင်းဟာ ကလေးကို စိတ်ဆိုးပေါက်ကွဲတတ်တဲ့ကလေးမဖြစ်စေဖို့ကူညီပေးရာကျသလို ဘဝမှာလိုအပ်တဲ့အရည်အချင်းတွေဖြစ်တဲ့ ညှိနှိုင်းတတ်ခြင်းတွေ၊ တခါတလေ သူ့ဖက်ကအလျှော့ပေးရခြင်းတွေကို သင်ပေးရာကျပါတယ်။

Strong-willed ကလေးတွေဟာ ကိုင်တွယ်ရတာ နည်းနည်းခက်တာမှန်ပါတယ်။ သူတို့ကို သူများဆန္ဒအတိုင်း အတင်းလုပ်ခိုင်းရင် သူတို့ရဲ့စံနှုန်းတွေလျော့တယ်လို့ သူတို့ကခံစားရတယ်။ သူတို့သဘောနဲ့သူတို့ရွေးချယ်ခဲ့တယ်ဆိုရင်တော့ တဖက်သားနဲ့အတူ ပျော်ပျော်ကြီးလိုက်လုပ်မယ့်သူများဖြစ်ပါတယ်။ ကိုယ်က ကိုယ့်သားသမီးက ကိုယ့်ကိုသေချာပေါက်နာခံရမယ်ဆိုတဲ့အတွေး၊ ယုံကြည်မှုရှိတယ်ဆိုရင်တော့ ဒီအချက်ကစိတ်အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ ကိုယ်က အဲဒီယုံကြည်ချက်ကိုဆက်ပြီးလက်ကိုင်ထားမလားဆိုတာ စဉ်းစားဖို့တော့လိုပါလိမ့်မယ်။ ကလေးတွေကို သူများနဲ့လိုက်လျောညီထွေဖြစ်ဖို့၊ သူများအတွက်စဉ်းစားပေးဖို့၊ တာဝန်ယူတတ်ဖို့တွေ သင်ပေးရမှာမှန်ပေမယ့် အဲဒါတွေကိုလုပ်တာ လူကြီးကခိုင်းလို့လုပ်ရတာမဟုတ်ပဲ၊ မှန်ကန်တဲ့အရာမို့ လုပ်သင့်တာဖြစ်ကြောင်းရှင်းပြနိုင်ရပါမယ်။ မိဘဖြစ်သူရဲ့ရပ်တည်ချက်ကလဲ မှန်ကန်ရပါမယ်။

ကိုယ်က ကလေးကို အမိန့်နာခံဖို့ အဓိကသင်ပေးမှာလား၊ ဘဝမှာ ကိုယ့်ကျင့်တရားမှန်ကန်ဖြောင့်မတ်စွာနေတတ်ဖို့အဓိကသင်ပေးမှာလားဆိုတာကိုလဲ သတိရရပါမယ်။ ကိုယ့်ကလေးကကိုယ့်စကားနားထောင်နာခံစေချင်ကြတာပေါ့။ ဒါပေမယ့် သူကဘယ်လိုနားထောင်တာလဲဆိုတာရှိပါသေးတယ်။ သူ့ထက်ကြီးတဲ့သူကပြောလို့၊ မိဘကပြောလို့ မလွန်ဆန်နိုင်လို့ နာခံလိုက်ရတာလား၊ ပြောတဲ့လူကြီးမိဘကိုယုံကြည်လို့ လိုက်နာတာလားဆိုတာရှိပါတယ်။

ဒီ Strong-willed ကလေးတွေဟာ ကိုင်တွယ်ရတာ သာမာန်ကလေးတွေထက်ခက်ပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဥပမာနည်းနည်းပြောပြပါမယ်။

၁ - ဒီကလေးတွေဟာ သူတို့ကိုယ်တိုင်လက်တွေ့လေ့လာမှယုံကြည်တဲ့သူတွေဖြစ်တယ်ဆိုတာ သတိရပါ။

ဥပမာ ကော်ဖီခွက်ကပူနေတယ်ဆိုတာကို တကယ်ပူမှန်း သူကိုင်ကြည့်ရမှယုံတာမျိုးပါ။ သိပ်အန္တရာယ်မရှိတဲ့အရာတွေဆိုရင် သူကိုယ်တိုင်လေ့လာချင်ရင် လေ့လာပါစေ။ အဲဒါက ပါးစပ်ကပြောပြီး သင်နေတာထက် ပိုထိရောက်ပါတယ်။ သူတို့က ဒါမျိုးတွေမကြာခဏစမ်းသပ်လေ့လာချင်မယ်ဆိုတာကိုလဲ စိတ်ကပြင်ဆင်ထားပါ။ အဲဒါဆိုရင် ကိုယ်လဲအရမ်းစိတ်ဆိုးစရာမလိုဘူးပေါ့။

၂ - ဒီကလေးတွေဟာ သူတို့ကပိုင်နိုင်တယ်၊ သူတို့ကဆုံးဖြတ်ရတယ်ဆိုတာကိုအရမ်းကြိုက်ပါတယ်။

သူ့ကိစ္စတော်တော်များများမှာ သူ့ကိုအပြည့်အဝတာဝန်ပေးပါ။ "သွားတိုက်လေ၊ သွားတိုက်တော့လေ" နဲ့ ခဏခဏပြောနေမယ့်အစား ... "ညမအိပ်ခင် တို့တွေဘာလုပ်ကြလဲ? အားလုံးသွားတိုက်ကြတယ်။ ရှူးရှူးပေါက်တယ်။ ပြီးမှအိပ်ယာဝင်ကြတယ်။ အခုအိပ်ယာမဝင်ခင် ဘာလုပ်ဖို့ကျန်သေးလဲ? လုပ်စရာကျန်သေးလား? မနေ့ကသွားတိုက်ပြီးတော့ ဘေစင်တွေသေချာပြန်ဆေးပေးခဲ့တာလဲ မေမေက အရမ်းသဘောကျတာပဲ။" ... အဲဒီလိုပြောတဲ့အခါမှာ ကလေးတွေက ဆန့်ကျင်ချင်စိတ်နည်းသွားပါတယ်။ သူတို့က သူတို့ဘာသာသူတို့ရပ်တည်ဆုံးဖြတ်နိုင်တယ်လို့လဲ ခံစားကြတယ်။

၃ . သူတို့ကိုရွေးချယ်ခွင့်ပေးပါ။

ကိုယ်ကအမိန့်ပေးရင် သူကမနာခံချင်တတ်ပေမယ့် ကိုယ်ကသူ့ကိုရွေးချယ်စရာတခုခုပေးရင် သူကိုယ်တိုင်ရွေးချယ်လိုက်ရတယ်လို့ခံစားရလို့ သူ့အတွက်ပိုအဆင်ပြေပါတယ်။ ကိုယ်က သူ့ကိုရွေးချယ်ခွင့်ပေးတဲ့အခါမှာတော့ ကိုယ်လက်ခံနိုင်တဲ့ရွေးချယ်မှုတွေပဲဖြစ်ရပါမယ်။ သူ့ကိုအရမ်းရွေးချယ်ခွင့်ပေးပြီး ကိုယ့်မှာပါဝါမရှိတော့လောက်အောင်လဲ မဖြစ်စေရပါဘူး။ ဥပမာ သူ့ကိုခေါ်ပြီး အပြင်သွားရမှာကိုသူက မသွားချင်ဘူး။ ကစားချင်သေးတယ်ဆိုရင် ..

"အပြင်သွားရမယ်နော်။ အခု သွားချင်လား၊ ခဏနေ ၁၀ မိနစ်လောက်နေရင်သွားမလား? .. အိုကေ ၁၀ မိနစ်နော်။ ၁၀ မိနစ်ပြီးရင်တော့ အေးအေးဆေးဆေးသွားရမယ်။  အခုကစားနေတာက ၁၀ မိနစ်အတွင်းပြီးမှာလား? မပြီးဘူးဆိုရင် ပြီးအောင်လုပ်ဖို့ အမေဘာလုပ်ပေးရမလဲ? အခုဆောက်နေတဲ့အိမ်ကို ကူဆောက်ပေးရမလား?" စသဖြင့်ပေါ့။

သားမသွားချင်ရင် ဒီနေ့မသွားတော့ဘူးဆိုတာမျိုး လုပ်တာကတော့ မကောင်းပါဘူး။ Permissive Parenting ဖြစ်သွားပါပြီ။

၎ - သူ့ခန္ဓာကိုယ်ကို သူပိုင်တယ်ဆိုတာလက်ခံလိုက်ပါ။

"အခုအပြင်သွားရင် အနွေးထည်မဝတ်ချင်ဘူးပေါ့? အပြင်မှာအရမ်းအေးနေလို့ အမေကတော့ အနွေးထည်ဝတ်မှာ။ ဒါပေမယ့် သမီးမအေးဘူး၊ မဝတ်ချင်ဘူးဆိုတော့လဲ သမီးသဘောပဲလေ။ မဖျားရင်ပြီးတာပဲ။ ဒါပေမယ့် အပြင်ရောက်ရင်အေးမှာစိုးလို့ အိတ်ထဲထည့်ယူခဲ့လိုက်မယ်။ အနွေးထည်မပါလို့ အိမ်ပြန်ယူရတာတွေ စောစောပြန်ရတာတွေ မလုပ်ချင်ဘူးလေ။" ဆိုတဲ့သဘောမျိုးပြောဆိုကိုင်တွယ်ရပါမယ်။

သူကလဲ ဖျားတဲ့အထိ အအေးခံပြီးမနေပါဘူး။ ဒါပေမယ့် သူက သူ့အနွေးထည်တောင်းတဲ့အခါမှာ ကိုယ်က "တွေ့လား၊ ငါမပြောဘူးလား" ဆိုတဲ့အမူအရာရှိမယ်ဆိုရင် သူက အအေးခံ အဖျားခံပြီး မတောင်းပဲနေချင်နေပါလိမ့်မယ်။ အဲဒီတော့သူတောင်းလာခဲ့ရင် မသိမသာ အေးအေးဆေးဆေးပဲပေးလိုက်ပါ။ ကိုယ်က သူ့ကိုအနိုင်ရသလိုပုံစံမလုပ်ရင် သူအေးလာတဲ့အခါ အနွေးထည်တောင်းကိုတောင်းပါလိမ့်မယ်။ အဲဒီလိုအေးအေးဆေးဆေးနဲ့ပေးလိုက်ခြင်းအားဖြင့် "အပြောင်းအလဲတခုခုကိုလက်ခံဖို့ရှက်စရာမလိုဘူး" ဆိုတာ သင်ပေးရာလဲကျပါတယ်။

၅ - စည်းကမ်းတွေသတ်မှတ်ထားခြင်းဖြင့် မိဘနဲ့သားသမီးအားပြိုင်ခြင်းကို ရှောင်ပါ။

ဥပမာ,
ညအိပ်ခါနီးတိုင်း လူတိုင်းရှူးရှူးပေါက်ရမယ်။
တီဗွီမကြည့်ခင် အိမ်စာတွေအရင်ပြီးအောင်လုပ်ရမယ်။စသဖြင့် သတ်မှတ်ထားတာမျိုးပါ။

၆ - ကလေးက ကိုယ့်ကိုဆန့်ကျင်အောင် တွန်းအားမပေးမိပါစေနဲ့။

ဖိအားပေးတယ်ဆိုတာ အမြဲတမ်းပြန်ကန်ထွက်တတ်ပါတယ်။ ကိုယ်ကကလေးနဲ့ငြိလို့ ကိုယ်က နိုင်ချင်စိတ်ပေါက်လာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ အသက်ပြင်းပြင်းရှုပြီး ရပ်ပစ်ပါ။

ကိုယ်မှန်ကြောင်းသက်သေပြသင့်ရင် ပြရပါမယ်။ ဒါပေမယ့် ကိုယ်ယုံကြည်တဲ့အတိုင်းသူ့ကိုအတင်းလိုက်ယုံကြည်ခိုင်းစရာမလိုပါဘူး။ ကိုယ်မှန်နေတဲ့အတွက် ကိုယ်ပြောတဲ့အတိုင်းသူလုပ်ရမယ်။ ဒါပေမယ့်ဒီကိစ္စအပေါ်မှာ သူ့ကိုယ်ပိုင်အမြင်နဲ့ခံစားချက်တွေရှိခွင့်တော့ပေးရပါမယ်။

၇ - သူတို့ကိုနားထောင်ပေးပါ။

လူကြီးတွေဟာ "ငါကလူကြီးမို့ အကုန်သိတယ်" ဆိုတာမျိုး အမြဲတွေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ strong-willed ကလေးမှာက ရင်ထဲမှာ ခိုင်ခိုင်မာမာယုံကြည်တဲ့အရာရှိနေပြန်တယ်။ သူ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆွဲကိုင်ထားဖို့ သူ့ကိုယ်ပိုင်အမြင်တစ်ခုရှိနေတယ်။ သူ့အတွက် အဲဒါကအရေးကြီးတယ်။

သူ့ကိုအေးအေးဆေးဆေးနားထောင်ပေးခြင်းအားဖြင့်၊ သူပြောတာတွေကိုစဉ်းစားပေးခြင်းအားဖြင့် သူနဲ့ကိုယ်နဲ့ဘယ်နေရာမှာ သဘောမတူတာလဲဆိုတာ သိလာပါလိမ့်မယ်။ ကလေးကရေမချိုးချင်ဘူးဆိုရင် အရင်မဆူမငေါက်ပဲနဲ့ "ဪ မချိုးချင်ဘူးလား? ဘာဖြစ်လို့လဲ?" ဆိုတာမျိုးနဲ့ သိချင်သလိုစမေးရပါမယ်။

တချို့ကလေးတွေက ရေပိုက်ထဲကနေ အောက်ကိုကျသွားမှာစိုးလို့တို့ဘာတို့ တွေးတတ်တယ်။ ကိုယ့်အတွက်အဓိပ္ပါယ်မရှိပေမယ့် သူ့အတွက်တော့ အဓိပ္ပါယ်ရှိနေနိုင်တာမို့ ကိုယ်ကအဲဒါကိုဘယ်လိုဖြေရှင်းရမလဲ စဉ်းစားရမှာဖြစ်ပါတယ်။

၈ - သူ့နေရာကနေ ဝင်ကြည့်ပေးပါ။

ကိုယ်ကသူကစားတဲ့စူပါမန်းဝတ်ရုံကိုလျှော်ပေးမယ်လို့ပြောထားပြီး မေ့နေတယ်ဆိုပါတော့။ သူကစိတ်ဆိုးမယ်။ ကိုယ့်အတွက်တော့ သူကခေါင်းမာတယ်ဘာညာစသဖြင့် မြင်လိမ့်မယ်။ သူ့အမြင်ကကျတော့ အမေတို့သတ်မှတ်ပြောဆိုတဲ့အတိုင်း သူကလိုက်နာရပြီး၊ အမေတို့တည်ခိုင်းတဲ့ကတိတိုင်းကိုသူကတည်ရပေမယ့် အမေတို့ကတော့သူ့အပေါ်ကတိမတည်ဘူးလို့ခံစားရတယ်။ ဒါမျိုးကိုဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့ ကိုယ်ကတိမတည်တာအတွက် သူ့ကိုတောင်းပန်ရပါမယ်။ မိဘကတောင်းပန်တာရှက်စရာမဟုတ်ပါဘူး။ ပြီးရင် ကိုယ်က ကတိတည်ချင်ပါတယ်။ တည်ဖို့လဲကြိုးစားပါတယ်ဆိုတာ သူ့ကိုရှင်းပြရပါမယ်။ ပြီးရင် သူနဲ့အတူသွားလျှော်လိုက်ပါ။ သူ့ကိုအင်္ကျီဘယ်လိုလျှော်သလဲဆိုတာတောင် သင်ပေးသွားလို့ရပါသေးတယ်။

၉ . ကလေးတွေကို ဆုံးမတဲ့အခါ အေးအေးဆေးဆေးနဲ့ပြောဆိုဆုံးမပါ။

ကလေးတွေဟာ စိတ်ဆိုးနေတဲ့အချိန်မှာသင်ပေးတာတွေ မှတ်မထားပါဘူး။ လူကြီးတွေစိတ်တိုရင်လဲ အတူတူပါပဲ။ အဲဒါကြောင့် အဲဒီလိုအချိန်မှာ အော်ဟစ်ဆုံးမနေတာထက် အသက်ကိုပြင်းပြင်းရှု၊ စိတ်လျှော့ပြီး သူနဲ့အေးအေးဆေးဆေး ရင်းရင်းနှီးနှီးစကားပြောနိုင်အောင် လုပ်ရပါမယ်။ ဒီကလေးတွေက မိဘနဲ့ရင်းရင်းနှီးနှီးစကားပြောရတာကို ကြိုက်ပါတယ်။ သူနဲ့အမြဲအငြင်းပွား၊ ပြဿနာတက်၊ ပြစ်ဒဏ်ပေးနေရရင် ကိုယ်နဲ့သူရဲ့ရင်းနှီးမှုကိုဆုံးရှုံးရပါလိမ့်မယ်။ သူကဘာမှန်းမသိတဲ့ တခုခုကြောင့် စိတ်ဆိုးစိတ်ညစ်ဝမ်းနည်းနေရင် အဲဒီအကြောင်းကိုပြောပြနိုင်ဖို့ ကိုယ်ကမေးကြည့်ပါ။ သူပြောပြရင်းနဲ့ စိတ်ပြေလာပါလိမ့်မယ်။ သူပြောပြီးလို့ကိုယ်ပြောတဲ့အလှည့်ကျရင် "အိမ်မှာအချင်းချင်းစကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေးစကားပြောရမယ်" လို့ပြောပြရင် သူနားထောင်ပါလိမ့်မယ်။ ဒါပေမယ့်ကိုယ်ကတော့ လက်ဦးဆရာဖြစ်တဲ့အတွက် နေ့တိုင်းကိုယ့်အနေအထိုင်အပြောအဆိုကို ဆင်ခြင်ရပါမယ်။ ကလေးတွေဟာ ကိုယ်ပြောတဲ့အတိုင်းမလုပ်ရင်တောင်မှ ကိုယ်လုပ်တဲ့အတိုင်းလိုက်လုပ်ကြပါတယ်။

၁၀ - သူတို့ကို ကိုယ်ချင်းစာခြင်း၊ ထိုက်သင့်တဲ့အလေးထားဆက်ဆံခြင်းနဲ့ဆက်ဆံပါ။

Strong-willed ကလေးတော်တော်များများဟာ သူတို့ရသင့်တဲ့ အလေးထားဆက်ဆံမှုမရလို့ fight နေကြတာပါ။ ကိုယ်ကသူတို့ကိုပေးသင့်တဲ့ respect သာပေးထားရင် သူတို့က အတင်း fight စရာ မလိုတော့ဘူးပေါ့။ ကျွန်မတို့လူကြီးတွေလိုပဲ "သူတို့ရဲ့ခံစားချက်နားလည်ပါတယ်" ဆိုရင် ဒီကလေးတွေကကြိုက်ကြပါတယ်။ သူလုပ်ချင်တဲ့ကိစ္စတခုကို ကိုယ်ကသဘောမတူနိုင်ဘူး။ အဲဒါကြောင့်ခွင့်မပြုဘူး။ ဒါပေမယ့်အဲဒီအတွက်သူ့ခံစားချက်ကိုနားလည်ပါတယ်ဆိုတာမျိုးပေါ့။

ဥပမာ သူက မင်္ဂလာဆောင်ပွဲတခုကို စူပါမန်းဝတ်စုံဝတ်ပြီးတက်ချင်တယ်ဆိုပါတော့။ "သားက ဒီဝတ်စုံကိုကြိုက်တာသိပါတယ်။ ဒါပေမယ့် အခုသွားရမယ့်နေရာက ဒါနဲ့မသင့်တော်ဘူး။ အင်္ကျီကောင်းကောင်းလေးတွေဝတ်ပြီးတက်ရတဲ့ပွဲမို့လို့ ဒါမျိုးဝတ်လို့မရဘူး။ သူများကိုမလေးစားရာကျတယ်။ ဒါပေမယ့် ယူခဲ့ချင်ရင်ယူခဲ့လေ။ ပွဲပြီးရင် အပြန်လမ်းကျတော့ ဝတ်လာပေါ့။" စသဖြင့် ဖြေရှင်းရပါမယ်။

အခုပြောခဲ့တဲ့အချက်တွေက အလိုလိုက်တယ်လို့ ထင်သလား? မဟုတ်ပါဘူးနော်။ မိဘအနေနဲ့စည်းကမ်းတွေ သတ်မှတ်ထားရပါတယ်။ ဒါပေမယ့် ကလေးရဲ့ခံစားချက်တွေကိုထည့်တွက်ပြီး သူ့ဖက်ကလိုက်နာချင်စရာဖြစ်အောင် စည်းကမ်းတွေသတ်မှတ်တာမျိုးဖြစ်ပါတယ်။ ဒီ Strong-willed ကလေးတွေကို အမိန့်ပေးပြီးအုပ်ချုပ်တာမျိုးက ဘယ်တော့မှမအောင်မြင်ပါဘူး။

တကယ်တော့ ဒီ topic က အရမ်းကျယ်ပြန့်ပါတယ်။ ဒါက အခုလောလောဆယ် အကူအညီလိုအပ်နေမယ့်မိဘများအတွက် အကျဉ်းချုပ်ရေးပေးတာပါ။ ဒါတွေက စာအုပ်တအုပ်လောက်ကိုဖတ်သင့်ပါတယ်။ အဆင်ပြေရင်၊ အချိန်ရရင် (ကျွန်မဆန္ဒရှိရင်) နောက်ပိုင်းမှာ စာအုပ်ကောင်းကောင်းတစ်ခုကို ဘာသာပြန်ပေးပ့ါမယ်။


Reference: http://www.ahaparenting.com

No comments: