Sunday, May 6, 2018

International School ထားမယ်ဆိုရင်



ကိုယ့်သား၊ သမီးကို International School ထားလိုက်ပြီဆိုတာနဲ့ ရွေးချယ်လိုက်တဲ့ ပညာရေးလမ်းကြောင်း၊ ကျောင်းရဲ့ အကောင်း၊ အဆိုးတွေဟာ ကိုယ့်သား၊ သမီးပဲ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အတွေ့အကြုံရှိတဲ့ ဆရာတွေ၊ မိဘတွေပြောပြတဲ့ အကြံပြုချက်တွေကို စာဖတ်သူတွေ တစ်စုံတစ်ရာအကျိုးရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

International School ထားမယ်ဆိုရင် IGCSE (The International General Certificate of Secondary Education) လမ်းကြောင်းကိုသွားမလား သို့မဟုတ် SAT(Scholastic Assessment Test) လမ်းကြောင်းသွားမလား ပထမ စဉ်းစားသင့်ပါတယ်။ IGCSE ကို လွယ်လွယ်ပြောရင် ဗြိတိန်ပညာရေးလမ်းကြောင်းလို့ ပြောလို့ရမှာဖြစ်ပြီး SAT ကတော့ အမေရိကန်ပညာရေးလမ်းကြောင်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ IGCSE လမ်းကြောင်းကို သွားတဲ့ကျောင်းများပါတယ်။ SAT လမ်းကြောင်းကို သွားတဲ့ကျောင်းနည်းပါတယ်။ ၃၊ ၄ ကျောင်းလောက်ပဲရှိပါတယ်။ ကျောင်းနည်းပေမယ့် ဆရာတချို့က SAT အမေရိကန်ပညာရေးလမ်းကြောင်းကိုရွေးဖို့ ထောက်ခံချက်ပေးကြပါတယ်။

SAT လမ်းကြောင်းက ကျောင်းသားအတွက် အစပိုင်းမှာ စိန်ခေါ်မှုများပေမယ့် ကလေးရဲ့ စဉ်းစားတွေးခေါ်မှုအပိုင်း ပိုလွတ်လပ်စေပြီး စူးစမ်းလိုစိတ်ပိုလေ့ကျင့်ပေးနိုင်လို့ International School သင်တဲ့ ဆရာတချို့က ထောက်ခံချက်ပေးကြတာပါ။ ဒါပေမဲ့ တစ်ဖက်မှာ လူငယ်တွေရဲ့ ယဉ်ကျေးမှုပုံစံအပြောင်းအလဲကိုလည်း မေ့မထားဖို့ အသိပေးပါတယ်။

IGCSE လမ်းကြောင်းမှာလည်း Cambridge IGCSE နဲ့ Edexcel IGCSE ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ရန်ကုန်မှာတော့ Cambridge IGCSE သင်ရိုးနဲ့ သင်တဲ့ကျောင်းပိုများပြီး Edexcel IGCSE သင်ရိုးနဲ့သင်တဲ့ကျောင်း အနည်းငယ်သာရှိပါတယ်။

Cambridge IGCSE က သင်ရိုးကို ၂ နှစ် တစ်ခါ နီးပါး အသစ်အသစ်ပြောင်းလဲတာ၊ အဆင့်မြှင့်တာတွေကြောင့် မိဘတွေ ပိုကြိုက်တယ်လို့ ဆရာတချို့က ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာထိပ်သီးတက္ကသိုလ်တွေကလည်း Cambridge IGCSE နဲ့အောင်လာတဲ့ ကျောင်းသားကို ပိုကြိုက်တယ်လို့လည်းဆိုကြပါတယ်။

IGCSE က Primary Level မှာ ၆နှစ်၊ Lower Secondary Level မှာ ၂ နှစ်၊ Upper Secondary သို့မဟုတ် IGCSE Preparation ၂ နှစ် စုစုပေါင်း ၁၀ နှစ်ကြာပါတယ်။ မြန်မာပြည်ပညာရေးစနစ်အရ ဆယ်တန်းတက်နေတဲ့ (အောင်ပြီးသား ကျောင်းသားမဟုတ်) ကျောင်းသားနဲ့ အဆင့်တူပါတယ် (အရည်အချင်းတော့ ကွာကောင်းကွာနိုင်ပါတယ်)။

IGCSE အောင်မြင်ပြီးမှ GCE A Level (The General Certificate of Education Advanced Level) ကို ဆက်သွားလို့ရပါတယ်။ GCE A Level ဖြေဖို့ ၂ နှစ်ကြာပါတယ်။ ဆိုတော့ IGCSE ကနေ GCE A Level ထိ စုစုပေါင်း ၁၂ နှစ် ကြာပါတယ်။

GCE A Level အောင်မြင်ပြီးတဲ့သူဟာ မြန်မာအစိုးရ ဦးတည်လုပ်ဆောင်နေတဲ့ KG+12 (၁၂ တန်း ပညာရေးစနစ်အောင်မြင်) နဲ့ အဆင့်တူပါတယ်။ မြန်မာပြည်မှာတော့ ၁၂ တန်းပညာရေးစနစ်ကို စပြီးအကောင်အထည်ဖော်နေတုန်းရှိပါသေးတယ်။ လာမယ့် ၅ နှစ် အတွင်း (၂၀၂၃ ခုနှစ်မှာ) အပြီးအကောင်အထည်ဖော်မယ်လို့တော့ ပညာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

မြန်မာကျောင်းသားတွေဟာ ၁၀ တန်းအထိပဲ သင်ရတာရယ်၊ အရည်အချင်းကွာတာရယ်ကြောင့် ဆယ်တန်းပြီးတာနဲ့ နိုင်ငံတကာတက္ကသိုလ်တွေကို တန်းပြီးတက်ခွင့် အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ မြန်မာကျောင်းသားတွေအနေနဲ့ ဆယ်တန်းအောင်ပြီးတာနဲ့ IGCSE ကိုဝင်ရောက်ဖြေဆိုပြီး နိုင်ငံတကာပညာရေးလမ်းကြောင်းကို သွားလို့ရပါတယ်။

GCE A Level မှာ ရမှတ်တွေကောင်းမွန်တဲ့ ကျောင်းသားတွေအတွက်ကတော့ အဆင့်မြင့်ပညာ၊ တက္ကသိုလ်ပညာသင်စရိတ် သက်သက်သာသာနဲ့ သင်ယူနိုင်မယ့်အခွင့်အလမ်း ပိုများပါတယ်။ ရမှတ်ကောင်းတဲ့ကျောင်းသားတွေကို နိုင်ငံတကာတက္ကသိုလ် အသီးသီးကလည်း ကျောင်းလခကုန်ကျစရိတ် ရာခိုင်နှုန်းအလိုက် ပညာသင်ဆုပေးကြတာတွေ ရှိပါတယ်။

အမေရိကန်ပညာရေးလမ်းကြောင်း SAT ကတော့ IGCSE လို Primary Level, Secondary Level  မခွဲထားဘဲ Year 1 to Year 10 ဆိုပြီး သတ်မှတ်ပါတယ်။ ၁၀ နှစ်တက်ရောက်ပြီးရင် SAT ဖြေလို့ရပါတယ်။ SAT အောင်ပြီးလျှင် AP (Advanced Placement) ကို ဆက်သွားလို့ရပါမယ်။ International School သင်တဲ့ ဆရာတွေရဲ့အဆိုအရတော့ AP အဆင့်ဟာ မြင့်လွန်းတယ်လို့ သိရပါတယ်။ AP အောင်ပြီးထိ စုစုပေါင်း ၁၂ နှစ်ကြာပါမယ်။ AP ဟာ GCE A Level နဲ့ အဆင့်တူပါတယ်။

ရန်ကုန်မြို့ အနေအထားအရ  International School ထားမယ်ဆိုရင် တစ်နှစ်စာ အနည်းဆုံး ကျပ်သိန်း ၁၀၀ လောက် ကုန်နိုင်ပါတယ်။ သိန်း ၂၀၀ ကျော်၊ ၃၀၀ နီးပါးကျသင့်တဲ့ကျောင်းတွေလည်းရှိပါတယ်။ ဒီကုန်ကျစရိတ်ဟာ ကျောင်းစရိတ်သပ်သပ်ပဲ ရှိပါသေးတယ်။ တခြားသော စာမေးပွဲကြေး၊ ကျူရှင်ကြေး၊ ဝန်ဆောင်မှုအလိုက် ထပ်ဆောင်းကုန်ကျစရိတ်တွေ မပါသေးပါဘူး။

IGCSE လမ်းကြောင်းကိုပဲရွေးရွေး၊ SAT လမ်းကြောင်းကိုပဲရွေးရွေး ကုန်ကျစရိတ်က အများကြီးမကွာလှဘူးဆို ဆရာ၊ မိဘတချို့က ဆိုပါတယ်။

ပညာရေးစနစ်တွေ၊ ကုန်ကျစရိတ်တွေအကြောင်း အတန်အသင့်ပြောပြီးတဲ့နောက်မှာတော့ ဝန်ဆောင်မှုပေးတဲ့အပိုင်းကို သွားချင်ပါတယ်။ ဘယ်နေရာမှာမဆို လုံခြုံမှုမရှိတဲ့နေရာဟာ ဘယ်အရာမှ မလုပ်ဆောင်နိုင်ပါဘူး။ ဒါ့အပြင် ပညာသင်ကြားရေးမှာ ကလေးက ကြောက်စိတ်ရှိနေတယ်ဆိုရင်လည်း ပညာဟာ ရသင့်သလောက် မရနိုင်ပါဘူး။

ဒါကြောင့် International School ရွေးချယ်ပြီဆိုရင် ကိုယ့်ရဲ့သား၊ သမီး ပျော်ရွှင်တဲ့ အသိုက်အဝန်းဖြစ်နိုင်ရဲ့လား သေသေချာချာ ဆန်းစစ်ဖို့လိုပါတယ်။ International School တွေကတော့ ကျောင်းသားသည်သာ ပထမဦးစားပေး Student First သဘောထားကြပါတယ်။ ဒါပေမဲ့ ကျောင်းသားအချင်းချင်းအနိုင်ကျင့်တာမျိုး ရှိနိုင်သလားဆိုတာ စဉ်းစားသင့်ပါတယ်။

ကျောင်းထားပြီးမှ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခံရတာမျိုးရှိလာပြီဆိုရင် ကိုယ့်သား၊ သမီးက စိတ်ညစ်လာမယ်၊ မပျော်ရွှင်တော့ဘူးဆိုရင် မလိုအပ်ဘဲစကားတွေပိုပြောလာရတာ၊ အဆင်မပြေတော့ရင် ကျောင်းပြောင်းပစ်ဖို့ထိ လုပ်ရပါမယ်။ ကုန်ကျစရိတ်ပိုလာပါမယ်။ အဆုံးစွန်ပြောရရင် ကလေးရဲ့စိတ်မှာ ကြောက်စိတ်ဝင်သွားတာ၊ လူတောတိုးဖို့ မဝံ့ရဲတော့တာဟာ အဆိုးဆုံးပါပဲ။

မိဘတွေအနေနဲ့ International School ရွေးချယ်တဲ့အခါ ပညာရေးစနစ်၊ ကုန်ကျစရိတ်၊ အခြားသော ဝန်ဆောင်မှုစတဲ့ ကျောင်းနဲ့ပက်သတ်တဲ့သတင်းအချက်တွေကို အသေးစိတ်လေ့လာနိုင်ဖို့ ရွေးချယ်မယ့်ကျောင်းရဲ့ Website ကိုလည်း ဝင်လေ့လာဖို့ အကြံပြုချင်ပါတယ်။

ဒါ့အပြင် အဲဒီကျောင်းမှာထားတဲ့ ကျောင်းသားမိဘ အသိမိတ်ဆွေတွေ၊ မိတ်ဆွေဆရာတွေကိုလည်း မေးမြန်းစုံစမ်းသင့်ပါတယ်။ အဲဒီနောက်တော့ ကျောင်းကို ကိုယ်တိုင်သွားရောက်ပြီး ကျောင်းပတ်ဝန်းကျင်ကို လေ့လာတာ၊ စာသင်ခန်းအနေအထားတွေ လေ့လာတာ၊ ကျောင်းတာဝန်ရှိသူတွေနဲ့ အကျိုးအကြောင်း စကားပြောကြည့်တာ၊ ဆွေးနွေးကြည့်တာတွေ လုပ်နိုင်ပါပြီ။

နောက်ဆုံးအနေနဲ့ ပြောပြချင်တာက Cambridge IGCSE အကြောင်းကို www.cambridgeinternational.org မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Edexcel IGCSE အကြောင်းကို https://qualifications.pearson.com/en/home.html မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ SAT အကြောင်းကိုတော့ https://www.collegeboard.org/ မှာ ဝင်လေ့လာနိုင်ပါမယ်။
VIAHTUN MYAT THU

Credit: The Voice Myanmar Weekly Journal 

No comments: