Tuesday, May 8, 2018

"ဒူးရင်းသီးနှင့် ကျန်းမာရေး"



.....................................................................

✔️ ပထမဆုံးအနေနဲ့ ဒူးရင်းသီးပင်ရဲ့မူရင်းဒေသ (Native) ကတော့ ဆရာတို့မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ (Southeast Asia) ဖြစ်ပါတယ်..မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အဓိကပေါက်ရောက်ပါတယ်.. အဲ့ဒီကနေတစ်ဆင့် အခြားအရှေ့တောင်အာရှနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိပါတယ်.. အနောက်နိုင်ငံတွေကိုတော့ လွန်ခဲ့တဲ့ နှစ် ၆၀ဝ လောက်ကတည်းက စတင်ပျံ့နှံ့ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ သမိုင်းအထောက်အထားတွေအရ သိရှိရပါတယ်..မြန်မာနိုင်ငံမှာဆိုရင်လည်း မလေးရှားဘက်ကနေ တစ်ဆင့်ဝင်တာဆိုတော့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတွေမှာ အများဆုံးစိုက်ပျိုးဖြစ်ထွန်းပါတယ်..

✔️ ''ဒူးရင်း'' ဆိုတဲ့ ဝေါဟာရဟာ မြန်မာဝေါဟာရတော့မဟုတ်ပါဘူး.. မလေးရှားဝေါဟာရကို အသံထွက်ယူပြီး မွေးစားလိုက်တာဖြစ်ပါတယ်.. ''Durian'' ဆိုတဲ့ အသံထွက်ဟာ မလေးရှားလို ''Spike'' လို့ အဓိပ္ပာယ်ရပါတယ်..ဆူးချွန်တွေအများကြီးပါတဲ့အသီးလို့ အဓိပ္ပာယ်ရပါတယ်.. ဒါကို မြန်မာမှုပြုပြီးဒူးရင်းသီးလို့ခေါ်လိုက်တာဖြစ်ပါတယ်..

✔️ သစ်သီးတွေအားလုံးထဲမှာတော့ ဒူးရင်းသီးရဲ့အနံ့ဟာ အပြင်းဆုံးဖြစ်ပါတယ်.. ဒါကြောင့် ''the world's smelliest fruit'' လို့တောင် ခေါ်ဆိုကြပါတယ်.. ဒီလိုမျိုးပြင်းထန်တဲ့အနံ့ကိုပေးတဲ့ ဓာတ်ပစ္စည်းကိုရှာဖွေရာမှာ တစ်မျိုးတည်းမဟုတ်ကြောင်း တွေ့ရပါတယ်..အနံ့ရှိတဲ့ဓာတုပစ္စည်းမျိုးစုံ ပေါင်းစပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်..အထူးသဖြင့် ဆာလ်ဖာပါဝင်တဲ့ဓာတ်ပစ္စည်း တွေကြောင့်ဖြစ်ကြောင်း သိရပါတယ်.. Polysulfides တွေ ဖြစ်ပါတယ်.. အဓိကပါဝင်တဲ့ဓာတ်ပစ္စည်းတွေကတော့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် (H2S)၊ အီသိုင်းဟိုက်ဒရိုဆာလ်ဖိုဒ် နဲ့ ဒိုင်အီသိုင်း ဟိုက်ဒရိုဆာလ်ဖိုဒ်တို့ဖြစ်ပါတယ်.. ဒီလိုမျိုးဓာတ်ပစ္စည်းတွေ ပေါင်းစပ်ထွက်ပေါ်လာတဲ့အနံ့ဟာပြင်းလွန်းလို့ တချို့နိုင်ငံတွေမှာ ဒူးရင်းသီးကိုယူဆောင်တာ ဥပဒေနဲ့ကိုတားမြစ်ထားတာရှိပါတယ်.. ဥပမာ စင်္ကာပူမှာဆိုရင် လူအများစီးနင်းတဲ့ ဘတ်စ်ကားတွေ၊ မီးရထား (MRT) တွေပေါ်မှာ ဒူးရင်းသီးသယ်ယူခွင့်မပြုပါဘူး.. တွေ့ရင်စင်္ကာပူဒေါ်လာ ၅၀ဝ ဒဏ်တပ်ခံရမယ်ဆိုပြီး တရားဝင်ကြော်ငြာ ကပ်ထားတာတွေ့ရပါတယ်..အလားတူပါပဲ အချို့နိုင်ငံတွေရဲ့စားသောက်ဆိုင်တွေ၊ ဟိုတယ်ကြီးတွေမှာဆိုရင် ဒူးရင်းသီးကိုယူဆောင်ခွင့်မပြုတာ တွေ့ရှိရပါတယ်..

✔️ ဒူးရင်းသီးစားရင်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

(၁) ဆာလောင်မှုကိုပြေပျောက်စေပြီး အားအင်တိုးစေပါတယ်.. (Provide energy)

(၂) စိတ်ဖိစီးမှုကိုသက်သာစေပြီး ညအိပ်ပျော်စေပါတယ်.. (Alleviate stress and help sleep)

(၃) ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အကူပြုပါတယ်.. (Enhance body immunity)

(၄) သွေးပေါင်ချိန်ကိုမှန်ကန်စေပြီး သွေးတိုးရောဂါသည်များ သွေးပေါင်ကျဖို့ အထောက်အကူပြုပါတယ်.. (Maintain blood pressure)

(၅) အရေပြားချောမောလှပစေပါတယ်.. (Protect skin aging)

✔️ ဗိုက်ဆာနေတဲ့အချိန်မှာ ဒူးရင်းသီးကိုစားရင် ဆာလောင်မှုကိုပြေပျောက်စေပြီး ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာစားရင် အားအင်တွေပြန်လည်ရရှိခြင်းဟာ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့်ဖြစ်ပါတယ်..ခုနကပြောခဲ့တဲ့အတိုင်း ဒူးရင်းသီး 100 g စားရင် ရေဓာတ်က 64 g (64 ml) ပါတဲ့အတွက် ရေငတ်ပြေစေပါတယ်..ကယ်လိုရီအနေနဲ့ 147 Kcal ရလို့ အားအင်တွေပြည့်ဖြိုးလာတာဖြစ်ပါတယ်..အဓိကအနေနဲ့ ကာဘိုဟိုက်ဒြိတ်တွေ (27.09 g) နဲ့ အဆီဓာတ်တွေ (5.33 g) ကြောင့် ဖြစ်ပါတယ်..ကာဘိုဟိုက်ဒြိတ်တွေထဲမှာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာ (3.8 g) ပါဝင်နေလို့နောက်ထပ်တော်တော်နဲ့ မဆာတော့ပါဘူး.. တစ်နည်းအားဖြင့် အဆာခံနိုင်တယ်လို့ ပြောနိုင်ပါတယ်..

✔️ ဒူးရင်းသီးထဲမှာ ထရစ်တိုဖန် (Tryptophan) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်ပါတယ်..အဲ့ဒီထရစ်တိုဖန်ဟာ စိုးရိမ်သောကတွေ၊ စိတ်ပူပင်မှုတွေကို လျော့နည်းစေတဲ့သတ္တိရှိပါတယ်.. ဒါ့အပြင် စိတ်ကျရောဂါကိုသက်သာစေတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်..ဒါ့အပြင်ခန္ဓာကိုယ်တွင်းမှာ စိတ်နဲ့ပတ်သက်လို့ရော ညဘက်အိပ်ပျော်ဖို့ပါ အရေးပါတဲ့ ဟိုမုန်းနှစ်မျိုးဖြစ်တဲ့ ဆီရိုတိုနင် (Serotonin) နဲ့ မယ်လတိုနင် (Melatonin) ဟိုမုန်းနှစ်မျိုးတည်ဆောက်ပြောင်းလဲဖို့ဖြစ်စဉ် (Metabolism) တွေမှာ အဓိကလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဖြစ်ပါတယ်..ဒါကြောင့် ဒူးရင်းစားတဲ့နေ့ဆိုရင် စိတ်တည်ငြိမ်မှုကိုပိုရစေပြီး ညအိပ်လို့ပိုကောင်းစေပါတယ်..

✔️ ခုခံအားစနစ်ကောင်းဖို့ဆိုရင် အာဟာရဓာတ်ပြည့်ဝဖို့ အဓိကလိုအပ်ပါတယ်.. ဒူးရင်းသီးမှ မဟုတ်ပါဘူး..သဘာဝသစ်သီးအများစုဟာ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်ဖို့ သူ့နည်းသူ့ဟန်အထောက်အကူပြုကြတာချည်းဖြစ်ပါတယ်.. ဒူးရင်းသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ် အထူးသဖြင့် ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်နဲ့ သတ္တုဓာတ်တွေ အားလုံးဟာ ဟန်ချက်ညီညီပါဝင်နေတဲ့အတွက် ဒူးရင်းသီးဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အကူပြုတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..

✔️ ဒူးရင်းသီးဟာ သွေးပေါင်ချိန်မှန်ကန်စေပြီး သွေးတိုးရောဂါသည်တွေစားရင် သွေးပေါင်ကျဖို့ အထောက်အကူပြုတယ်ဆိုတာနဲ့ ပတ်သက်လို့ အဓိကအချက် (၃) ချက် ရှိပါတယ်..

(က) ပထမအချက်အနေနဲ့ ဒူးရင်းသီးမှာ ပိုတက်စီယမ်ပါဝင်မှုများပြီး (436 mg/100 g) ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ (2 mg/ 100 g) အစားအစာတစ်ခုဖြစ်လို့ပါ.. သွေးတိုးရောဂါဆိုတာ ဆိုဒီယမ်တွေ ခန္ဓာကိုယ်ထဲမှာများနေလေ့ရှိပါတယ်.. ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်ပါဝင်တဲ့ အစားအစာတွေစားရင် ဆိုဒီယမ်တွေကို ဆီးထဲကနေတစ်ဆင့် တွန်းထုတ်နိုင်တဲ့သတ္တိရှိပါတယ်..ဆိုဒီယမ်နဲ့အတူ ရေတွေပါထွက်သွားလို့ ဆီးပိုမိုသွားစေပြီး သွေးပေါင်ချိန်ကျစေတာဖြစ်ပါတယ်..

(ခ) ဒုတိယအချက်အနေနဲ့ သူ့မှာပါဝင်တဲ့ သဘာဝအော်ဂဲနစ်ကယ်လ်စီယမ် (6 mg/ 100 g) ကြောင့်သွေးကြောနံရံတွေကျုံ့တာ၊ သွေးကြောကျဉ်းတာတွေကနေ သက်သာစေလို့ဖြစ်ပါတယ်..

(ဂ) တတိယအချက်အနေနဲ့ ဒူးရင်းသီးဟာ စိတ်ပူပင်သောကတွေ (Stress) ကို လျော့နည်းစေပြီး ညဘက်မှာနှစ်ခြိုက်စွာ အိပ်စေတဲ့ အာနိသင်ကြောင့်ဖြစ်ပါတယ်..စိတ်ပူပင်သောကတွေဟာ နှလုံးခုန်မြန်စေပြီး သွေးကြောတွေကျဉ်းစေတဲ့အတွက် သွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းထဲမှာ အဓိကအရေးပါတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်..ဒါ့အပြင် ညဘက်အိပ်ရေးပျက်ရင် မနက်ပိုင်းမှာသွေးပေါင်ချိန်တက်တတ်ပါတယ်.. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင် နောက်နေ့မနက်မှာ သွေးပေါင်ချိန်ပုံမှန်ဖြစ်စေပါတယ်..

✔️ အရေပြားချောမောလှပဖို့အတွက် ဗီတာမင် အေ လိုအပ်ပါတယ်.. ဗီတာမင် အေဟာ အဝါရောင်ရှိတဲ့သစ်သီးတွေမှာ ကယ်ရိုတင်းအနေနဲ့ ပါဝင်ပါတယ်..အဲ့ဒီကယ်ရိုတင်းတွေကိုစားလိုက်ရင် အသည်းမှာရှိတဲ့ အင်ဇိုင်းတွေက ဗီတာမင် အေ အဖြစ်ကို ပြောင်းလဲပေးပါတယ်.. ပိုတဲ့ကယ်ရိုတင်းတွေကို အရေပြားအောက်မှာရှိတဲ့အဆီထဲမှာ သိုလှောင်ထားပါတယ်.. ဒူးရင်းသီးမှာပါဝင်တဲ့ အဝါရောင်တွေဟာကယ်ရိုတင်းတွေဖြစ်ပါတယ်.. အဲ့ဒီကယ်ရိုတင်းတွေဟာ အရေပြားချောမောလှပအောင်၊ ကြာဆူးတွေ မထွက်အောင်ပြုလုပ်ပေးပြီး ပိုနေတဲ့ကယ်ရိုတင်းတွေက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကြောင့် အရေပြားမပျက်စီးအောင် ကာကွယ်ပေးပါတယ်..ဒါကြောင့် အရေပြားအိုမင်း ရင့်ရော်ခြင်း (Skin aging) ကို သက်သာစေခြင်းဖြစ်ပါတယ်..

✔️ ဒူးရင်းသီးဟာ လူအများစုစားနိုင်ပေမယ့် တချို့ သူတွေမှာ အခြေအနေနဲ့အချိန်အခါအရ ရှောင်ကြဉ်သင့်တဲ့ အခြေအနေလေးတွေကိုလည်း ပြောပြချင်ပါတယ်..
(က) ဆီးချိုသွေးချိုဝေဒနာရှင်တွေ
(ခ) ကျောက်ကပ်အားနည်းသူတွေ
(ဂ) ကိုယ်ဝန်ဆောင်မိခင်တွေ
(ဃ) အရက်သောက်လေ့သောက်ထ ရှိသူတွေကတော့ သတိထားပြီးစားရပါမယ်.. လိုအပ်ရင်ရှောင်ရပါမယ်..

✔️ ဆီးချိုသွေးချိုဝေဒနာသည်တွေဟာ သစ်သီးစားရင် အုပ်စု (၃) ခု ခွဲပြီးမှစားရပါတယ်..
(က) ပထမအုပ်စုကတော့ အချဉ်ဓာတ်များတဲ့ သစ်သီးတွေဖြစ်တဲ့ ရှောက်သီး၊ သံပရာသီး စတဲ့အသီးတွေကို လွတ်လပ်စွာစားနိုင်ပါတယ်..
(ခ) အချဉ်ဓာတ်နဲ့ အချိုဓာတ် မျှတစွာပါဝင်တဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီး၊ ကျွဲကောသီး စတဲ့ အသီးတွေကိုတော့ အတော်အသင့်စားနိုင်ပါတယ်..
(ဂ) အချိုဓာတ်များတဲ့အသီးတွေဖြစ်တဲ့ ဒူးရင်းသီး၊ ဩဇာသီး၊ သရက်သီးအမှည့်၊ ဖရဲသီးစတာတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်..
ဒါကြောင့် ဒူးရင်းသီးဟာ အချိုဓာတ် (ကာဘိုဟိုက်ဒြိတ်) များတဲ့အထဲမှာ ပါဝင်လို့ ဆီးချိုတက်နေတဲ့သူတွေ မစားရပါဘူး..သိပ္ပံနည်းကျပြောရရင် high glycemic index လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ်တက်စေသော ညွှန်းကိန်းမြင့်မားတဲ့အတွက် ဆီးချိုတက်စေပါတယ်.. ဆီးချိုကျနေရင်တော့ နည်းနည်းပါးပါး ချင့်ချိန်စားနိုင်ပါတယ်..

✔️ ဒူးရင်းသီးမှာ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်.. 100 g မှာ 436 mg တောင် ပါပါတယ်..ပိုတက်စီယမ်ဆိုတာ သွေးထဲမှာ လိုအပ်သလောက်သာရှိရပါမယ်..ပိုနေရင် ကျောက်ကပ်ကနေ ဆီးကနေတစ်ဆင့် အပြင်ကိုစွန့်ထုတ်ရပါတယ်..ကျောက်ကပ်အားနည်းနေတဲ့ သူတွေကျတော့ပိုတက်စီယမ်တွေကို အပြင်ကိုကောင်းကောင်းမစွန့်ထုတ်နိုင်လို့ သွေးထဲမှာ ပိုတက်စီယမ်တွေများလာပါတယ်..အဲ့ဒီအခါမှာ ပိုတက်စီယမ်ြွကယ်ဝတဲ့အစားအစာတွေ အထူးသဖြင့် သစ်သီးတွေရှောင်ဖို့ လိုအပ်လာပါတယ်..အဲ့ဒီထဲမှာ ဒူးရင်းသီးလည်းပါပါတယ်.. ကျောက်ကပ်ပြန်ကောင်းလာရင်တော့ (ပိုတက်စီယမ်ကျလာရင်တော့) နည်းနည်းချင်းပြန်စားနိုင်ပါတယ်..

✔️ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဒူးရင်းသီးမစားရဘူးလို့ မဆိုလိုပါဘူး.. သတိထားပြီး အနည်းငယ်သာစားဖို့ ဆိုလိုတာဖြစ်ပါတယ်.. ဘာဖြစ်လို့လည်းဆိုတော့ ဒူးရင်းသီးဟာအပူစာလို့ မြန်မာတွေသိထားသလို ကယ်လိုရီစွမ်းအင်များစွာပေးတဲ့ (Calorigenic) အစားအစာတစ်ခုဖြစ်ပါတယ်.. ခန္ဓာကိုယ်ကိုအပူတွေထွက်စေပါတယ်..ကိုယ်ဝန်ဆောင်ဆိုတာ နဂိုကတည်းက အပူတွေထွက်နေတဲ့သဘောရှိပါတယ်.. (Hypermetabolic) ဒါ့အပြင် ကိုယ်ဝန်ဆောင်မှာ ဆီးချိုသွေးချိုဖြစ်ဖို့ အလားအလာပိုများပါတယ်.. (Gestational diabetes) ဒါကြောင့် စားရင်နည်းနည်းပဲ စားစေချင်ပါတယ်.ချွေးပိုထွက်စေတာကလည်း နောက်တစ်ချက်ဖြစ်ပါတယ်..

✔️ အရက်ဆိုရာမှာ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ရမ် အားလုံးမှာ အယ်လ်ကိုဟော (Alcohol) ပါဝင်ပါတယ်..အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ အူနဲ့အစာလမ်းကြောင်းကနေစုပ်ယူပြီး အသည်းကိုရောက်ပါတယ်..အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အတွက် အသည်းကနေ အင်ဇိုင်းတစ်မျိုးအသုံးပြုပြီး အဆိပ်အတောက်မရှိတဲ့ဓာတ်ပစ္စည်း အဖြစ် ပြောင်းပေးရပါတယ်..အဲ့ဒီအင်ဇိုင်းကို အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ် (Alcohol dehydrogenase) လို့ ခေါ်ပါတယ်.. ၂၀ဝ၉ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြချက်အရ ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ်အင်ဇိုင်းရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တားပိတ်ပင်တဲ့ အာနိသင်ရှိပါတယ်..ဒါကြောင့် ဒူးရင်းသီးစားပြီး အရက်သောက်လို့ပဲဖြစ်ဖြစ်၊ အရက်သောက်ပြီးမှ ဒူးရင်းသီးစားလို့ပဲဖြစ်ဖြစ် အရက်မှာပါဝင်တဲ့ အယ်လ်ကိုဟောတွေဟာ ဓာတ်ပြယ်ခြင်းမရှိဘဲ သွေးထဲမှာ အများကြီးဖြစ်လာပြီး သေဆုံးနိုင်ပါတယ်..ဒါ့ကြောင့် ဒူးရင်းသီးနဲ့ အရက်ဟာ တွဲမစားသင့်တဲ့အစားအစာဖြစ်ပါတယ်.. (Durian and alcohol can be a deadly mixture)

✔️ တကယ်လို့ အမှတ်တမဲ့နဲ့ ၂ မျိုးကို ၁၂ နာရီအတွင်းမှာစားခဲ့ရင် ခန္ဓာကိုယ်မှာ ပူလောင်မှုကို ခံစားရပါတယ်..အရက်ရော ဒူးရင်းသီးဟာ အပူစာတွေ (Heat generating foods) ဖြစ်လို့ပါ..ပြီးရင်ပါးစပ်ကအမြှုပ်တွေထွက်ပြီး သတိလစ်သလို ဖြစ်လာတတ်ပါတယ်..ပိုဆိုးတဲ့သူတွေမှာ သွေးစတွေပါ တံတွေးထဲမှာ ပါလာတတ်ပါတယ်..ဒါဆိုရင် ဆေးရုံကို အရေးပေါ်ပို့ဖို့လိုပါမယ်.. နဂိုကတည်းက ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ အဝလွန်ရောဂါရှိသူတွေမှာဖြစ်ရင် ပိုဆိုးလေ့ရှိတော့ အဲ့လိုလူမျိုးတွေက ပိုဂရုပြုရပါမယ်..

# MWD Health Talk Program

 ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

ဒူးရင်းသီး ကောင်းမကောင်း ဘယ်လိုရွေးမလဲ ?
+-+-+-+-+-+-+-+-+-+-+-+-+-+


ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။
(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။
(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။
(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

ဒူးရင်းသီးမှည့် မမှည့်ဆိုတာ  အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။
(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှဲ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။
(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာအတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။

Credit  :လွင်ပြင်

No comments: